BREAKING
November 22, 2024

အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

January 2, 2023

 Princes in The Darkness 1990s

အခန်း(၅)

 “မင်း..အနောက်မှာ ငါတို့ အရိပ်လို တကောက်‌ကောက်ရှိနေတယ်” ဆိုသည့် အဓိပ္ပါယ် ကို မစ္စတာလု၏ မျက်လုံးများထဲတွင် ဗေဒါ မြင်လိုက်ရသည်။

သူ့နောက်သို့ တကောက်ကောက်လိုက်နေသည့်လူနှစ်ယောက်ကလည်း ဗေဒါအား ပြုံးစစဖြင့် ကြည့်နေကြ၏။

ဗေဒါက သူသဘောပေါက်ကြောင်း မစ္စတာလုကို တချက်ခေါင်းညိတ်ပြပြီး ရွှေနဂါးစားသောက်ဆိုင်ထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။

ဗေဒါ မစ္စတာလုအပေါ် စိတ်မဆိုးပါ။

မကြာသေးခင် အချိန်ပိုင်းကမှ တွေ့ဆုံပြီး သူ့အား ယုံကြည်စွာဖြင့် နေစရာအခန်း၊ စီးစရာကား၊သုံးစရာငွေကအစပေးလိုက်သည့်ကိစ္စကို ဗေဒါ မအံဩတော့။

မစ္စတာလု၏ အရိပ်များစွာက သူ့နောက်မှာ ရှိနေကြသည်ပဲ။

ထိုညမှစပြီး‌ နောက်ရက်များအထိ မစ္စတာလုက ဗေဒါအား မဆက်သွယ်။ ဗေဒါကလည်း တိုက်ခန်းတွင်နေရင်း သွားလာစားသောက်ရင်းဖြင့်သာ အချိန်ဖြုန်းနေလိုက်၏။

တိုက်ခန်းတွင်နေထိုင်သည်မှာ နှစ်ပတ်ကျော်ကြာမြင့်ခဲ့သည့်နေ့။

ညနေစောင်းပြီးမို့ ဗေဒါက အပြင်ထွက်ကာ အရက်အနည်းငယ်သောက်ရန် ဂျာကင်အင်္ကျီကို ဝတ်လိုက်သည်။

ထိုအချိန်တွင် တိုက်ခန်းတံခါးမှ ဘဲလ်တီးသံပေါ်လာ၏။

ဗေဒါက တံခါးသွားဖွင့်လိုက်သည်။

ဆံပင်ထောင်ထောင်၊ အရပ်မြင့်မြင့်၊ အသားအရည်ဖြူဖတ်ဖြူလျော်နှင့် မျက်ပေါက်ကျဉ်းကျဉ်းလူတစ်ယောက်။

အသက်က ၄၀ ကျော်၊ ၅၀ ဟု ဗေဒါခန့်မှန်းမိသည်။

“မစ္စတာလုက သူ့အိမ်ကို လာဖို့ ခေါ်ခိုင်းလိုက်တယ်”

ထိုသူ၏ အသံက အေးတိအေးစက်။

ဗေဒါက စားပွဲပေါ်မှ ကားသော့ကို ကောက်ယူလိုက်၏။

“ငါ့ကို အဲ့ဒီကားသော့ပေး..မင်း ငါ့ကားနဲ့လိုက်ခဲ့ရမယ်”

ဗေဒါက ပုခုံးတွန့်ပြလိုက်ပြီး ကားသော့ကို ထိုသူလက်သို့ အပ်လိုက်သည်။

ထိုသူမောင်းသောကားဖြင့်ပင် မစ္စတာလု၏ အိမ်သို့ ဗေဒါရောက်သွား၏။

မစ္စတာလုအိမ်ဆိုသော်လည်း ပထမတစ်ကြိမ်သူရောက်ခဲ့သည့် ယောမင်းကြီးလမ်းမှ အိမ်မဟုတ်တော့။

ရွှေတောင်ကြားထဲမှ တိုက်ပုလေးတစ်လုံးဖြစ်နေသည်။

တိုက်ပုလေးထဲ ဝင်လိုက်သည်နှင့် တရုတ်အမွှေးတိုင်နံ့ သင်းပျံ့ပျံ့ကို ဗေဒါခံစားလိုက်ရ၏။

မစ္စတာလုက ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော တရုတ်မိုးနတ်မင်းရုပ်ကြီးရှေ့တွင် အမွှေးတိုင်ဖြင့် လက်အုပ်ချီကာ ပူဇော်နေသည်။

