<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၉)
အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)
အခန်း-၆၀-
(၁) ဒုက္ခသည်စခန်းရဲ့ အခြားတဘက် မျက်နှာမှာ
ဖုမဝမ်စခန်းမှာ သီတင်း ၂-ပတ်လောက်ကြာပြီး နည်းနည်းတည်ငြိမ်လာတဲ့ အခါမှာတော့ နယ်စပ် တောထဲက ကျနော်တို့တပ်တွေနဲ့ ဆက်သွယ်ရေး၊ ဘန်ကောက်မှာရောက်နေတဲ့ ကိုမင်းအောင်နဲ့ ဆက်သွယ်ရေး ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။
အခု ကျနော်တို့ ရောက်နေတဲ့ ဖုမဝမ် ဒုက္ခသည်စခန်းဟာ နယ်စပ်နဲ့ ၅-ကီလိုလောက်ပဲ ဝေးပြီး နယ်စပ် တောင်ကျောဆီ တက်သွားတဲ့ ကားလမ်းကို ဒီစခန်းထဲကနေ လှမ်းမြင်နေရပါတယ်။ ဒီနေရာဟာ မင်းသမီးစခန်းရဲ့ အောက်ဘက် ၂၀-ကီလို အကွာလောက်မှာရှိတဲ့ ဘောယက္ခ KNU နယ်စပ်ဂိတ်စခန်းနဲ့ သိပ်မဝေးဘူးလို့ သိရပါတယ်။
အဲဒီစခန်းဘက်ကနေ KNU အဖွဲ့ဝင် မိသားစုတွေနဲ့အတူ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဖုနန်းလွန် ဒုက္ခသည်စခန်းကနေ တောထဲ ပြန်ပို့ခံလိုက်ရတဲ့ ကျနော်တို့ ရဲဘော်တွေထဲက ဆရာအောင်မြင့်၊ ကိုသိန်းဆောင်၊ ကိုမင်းဇော်ရွှေအပါဝင် တပ်ဖွဲ့ဝင် တဒါဇင်လောက် ကျနော်တို့ရှိရာ ဖုမဝမ် စခန်းဆီ ရောက်လာကြပါတယ်။
သူတို့ရဲ့ ပြောပြချက်အတိုင်းဆိုရင် ၁၉၉၇ မတ်လ ၂၅-ရက်နေ့မှာ အမရာက ကျနော်တို့ ကျောင်းသားစခန်းနဲ့ ထီးထာက KNDO ကုန်းကို နဝတ-က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ပြီး အဲဒီနေ့မှာပဲ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ဆင်ဖြူတိုင် – အမို ဘက်ကနေ နယ်စပ်တလျှောက် ဆင်းလာတဲ့ တခြား စစ်ကြောင်းတခုကလည်း ထီးခီးစခန်းဆီ ရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ထီးခီးက KNU လက်ကျန်အဖွဲ့တွေအားလုံး နယ်စပ်မျဉ်းတလျောက် အမြန် ဆုတ်ခဲ့ရကြောင်း၊ ထီးခီး- အမရာခီး ကနေတဆင့်၊ အခု ကျနော်တို့ ဒုက္ခသည်စခန်း နောက်ကျောက ဘောယက္ခဝန်းကျင်ဆီ ရောက်လာကြတယ်လို့ ဆိုပါတယ်။
စစ်တိုက်ဖို့ ဆိုပြီး ဖုနန်းလွန် စခန်းကနေ ထီးခီးဆီ သူတို့ကို ပို့လိုက်ပေမယ့် နဝတ ဘက်က လက်နက်ကြီးတွေ ထီးခီးစခန်းထဲ ကျတဲ့အထိ သူတို့ကို KNU က လက်နက် ထုတ်မပေးဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။
