ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့ ညနေက လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိလာပြီဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် အတည်ပြုထားသည်။
ဂျပန်နိုင်ငံအလယ်ပိုင်းရှိ နိုတိုကျွန်းဆွယ်နှင့် အနီးပတ်ဝန်းကျင်နေရာများကို အဓိကထိခိုက်စေသော အင်အားပြင်းငလျင်သည် နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
အီရှီကာဝါစီရင်စုရှိ ဝါဂျီမာကမ်းရိုးတန်းမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀ အကွာ အနက်ပေ ၁၆ ကီလိုမီတာက ဗလိုပြုလှုပ်ခပ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသက ထုတ်ပြန်ထားသည်။
ငလျင်ကြောင့် ပျက်စီးမှုများထဲတွင် အသက်ရှင်ကျန်ရစ်သူများကို ထောင်နှင့်ချီသော ကယ်ဆယ်ရေးအဖွဲ့များက ယနေ့အထိ အပူတပြင်းရှာဖွေနေကြဆဲဖြစ်ကြောင်း ဖော်ပြထားသည်။






ထိခိုက်မှုအများဆုံးဖြစ်သော အီရှီကာဝါစီရင်စုရှိ ဝါဂျီမာကမ်းရိုးတန်းမြို့တွင် အမြင့်ပေ ၁ ဒသမ ၂ မီတာရှိသော ဆူနာမီရေလှိုင်း ရိုက်ခတ်ခဲ့ပြီး အဆောက်အဦးများစွာ ပြိုလဲပျက်စီးခဲ့ကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူများထဲတွင် ဝီဂျီမားမြူနီစီပယ်ဆေးရုံက ၇ ဦးလည်း ပါဝင်ကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။
ဝေဟင်ဓာတ်ပုံများအရ ၇ ထပ်ရှိသော အဆောက်အအုံလည်း ပြိုကျပျက်စီးခဲ့ပြီး နံနက်ဈေးဟု လူသိများသော ဝါဂျီမားအလယ်ပိုင်းတွင်လည်း မီးလောင်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
နိုတိုကျွန်းဆွယ်၏ မြောက်ဘက်ပိုင်းနေရာများသို့ ယာဉ်များသွားရောက်ကူညီရန် ခက်ခဲနေပြီး ထောက်ပံ့ပစ္စည်းများကို ရေလမ်းကတဆင့် ပို့ပေးနေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောသည်။
ပြင်းအား ၇ အဆင့်ရှိ ငလျင်သည် လူအများ ရပ်တန့်နိုင်ခြင်းမရှိအောင် ပြင်းထန်ပြီး ၂၀၁၈ ခုနှစ် ဟွတ်ကိုင်ဒိုတွင် နောက်ဆုံးလှုပ်ခတခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: AP, NHK World, Kyodo News