ဗေဒါနှင့် သူ့အားလာခေါ်သောသူတို့က တိတ်ဆိတ်စွာပင် မတ်တပ်ရပ်နေကြရ၏။

မစ္စတာလုက အမွှေးတိုင်ကို အိုးတွင် ထိုးစိုက်လိုက်ပြီးနောက် သူတို့ဘက်သို့ လှည့်လာသည်။

ဗေဒါကို တချက်ပြုံးပြလိုက်ပြီးနောက် ခုံတွင် ထိုင်ရန် ညွှန်ပြလိုက်၏။

ဗေဒါအား လာခေါ်သူမှာမှု မစ္စတာလုအား အရိုအသေပေးကာ ပြန်ထွက်သွားပြီဖြစ်သည်။

“မင်း..ဒီညပဲ မန္တလေးကို သွားရမယ်..ဖြစ်ရဲ့လား”

“ဟုတ်ကဲ့…ဖြစ်ပါတယ်”

“ဟုတ်ပြီ…ဒါဆို ဒီမှာခဏထိုင်ဉီး…မင်းအတွက်လိုအပ်တာတွေနဲ့..မင်းလုပ်ရမှာတွေကိုဂျာနူးကဆက်ပြောလိမ့်မယ်”

မစ္စတာလုက စီးကရက်တစ်လိပ်ကို ဘူးထဲမှ ထုတ်ကာ မီးညှိ့လျက် နဘေးရှိ အခန်းထဲသို့ ဝင်သွား၏။

မိနစ်ပိုင်းခန့်အကြာ ထိုအခန်းထဲမှပင် ဂျာနူး ထွက်လာသည်။

“စက်ရုပ်မ”

ဗေဒါက နှုတ်မှ ခပ်တိုးတိုးရေရွတ်ပြီး ပြုံးလိုက်၏။

“ကျွန်မနာမည် ဂျာနူးလို့ ဘယ်နှစ်ခါပြောရမလဲ”

ဂျာနူးက ဗေဒါရှေ့ခုံတွင် ဝင်ထိုင်ပြီး ခပ်တင်းတင်းပြောလိုက်သည်။

ထို့နောက် ဆယ်လူလာဖုန်းတစ်လုံး၊ ကားသော့တစ်ချောင်းနှင့် ငွေထုပ်တစ်ထုပ်ကို ဂျာနူးက စားပွဲပေါ်တင်လိုက်၏။

“ဒါက ဖုန်း..ရှင့်ဘက်က စခေါ်စရာမလိုဘူး…လိုအပ်ရင် ကျွန်မတို့ဆက်သွယ်မယ်…ဒီငွေက မန္တလေးမှာ ရှိနေချိန် ရှင်သုံးဖို့…ကားကတော့ ရှေ့မှာ အသင့်ရပ်ထားတဲ့ စူပါဆလွန်းအနက်ရောင်ပဲ”

ဗေဒါက တိုက်ရှေ့တွင် မြင်နေရသော စူပါဆလွန်းအနက်ရောင်ကားလေးကို လှမ်းကြည့်လိုက်သည်။

ထိုခေတ်ထိုအခါက ဆောက်လုပ်ရေးဝန်ကြီးဗိုလ်ချုပ်တစ်ဉီး နှင့် ပတ်သတ်သူ လေးငါးဉီးသာ စီးနင်းနိုင်သော စူပါဆလွန်းအနက်။

ထိုကားကို မောင်းရမည်ဆိုသဖြင့် ဗေဒါ နည်းနည်းပင် အူမြူးသွား၏။

“ကဲ.. ပြောပါဉီး..စက်ရုပ်ရဲ့..ကျုပ်က ဒီကားကြီး၊ ဒီဖုန်းကြီးတွေယူပြီး မန္တလေးမှာ ဘာလုပ်ရမယ်ဆိုတာ”

ဂျာနူး၏ မျက်နှာက တင်းခနဲဖြစ်သွားသည်။

သို့သော် ဗေဒါကို အဖက်လုပ်ပြောမနေတာ့ဘူးဆိုသည့်ပုံစံမျိုးဖြင့် ဂျာနူးက ခပ်တင်းတင်းပင် ပြန်ကြည့်လိုက်၏။

“မန္တလေးက ကျွန်မလိပ်စာပေးလိုက်တဲ့ ဟိုတယ်မှာ ရှင်တညသွားအိပ်ရမယ်..ဒီလောက်ပဲ”

ဂျာနူး၏ လေသံကြောင့် ဗေဒါက ထပ်..စနောက်ချင်လာပြန်သည်။

“ကျွန်တော်တစ်ယောက်တည်း အိပ်ရမှာလားဗျ”

“ဟုတ်တယ်..ရှင်တယောက်တည်းပဲ”

“ခင်ဗျားတို့ အလုပ်ကလည်း တမျိုးပဲဗျ… နေရာပေါင်းစုံ ပြောင်းအိပ်ခိုင်းနေတာပါလား.အင်း..ဟိုတယ်မှာ သရဲတွေဘာတွေခြောက်ရင်တော့..ကျွန်တော်က သရဲကြောက်တတ်တယ်..ဟို…အဖော်လေးဘာလေး..”