ဒါ့အပြင် ဘောယက္ခကနေ ဖုမဝမ် ဒုက္ခသည်စခန်းဆီ ဝင်မယ်လို့ ပြောတဲ့အခါမှာလည်း ကျောင်းသားတွေအပေါ် KNU အောက်ခြေ တပ်မှူးတချို့က နားလည်မှုလွဲပြီး မောက်မောက်မာမာ ဆက်ဆံတာ၊ သေနတ်နဲ့တေ့ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
ကိုသိန်းဆောင်တို့အဖွဲ့ ဖုမဝမ်ဆီ ရောက်လာပြီး နောက်မှာတော့ ကျနော်ဟာ ဒုက္ခသည်စခန်းကနေထွက်ပြီး ထိုင်းထဲမှာ လှုပ်ရှားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာနေရတဲ့ ဘဝကတော့ စာမဖွဲ့ပြချင်လောက်အောင်ကို စိတ်ညစ်ရပါတယ်။ နေကပူ၊ အမိုးက မရှိ၊ မြေကြီးကလည်း နေ့ပူ-ညအေးဆိုတော့ ဖျားနာသူကလည်း အတော်များ၊ စားစရာက ရှားပါး၊ ဆေးဝါးက မလုံလောက်။
ဒီကြားထဲ ကရင်ဒုက္ခသည်တွေကြားမှာ ကျနော်တို့ အုပ်စုက လူနည်းစုလို ဖြစ်နေရတဲ့ ခံစားချက်ကလည်း သိပ်မသေးလှ။ တောထဲမှာနေတုန်းကလည်း လူနည်းစုဖြစ်ပေမယ့် သီးခြားစီ နေတာဆိုတော့ ဒီခံစားချက်မျိုး သိပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒုက္ခသည်စခန်းထဲ ရောက်တဲ့အခါမှာတော့ သူတို့ အုပ်ချုပ်မှုအောက်ထဲ လုံး၀ ဝင်လိုက်ရသလို ဖြစ်သွားတဲ့အတွက် နေရထိုင်ရ အတော်ကျဉ်းကျပ်သလို ကျနော်ခံစားရပါတယ်။
ဒီလို စိတ်ညစ်နေရုံနဲ့ မပြီးဘူး၊ ထွက်ပေါက်ရှာမှ ဖြစ်မယ်ဆိုပြီး ပြေးပေါက်လိုက်ရှာတော့ ကျနော်တို့စခန်းချထားတဲ့ တောင်ကုန်းကို တောတိုးပြီး ကျော်လိုက်ရင် လယ်ကွင်းပြင်ကြီးထဲ ရောက်သွားပါတယ်။ အဲဒီ လယ်ကွင်းကိုကျော်ပြီး တနာရီလောက် ဆက်သွားရင် ကျနော်တို့ရဲ့ ယာယီရုံးခန်းရှိတဲ့ ဟွေးနန်းခေါင်ရွာဆီ ရောက်နိုင်တယ်လို့ သိလာရပါတယ်။
အဲဒီလမ်းကြောင်းကို သေချာအောင် လေ့လာပြီးနောက်မှာတော့ ဘန်ကောက်မှာ ရောက်နေတဲ့ ကိုမင်းအောင်တယောက် ဟွေးနန်းခေါင်ကတဆင့် ဖုမဝမ် ဒုက္ခသည်စခန်းဆီ အဲဒီ လမ်းကြောင်းအတိုင်း ခိုးဝင် ရောက်ရှိလာပါတယ်။
————-
(၂) စာပို့သတင်းထောက်မှ အသံပို့ သတင်းထောက်ဖြစ်လာခြင်း
ဒုက္ခသည်စခန်းကနေ ထွက်ပြေးချင်နေတဲ့ကျနော် ပျော်လိုက်သည် ဖြစ်ခြင်း။ ကိုမင်းအောင်ကို အားလုံးလွဲှအပ်ခဲ့ပြီး “DVB သတင်းထောက်အလုပ်များ ဆက်လုပ်နိုင်ရန်နှင့် စစ်ဒေသ တာဝန်ခံ ကိုဌေးအောင်တို့စစ်ကြောင်းနှင့် ပြန်လည်ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက်” လို့ အကြောင်းပြပြီး ကိုမင်းအောင် ဝင်လာတဲ့ ခိုးလမ်းကတဆင့် ဘန်ကောက်မြို့ဆီ ကျနော် တက်လာခဲ့ပါတယ်။
