ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ရေတံခွန်သုံးလွှာပေါ်က ပြုတ်ကျသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
သေဆုံးသူသည် အသက် ၃၁ နှစ်အရွယ် ကိုအောင်ထိုက်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဟတ်ယိုင်ဒေသရှိ စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်သည်။
ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဟတ်ယိုင်ဒေသရှိ တွန်းငါးချန်းရေတံခွန်သို့ မိသားစုနှင့်အတူ အလည်ထွက်လာသော ကိုအောင်ထိုက်မှာ ကျောက်တုံးများပေါ်က ဖြတ်လျှောက်စဉ် ရေတံခွန်သုံးလွှာအမြင့်ပေါ်က ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။
ရေတံခွန်သည် အလွန်မတ်စောင့်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက သုံးနာရီကျော်ကြာအောင် အလောင်းကို ကြိုးများတွဲ၍ ခက်ခက်ခဲခဲ ပြန်ဆယ်ခဲ့ရကြောင်း ဖော်ပြထားသည်။
ဆယ်ယူရရှိသော အလောင်းကို ရင်ခွဲစစ်ဆေးရန်အတွက် ဟတ်ယိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။
တွန်းငါးချန်းရေတံခွန်၏ သုံးလွှာသည် အလွန်မတ်စောက်သဖြင့် ယခင်ကလည်း ယင်းနေရာမှ ပြုတ်ကျသေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
Ref: Khaosod, Thai Post