“စကားသိပ်များရင်..သေတတ်တယ်..သတိထား”

ဂျာနူးက ခံစားချက်မဲ့သောမျက်နှာသေဖြင့် ဗေဒါ့ကို စေ့စေ့ကြည့်ရင်း ပြောလိုက်သဖြင့် ဗေဒါမှာ ပြောလက်စ စကားပင် ဆွံအသွားသည်။

ဗေဒါက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ဂျာနူး က ထထွက်သွားပြီဖြစ်၏။

 “ဒီစက်ရုပ်မကတော့ကွာ”

………………………

ညနေစောင်းကတည်းက ရန်ကုန်ကထွက်လာပြီးသည့်နောက် နံနက်လင်းအားကြီးတွင် မန္တလေးရှိ ဟိုတယ်သို့ ဗေဒါရောက်ရှိသွား၏။

ဘိုကင်ယူပေးထားသော အခန်းတွင်းသို့ ဝင်ပြီး ဗေဒါ ပက်လက်လှဲလိုက်သည်နှင့် ဆယ်လူလာဖုန်းက ထမြည်လာသည်။

မစ္စတာလုထံမှဖြစ်မည်။

“ဟဲလို”

မဟုတ်။ မစ္စတာလုမဟုတ်။ စက်ရုပ်မအသံ။

“မနက် ခုနှစ်နာရီတိတိမှာ ဟိုတယ်ရီဆက်ရှင်မှာ ရှင့်နာမည်နဲ့ လူတစ်ယောက်လာတွေ့လိမ့်မယ်..သူ့ကို ရှင်မောင်းလာတဲ့ ကားသော့ပေးလိုက်ပါ….ပြီးတော့ သူပေးတာကို ပြန်ယူလာပါ..ဂွပ်”

ကြိုးဖုန်းဖြင့်ဆက်ခြင်းဖြစ်ပြီး အရှိန်ပြင်းပြင်းဖြင့် ဖုန်းကိုဆောင့်ချလိုက်သဖြင့် ဗေဒါ၏ နားများပင် အူသွားသည်။

“စက်ရုပ်မကတော့…ကွာ..နောက်တခါမှတွေ့မယ်”

ဗေဒါက ဆယ်လူလာဖုန်းကို ဘေးနားတွင် ချပြီး ကုတင်ပေါ်တွင် မှေးကနည်းအိပ်ပျော်သွား၏။

“ကလင်..ကလင်..ကလင်”

ဟိုတယ်အခန်းထဲမှ ဖုန်းမြည်သံကြောင့် ဗေဒါ အလန့်တကြားထကာ ကောက်ကိုင်လိုက်၏။

“ကိုဗေဒါ…အောက်မှာ ဧည့်သည်ရောက်နေပါတယ်”

ဗေဒါက လက်ပတ်နာရီကို ကြည့်လိုက်သည့်အခါ ခုနှစ်နာရီအတိ။

ကားသော့နှင့် ဆယ်လူလာဖုန်းကိုယူကာ အောက်ထပ်သို့ ဗေဒါ ကမန်းကတန်း ဆင်းလာခဲ့လိုက်သည်။

အောက်ထပ် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ရှမ်းတရုတ်ပုံစံဖြင့် လူတစ်ဉီးထိုင်နေ၏။

ဧည့်ကြိုကောင်တာမှ လူက ဗေဒါဆင်းလာသည်နှင့် ထိုသူ့ထံ ညွှန်ပြလိုက်သည်။

ဗေဒါက ထိုသူ၏ ရှေ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။

“ကိုဗေဒါလား”

“ဟုတ်ပါတယ်”

ဗေဒါက ဂျာနူးမှာထားသည့်အတိုင်း ထိုသူကို သူ၏ ကားသော့ပေးလိုက်သည်။

ထိုသူကလည်း ချက်ချင်းပင် နောက်ထပ် ကားသော့တစ်ချောင်းဗေဒါကို ပေးလိုက်၏။

“ဟိုတယ်ကားပါကင်မှာ ရပ်ထားတဲ့ နံပါတ် “………..” တောင်းအေ့စ်ကားပါ..ရန်ကုန်ကို ပြန်မောင်းယူသွားဖို့ပါ”