အဲဒီအချိန်က ဗဟို-နိုင်ငံခြားရေးဌာနရုံးခန်းဟာ ဘန်းကပိ ဘက်ကိုမရောက်သေးပါဘူး။ The Mall နမ်မဝမ် ကုန်တိုက်ဘက်မှာလို့ ထင်ပါတယ်။ ရုံးကို ရောက်ရောက်ချင်း စစ်ပွဲနဲ့ ဒုက္ခသည်အခြေအနေ ထူးခြားချက်တွေကို စာရေးပြီး DVB အော်စလိုရုံးဆီ Fax ပေးပို့ လိုက်ပါတယ်။
အဲဒီအချိန် အော်စလိုရုံး အယ်ဒီတာချုပ်က ဒေါက်တာ အောင်ခင်၊ စက်ဆရာက စောနယ်ဆင်ကူး ပါ။ ညနေ ၃-နာရီလောက်မှာ ကိုနယ်ဆင်ကူး (ဖိုးခွားလို့ အများကခေါ်ကြပြီး အခုချိန်အထိ နော်ဝေမှာ ရှိနေဆဲ) ဖုန်းခေါ်လာပြီး Fax နဲ့ ပို့ထားတဲ့ သတင်းတွေကို အသံနဲ့ လိုချင်တဲ့အတွက် မကြာခင် ဒေါက်တာအောင်ခင်ကိုယ်တိုင် ကျနော့်ကို မေးမယ်လို့ ဆိုပါတယ်။
ကျနော်ဟာ တောတွင်း DVB ရေဒိယိုသတင်းထောက်ဖြစ်နေတာ ၂-နှစ်လောက်ရှိနေပြီဖြစ်ပမယ့် အဲဒီအချိန်အထိ အသံနဲ့ တခါမှ မပြောဖူးသေးပဲ စာနဲ့ရေး၊ Fax နဲ့ ထိုးတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ အခု အသံနဲ့ ပြောရမယ်ဆိုတော့ ရင်တွေဘာတွေ တုန်လို့။
“မရဘူးကွ။ မင်းပြောတဲ့ အသံထဲမှာ ချောင်းဟန့်သံ ခဏခဏပါနေတာ အက်ဒစ် ပြန်လုပ်ဖို့ ခက်လိမ့်မယ်။ အစအဆုံး နောက်တခေါက် ပြန်ပြောပါ” ဆိုပြီး ဒေါက်တာအောင်ခင်က ကျနော့်ကို မောင်းပါတယ်။ ၃-ခါတိတိပြောပြီးမှ ၁၀-မိနစ်စာလောက် အင်တာဗျုးတခု ပြီးသွားပါတယ်။
အဲဒီကာလဟာ အခုခေတ်လို ဒီဂျစ်တယ်ခေတ် မဟုတ်သေးတဲ့အတွက် အသံတွေကို တိတ်ခွေပေါ်တင်ပြီး အက်ဒစ်လုပ်ရတာကြောင့် အတော် လက်ဝင်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကျနော့်သတင်းထောက်ဘဝမှာ ပထမဆုံး အသံနဲ့ ပို့ဖူးတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ စာနဲ့ပို့တဲ့ အဆင့်ကနေ အသံနဲ့ပို့တဲ့ အဆင့်ဆီတက်ဖို့ ပထမ ခြေလှမ်းလို့လည်း ပြောနိုင်မယ် ထင်ပါတယ်။
ဒါ့အပြင် အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်ကလည်း တောတွင်းအခြေစိုက် သတင်းထောက်ပေါက်စ ကျနော့်ရဲ့ သတင်းပေးပို့ချက်တွေ တိုးတက်လာကြောင်းနဲ့ ပရော်ဖက်ရှင်နယ် သတင်းထောက်ဖြစ်အောင် ဆက်ကြိုးစားဖို့ အားပေးခဲ့ပါတယ်။ အယ်ဒီတာချုပ်ရဲ့ အားပေးစကားတခွန်းဟာ သတင်းထောက်ရူး ရူူးနေသူတဦးအတွက် အလွန်တရာ တွန်းအား ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။