ရှမ်းတရုတ်က စကားအပိုမပြော။

သော့ကို ချပေးပြီးသည်နှင့် ပြန်ထွက်သွား၏။

ဗေဒါလည်း ထိုသူပေးသည့် ကားသော့ကို ယူကာ ဟိုတယ်ခန်းတွင်းသို့ ပြန်လာကာ တရေးပြန်အိပ်လိုက်သည်။

မည်မျှအိပ်ပျော်သွားသည်မသိ။

နံနက် (၁၁)နာရီခန့်တွင် ဆယ်လူလာဖုန်းဝင်လာမှ ဗေဒါနိုးတော့သည်။

“နေ့လည်စာစားဖို့ တစ်နာရီအချိန်ရမယ်…ပြီးတာနဲ့ ရှင့်ကိုပေးခဲ့တဲ့ တောင်းအေ့စ်ကားကို ရန်ကုန်ကို ချက်ချင်းမောင်းပြန်လာခဲ့ပါ….ကားစက်ချို့ယွင်းတာမျိုးကလွဲပြီး..ဘာကိစ္စဖြစ်ဖြစ်.လမ်းမှာ လုံးဝမရပ်ပါနဲ့…ဂွပ်”

ဗေဒါ နားကို ပွတ်ရပြန်ပြီ။

စက်ရုပ်မ လုပ်သွားပြန်ပြီ။

ဆယ်လူလာဖုန်းကို ပစ်ချပြီးနောက် ဗေဒါ သွားတိုက်၊မျက်နှာသစ်ရန် ရေချိုးခန်းအတွင်းသို့ ဝင်လိုက်၏။

သွားတိုက်နေရင်း..သူလုပ်နေရသည့်အလုပ်ကို သူပြန်စဉ်းစားမိသည်။

ရန်ကုန်ကနေ ကားတစ်စီးမောင်းလာခိုင်းသည်။ မန္တ‌လေးတွင် နာရီပိုင်းနေခိုင်းပြီး ကားချင်းလဲကာ ပြန်လာခိုင်းသည်။

ဒါ အရေးပါသည့်ပစ္စည်းနှစ်ခုကို အလဲအလှယ်လုပ်သည့်သဘောပဲ။

အဲ့ဒီကားတွေထဲမှာ ဘာပစ္စည်းတွေပါနေသလဲ။

ကြာကြာစဉ်းစားနေဖို့ ဗေဒါအတွက်အချိန်မရ။

 တစ်နာရီအတွင်း နေ့လည်စာစားပြီး ရန်ကုန်ကို ပြန်ထွက်လာမည်လို့ စက်ရုပ်မက အမိန့်ပေးထားသည်မဟုတ်လား။

………………………

မနေ့ညက ရန်ကုန်မှ ထွက်လာစဉ်က စူပါဆလွန်း။

ယခုမနက် မန္တလေးမှ ပြန်ထွက်လာတော့ တောင်းအေ့စ်။

ဗေဒါက ကားကို အမြန်မောင်းရင်း နောက်ကြည့်မှန်ကို အကဲခတ်လာသည်။

သူ့နောက်တွင် နောင်ယောင်ခံသည့် ကားပါမပါကို သတိထားနေခြင်းပင်။

စိတ်ထဲတွင်လည်း ဒီကားထဲတွင် ပါသည့်ပစ္စည်းများကို ဖွင့်ကြည့်ချင်စိတ်က ကလိကလိဖြင့်။

ဘာမှန်းမသိသော ပစ္စည်းများကို သယ်ယူပို့ဆောင်ခိုင်းခံနေရသည့် ကိုယ့်အဖြစ်ကိုယ်တွေးကာ ဗေဒါက ဒေါသထွက်လာသည်။

တကယ်ဆို အလုပ်လုပ်ကြသည့်အခါ တစ်ဉီးနှင့်တစ်ဉီးပွင့်ပွင့်လင်းလင်းရှိရမည်မဟုတ်လား။

ဒါမှမဟုတ်။ ယခုအခေါက်သည် သူ့အား မစ္စတာလုက စာမေးပွဲစစ်နေခြင်းလား။

ဗေဒါသည် ဒွိဟများကို စိတ်ထဲတွင် အလေးခံသယ်ယူတတ်သည့်လူမျိုးမဟုတ်။

ပဲခူးအကျော်ဆယ်မိုင်ကုန်းအရောက်တွင်တော့ သူ ဆုံးဖြတ်ချက်ကို လုံးလုံးချလိုက်၏။

လမ်းမကြီးပေါ်မောင်းနေရာမှ ရှေ့တွင်ရှိသော တောတန်းလေး၏ လမ်းမြောင်အတွင်းသို့ ကားကို ရုတ်တရတ်ကွေ့ချလိုက်တော့သည်။

လမ်းမြောင်လေးအတိုင်း ဆယ်မိနစ်ခန့်မောင်းနှင်ပြီးသောအခါ ကားကိုရပ်လိုက်၏။

ဗေဒါက ကားပေါ်မှ ဆင်းလိုက်စဉ် နောက်ထပ်ကားတစ်စီးက သူ့နောက်မှ အရှိန်ဖြင့်လိုက်လာပြီး ဘရိတ်အုပ်လိုက်သံကို ကြားလိုက်ရသည်။

ဗေဒါက ထိုကားကို ရပ်ကြည့်နေစဉ် ကားပေါ်မှ လူတစ်ယောက်ဆင်းလာ၏။

သူ့အား တိုက်ခန်းတွင် လာခေါ်သည့် အရပ်မြင့်မြင့် တရုတ်ပုံစံနှင့် လူ။

“ဗေဒါ”

ထိုသူက သူ့နာမည်ကို ခပ်တင်းတင်းခေါ်ပြီး ရှေ့သို့ တိုးလာသည်။

ဗေဒါက သူ့ခြေသလုံးတွင် ဒူးစွပ်ဖြင့် ပတ်ထားသော လှံစွပ်ကို ဖြုတ်ရန် ခါးကို ကိုင်းလိုက်၏။

“မင်း နားထင်ပွင့်သွားချင်လို့လား ဗေဒါ..ငြိမ်ငြိမ်နေ”

ဗေဒါ၏ ခေါင်းတည့်တည့်သို့ အထိအတွေ့တစ်ခုခံစားလိုက်ရသည်။

မျက်လုံးလှည်ကြည့်လိုက်သောအခါ ပစ္စတိုသေနတ်တစ်လက်မှန်း ဗေဒါသိလိုက်၏။

ထိုအချိန်တွင် ဗေဒါ၏ ကားထံမှ ဆယ်လူလာဖုန်းသံမြည်လာသည်။

“မင်းကို ငါတို့ဘာမှမလုပ်ဘူး..မစ္စတာလု နဲ့ ဖုန်းပြောလိုက်”

ဗေဒါက ကားတံခါးကိုဖွင့်ကာ ဆယ်လူလာဖုန်းကိုယူကိုင်လိုက်သည်။

နားနှင့်ဖုန်းကပ်လိုက်သည်နှင့် မစ္စတာလုက မပီကလာပီကလာအသံက ဒေါသတကြီးဖြင့်ထွက်ပေါ်လာ၏။

“မင်း ဘာကိစ္စ ကားကို လမ်းကွေ့ထဲ ကွေ့ဝင်သွားရတာလဲ..မင်းကို ဘာကိစ္စဖြစ်ဖြစ် ကားမရပ်နဲ့လို့ ပြောထားတယ်မဟုတ်လား..ဗေဒါ”

ဗေဒါက အသံကို အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းလိုက်သည်။

“မန္တလေးကနေ ရန်ကုန်အထိ ကျွန်တော်တောက်လျှောက်မောင်းလာတာ..အခုလည်း ရုတ်တရတ်ဗိုက်နာလာပြီး အိမ်သာတက်ချင်လာတယ်…လူတွေရှိတဲ့နေရာမှာလည်း ဆင်းမသွားချင်တာနဲ့…လူမရှိတဲ့ ဒီခြုံထဲ ကိစ္စရှင်းဖို့လာတာပါ..မစ္စတာလု”

တဖက်မှ မစ္စတာလုအသံ ခေတ္တမျှ ငြိမ်သွားသည်။

“မင်း..သေချာလား..ဗေဒါ”

“ကျုပ်ကိုယုံကြည်လို့ ဒီခရီးကိုလွှတ်လိုက်တာမဟုတ်လား..မယုံကြည်ရင်လည်း ခင်ဗျားနဲ့ကျုပ် လုပ်ဆက်မလုပ်ယုံပဲလေဗျာ..အခုတော့..ကျုပ်နောက်က အမြဲနောက်ယောင်ခံလိုက်ခိုင်းနေမယ့်အတူတူ…အဲ့ဒီကောင်တွေကိုပဲ ကျုပ်ကိုယ်စားလွှတ်လိုက်ပါလား”

မစ္စတာလုကို ပြန်ပြောနေသည့် ဗေဒါအသံက မာသွားသဖြင့် အရပ်ရှည်ရှည်လူပါ တအံ့တဩဖြင့် ကြည့်လိုက်သည်။

“ကောင်းပြီ..ဗေဒါ..မင်းကို ငါယုံလိုက်မယ်…အခု ရန်ကုန်က မင်းထွက်လာခဲ့တဲ့ ခြံထဲကိုပဲ အေးအေးဆေးဆေးမောင်းလာခဲ့..ငါစောင့်နေမယ်…မင်းနောက်မှာ လောရှည်နဲ့အဖွဲ့က အရံလိုက်ပေးလိမ့်မယ်”

မစ္စတာလုဖုန်းချသွားပြီ။

ယခုမှ သူ့နောက်မှ အရိပ်လိုက်နေသူ၏နာမည်မှာ လောရှည်မှန်း ဗေဒါသိလိုက်ရသည်။

“ကဲ…ကားပေါ်တက်..မောင်းတော့”

လောရှည်က ပစ္စတိုသေနတ်တရမ်းရမ်းနှင့်။

ဗေဒါက ကားပေါ်တက်ရန်ပြင်လိုက်ပြီးမှ တစုံတစ်ခုကို သတိရလိုက်သည်။

“ကျုပ် ဒီထဲကို အီးပါချင်လို့ ဝင်လာတာ…ထွက်ကျတော့မယ်…ခဏတော့စောင့်..မယုံရင်လည်း ကျုပ်ဖင်နောက်မှာ လာရပ်ကြည့်ကြ”

ဗေဒါက ခပ်ရွတ်ရွတ်ပြောပြီး ဘောင်းဘီခါးပတ်ကို ချွတ်ကာ ခြုံထဲသို့ ဝင်သွား၏။

တစ်တုံး၊ နှစ်တုံးတော့ ထွက်အောင်ပါရမည်။ သို့မှသာ သူ၏ အကြောင်းပြချက်ခိုင်မာမည်မဟုတ်လား။

ပါချင်လျက် မပါရသည့် ဒုက္ခကိုသာ ဗေဒါခံစားခဲ့ဖူးပါသည်။ မပါချင်ပဲ ပါချရသည့် ဒုက္ခကလည်း မသေးလှ။

သို့သော် တညနှင့် တနေ့လုံး မပါခဲ့သည့် ဗိုက်က သိပ်တော့အားမစိုက်ရ။

အံကြိတ်၊အသက်အောင့်ပြီး နည်းနည်းအားစိုက်ရုံဖြင့် သုံးလေးတုံးရှောခနဲ။

“ဗျိုး…ကိုလောရှည်..စက္ကူဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် ပါရင်ပေးပါဉီး”

အပြင်မှ တုန့်ပြန်သံပင်မကြားရ။

ဗေဒါက အနီးနားမှ သစ်ရွက်များကိုပင် ယိုသုတ်လုပ်လိုက်ရတော့သည်။

“ကဲ သွားကြမယ်”

ဗေဒါက ကားကို ပြန်ကွေ့လိုက်ပြီး နောက်ကြည့်မှန်မှတဆင့် အခြေအနေကြည့်လိုက်၏။

သူထင်ထားသည့်အတိုင်းပင်…လောရှည်က ခြုံနောက်သွားပြီး.သူတကယ်ပင် အီးပါမပါ.သူ့ အီးပုံကို ကွင်းဆင်းစစ်ဆေးနေသည်။

သည်လူတွေနှင့်ဆက်ဆံသည့်အခါ သူတို့ထက် ပိုပြီး ထောင့်စေ့နိုင်မှ ဖြစ်မည်ဟုလည်း ဗေဒါ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိ၏။

ဗေဒါ၏ ကားထွက်ပြီး လမ်းမပေါ်ရောက်ခါနီးအခါမှ လောရှည်တို့ကားက နောက်မှ လိုက်လာသည်ကိုတွေ့ရသည်။

ဗေဒါက ကားကို ဖြည်းဖြည်းနှင့် မှန်မှန်ပင် မောင်းနှင်လာ၏။

သို့သော် စိတ်ထဲတွင်တော့ ကလိလိ။

သူ့အကျင့်အတိုင်း လုပ်ချင်သည်ကို ရအောင်လုပ်ရမှလည်း နေသာထိုင်သာရှိရော့မည်။

ထို့ကြောင့် ဗေဒါက ကားကို ကားကို အရှိန်အရှော့အတင်းလုပ်ရင်း လောရှည်တို့နှင့် မျက်ခြေပြတ်အောင် မောင်းနေသည်။

ကံကောင်းထောက်မစွာဖြင့် လှည်းကူးသို့ရောက်ခါနီး လမ်းတစ်နေရာတွင် နွားအုပ်ကြီးက ကတ္တရာလမ်းပေါ် တက်နေသည်ကို တွေ့လိုက်ရ၏။

ဗေဒါက ကားကို ဘေးကပ်မောင်းပြီးမှ ရုတ်တရတ် ဟွန်းတီးကာ လီဗာကို ပုတ်လိုက်သဖြင့် နွားအုပ်ကြီးမှာ အိတ်ဇောမီးခိုးများနှင့် ဟွန်းသံကြောင့် ဝရုန်သုန်းကား။

ဗေဒါက နွားအုပ်ကြီးကို ကျော်ဖြတ်ပြီးသည်နှင့် ကားကို ရုတ်တရက်အရှိန်မြှင့်ချလိုက်တော့သည်။

လောရှည်တို့ အုပ်စုမှ ဝရုန်းသုန်းကားနွားအုပ်ကြီးနှင့် ကျန်ခဲ့ပေရော။

လှည်းကူးမြို့တွင်းဝင်ခါနီး လမ်းချိုးတစ်ခုအတွင်းသို့ ဗေဒါက ကားကို မောင်းဝင်သွားခဲ့၏။

စိတ်ချရသည့်အကွာအဝေးသို့ ရောက်သောအခါ ကားကိုရပ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။

‌တောင်းအေ့စ်ကားနောက်ခန်းကို ဗေဒါရှာဖွေသော်လည်း မည်သည့်ပစ္စည်းမျှ မတွေ့။ သို့သော် သူကားမောင်းလာစဉ် ကားသည် ဝိတ်တစ်ခုပါနေသည်ကို သတိထားမိသည်ကသေချာနေ၏။

ဗေဒါက ကားကြမ်းခင်းများကို ထပ်ရှာသည်။

ကားကြမ်းခင်းအောက်ဘက်တွင် ဂျိုင့်ထည့်သည့် နေရာလေးအပေါ်မှ ကူရှင်ကို ဗေဒါလှန်ကြည့်လိုက်သည့်အခါ မသင်္ကာဖွယ်တစ်နေရာကိုသွားတွေ့၏။

‌ဘေးဘက်ကြမ်းခင်းများနှင့်မတူပဲ သစ်လွင်နေပြီး သီးသန့်စကူစုပ်ထားသည့် ကြမ်းခင်းတစ်ခု။

ဗေဒါက ကားအနောက်ဖက် ပစ္စည်းများရှိရာသို့သွားရှာသောအခါ ဝက်အူလှည့်တစ်ချောင်းအသင့်တွေ့ရသည်။

စကူများကို ထိုဝက်အူလှည့်ဖြင့် အမြန်လှည့်ဖွင့်လိုက်၏။

တွေ့ပါပြီ။

ကားစပယ်ယာဘီးထည့်ရမည့်နေရာတွင် ဘီးမရှိပဲ ဆာလာအိတ်ထုတ်များ။

ဗေဒါက ဆာလာအိတ်ထုတ်များကို ဖြည်ကြည့်လိုက်သည်။

ကျောက်စိမ်းများ။

ဗေဒါအမွေရပြီး သိင်္ဂီလင်းနှင့် အတူနေစဉ်က ဗိုလ်ချုပ်စျေးကျောက်စိမ်းလောက ကို အနည်းငယ်တီးခေါက်ဝင်ရောက်လုပ်ကိုင်ဖူးသည်။

ထိုအတွေ့အကြုံအရ…ပါလာသည့် အရည်အသွေးမြင့်ကျောက်စိမ်းများသည် ထိုခေတ်ကာလတန်ဖိုးနှင့်ပင် သိန်းထောင်ချီနေပြီမှန်း ဗေဒါသိလိုက်ရတော့၏။

ဒါဆို သူရန်ကုန်မှ မောင်းယူလာသော ကားတွင်ရော မည်သည့်ပစ္စည်းပါလာသနည်း။

ကျောက်စိမ်းကို မည်သည့်အရာနှင့် အလဲအလှယ်လုပ်ကြသနည်း။

ဗေဒါက သူသိချင်သည်ကို သိပြီးသွားပြီမို့…ကြမ်းခင်းကို ခြေရာလက်ရာမပြတ် အမြန်ပြန်ပိတ်လိုက်သည်။

ထို့နောက် ကားကို ပဲခူး ရန်ကုန် လမ်းမပေါ်သို့ တက်လိုက်ပြီး ကျော်တက်သွားလောက်ပြီဖြစ်သည့် လောရှည်တို့ကားနောက်သို့ အမှီလိုက်ရန် မိုင်ကုန်တင်လိုက်၏။

ထောက်ကြံ့မြို့အဝင်သို့ရောက်သောအခါ ကားတချို့တန်းစီနေသည်ကို ဗေဒါတွေ့လိုက်ရသည်။

ထောက်ကြံ့စစ်ဆေးရေးဂိတ်။

ဗေဒါ ရင်တို့ တဒိတ်ဒိတ်ခုန်လာသည်။

သိန်းထောင်နှင့်ချီတန်သည့် ကျောက်စိမ်းတုံးများ သူ့ဖင်အောက်တွင်ပါလာသည့်ပုဒ်မက လူသတ်မှုထက် ပိုဆိုးနေမည်ဆိုသည်ကို ဗေဒါ တွေးမိ၏။

လောရှည်တို့ ဘယ်ရောက်နေပြီလဲ။ သူ့ကားကို သတင်းရလို့ ဖမ်းလိုက်မှာလား။ ဒါမှမဟုတ် မစ္စတာလုက သူ့ကို ထိုးကျွေးပြီလား။

ရှေ့တွင် ကားများက တစ်စီးပြီးတစ်စီး အစစ်ဆေးခံကာ ထွက်သွားကြသည်။

ပုံစံက အဖွဲ့ပေါင်းစုံဖြင့် သတင်းအရပိတ်ဆို့ရှာဖွေနေသည့်ပုံစံ။

ဗေဒါ့ရှေ့တွင် ကားတစ်စီးသာ ရှိတော့၏။

ဗေဒါက အသက်ကို မှန်မှန်ရှူကာ စိတ်ကို တည်ငြိမ်အောင်ထိန်းနေသည်။

အီဆာကြီးကို သတ်လိုက်စဉ်က ခံစားချက်မျိုးကို နောက်တ်ပြန်ခံစားနေရပြီ။

ဗေဒါရှေ့က ကားကို စစ်ဆေးမည့် အရပ်ဝတ်နှင့်လူများက ဗေဒါ့ ကားကို လှမ်းကြည့်လိုက်သည်။

ထို့နောက် ဗေဒါဆီသို့ လမ်းလျှောက်စကားပြောစက်ကို ခါးတွင်ချိတ်ထားသော အရပ်ဝတ် လူတစ်ဉီးလမ်းလျှောက်လာ၏။

“ကားကို လမ်းဘေးချရပ်လိုက်ပြီး..ကားပေါ်ကနေ အေးအေးဆေးဆေးဆင်းခဲ့ပါ..ငါ့ညီ”

သွားပြီ။

ဗေဒါ..သိလိုက်ပြီ။

သူ့ကို ထောင်ဖမ်းလိုက်ကြပြီ။

ဗေဒါ ကားကို အရှိန်ဖြင့် မောင်းပြေးရန် စဉ်းစားလိုက်သည်။

သို့သော်ငြား..အရှေ့တွင် သေနတ်ကိုင်ထားသော စစ်သားများ၊ သံဆူးကြိုးဘယ်ရီဂိတ်များ၊ သဲအိတ်များကို သူဘယ်လိုကျော်ဖြတ်နိုင်မည်လဲ။

အရပ်ဝတ်နှင့်လူက ဗေဒါကားသော့ကို ဖြုတ်ယူလိုက်သည်။

ဗေဒါကားပေါ်မှ ဆင်းလိုက်သည့်အခါ အူဇီသေနတ်ကိုင်ထားသည့် စစ်သားနှစ်ဉီးက ဘေးဘယ်ညာမှ ပူးညှပ်လိုက်ကြ၏။

ခပ်လှမ်းလှမ်းတွင် ရပ်ထားသော စူပါဆလွန်းအနက်ထဲမှ ဗိုလ်မှူးအပွင့်နှင့် လူတစ်ဉီး က ထွက်လာပြီး..ဗေဒါတို့ကို မတ်တပ်ရပ်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ဗိုလ်မှူးက သူ့ကားသော့ကို ဖြုတ်သိမ်းလိုက်သူကို ခေါင်းဆတ်ပြလိုက်၏။

စူပါဆလွန်းအနက်ထဲသို့ ဗေဒါကို ဝင်ထိုင်ခိုင်းလိုက်သည်။

“အေးအေးဆေးဆေးပဲ ငါတို့ခေါ်ရာလိုက်ခဲ့စေချင်တယ်”

စကားဆုံးသည်နှင့် ဗေဒါ၏ ခေါင်းကို အနက်ရောင်အဝတ်အိတ်တစ်ခု စွတ်ချခြင်းခံလိုက်ရတော့၏။

ထို့နောက် သူ့လက်နှစ်ဖက်ကိုပါ လက်ထိပ်နောက်ပြန်ခတ်ခြင်းကို ခံလိုက်ရသည်။

ဗေဒါကတော့ မစ္စတာလု၏ ပစ္စည်းများအတွက်ရော သူ့ကိုယ်သူအတွက်ပါ စိတ်ထဲကပဲရေရွတ်လိုက်တော့သည်။

“သွားပြီ”

ခက်ဇော်

*** အခန်း ၆ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***