အဲဒီနေ့က ကျနော့်ကိုဗျုးပြီး လွှင့်လိုက်တဲ့ စစ်ပွဲဆိုင်ရာ အကြောင်းအရာတွေထဲမှာ အသက် ၁၂-နှစ်အရွယ် အမွှာညီနောင် ဦးဆောင်တဲ့ God Army (သို့မဟုတ်) ရွာသူမိုဒို-လို့ခေါ်တဲ့ ဘုရားသခင်တပ်မတော် အကြောင်းဟာ အတော် ပေါက်သွားတယ်လို့ နောက်ပိုင်းမှာ ပြန်သိရပါတယ်။
ဂျော်နီနဲ့ လူသာထူး ဆိုတဲ့ ဆံရှည် – ဆေးလိပ်ဖွာ အမွှာညီနောင် တပ်မှူး ၂-ဦးဟာ လျှာအနက်ရောင်ရှိတဲ့အတွက် ကျည်မပေါက်ဘူးလို့ သူတို့ရဲ့ နောက်လိုက်တွေက ပြောပါတယ်။ သတင်းထောက်တဦးအနေနဲ့ ဒီပြောဆိုချက်ကို ယုံဖို့ ခက်ပေမယ့်လည်း ဒီလို ဒဏ္ဍာရီ ဆန်နေတာကိုက ပရိသတ်အတွက် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်လို့ ထင်ပါတယ်။
———–
(၃) God Army (ခေါ်) ဘုရားသခင်တပ် ပေါ်ပေါက်လာခြင်း
၁၉၉၇-ကနေ ၂၀၀၂-ခုနှစ်အကြား နာမည်ကြီးခဲ့တဲ့ God Army (ခေါ်) ဘုရားသခင် တပ်မတော်- ဆိုတာကို မင်းသမီး စခန်းကနေ ခွာစစ်ဆင်တဲ့ ၁၉၉၇ ဖေဖော်ဝါရီလကုန်ပိုင်းလောက်အထိ ကျနော် တခါမှ မကြားဖူးပါ။ ဒီအမည်ကို ပထမဆုံးအကြိမ် ကျနော် စကြားဖူးတာဟာ ဖုမဝမ် ဒုက္ခသည်စခန်းမှာ ရောက်နေစဉ်က ဖြစ်ပါတယ်။
ဘုရားသခင် တပ်မတော်ရဲ့ တပ်မှူး အမွှာညီနောင်၊ အသက် ၁၂-နှစ် အရွယ် ကလေးငယ် ၂ -ဦးဟာ လျှာအနက်ရောင်ရှိပြီး တန်ခိုးရှင်လိုလို၊ ဓားပြီး၊ လှံပြီး၊ ကျည်ပြီးတဲ့လူတွေလိုလို၊ ဒဏ္ဍာရီဆန်ဆန် စတင်ကြားဖူးခဲ့တာပါ။
ဒီကလေးငယ် ၂-ဦးဟာ ကျနော်တို့ မင်းသမီးစခန်းရဲ့ အောက်ဘက် နေ့တဝက်စာ ခရီးအကွာက တနင်္သာရီ မြစ်ကမ်းဘေးမှာရှိတဲ့ မောထာရွာနဲ့ ထိုင်း-မြန်မာနယ်စပ်က ထောမမော-ထောမဖြိုးရွာ အကြားဒေသက ဖြစ်တယ်လို့ သိရပါတယ်။
မင်းသမီးစခန်းအကျ KNU နဲ့ ABSDF တပ်တွေ ပုံပျက်ပန်းပျက် ဆုတ်ပြေးနေရချိန်မှာ ဒီဘုရားသခင်တပ်မတော် စတင်ပေါ်လာပြီး နဝတ-တပ်တွေကို အလစ်အငိုက် ဝင်တိုက်ရာက ချက်ချင်း နာမည်ကြီးလာတာလို့ ဆိုပါတယ်။
ပထမ-ပိုင်းမှာ ထောမမောဒေသက ခရစ်ယာန်တရားဟောဆရာတဦးက ဒီကလေးငယ် ၂-ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်ခြား-ပုလောဒေသမှာ ပူးတွဲတာဝန်ယူဖူးတဲ့ ဗိုလ်ရွှေပြား အပါအဝင် KNU က နည်မည်ကြီး တပ်မှူးတချို့နဲ့ ရဲဘော်တချို့ပါ ပါလာပြီး အင်အား ရာနဲ့ချီ ရှိလာတယ်လို့ သိရပါတယ်။
KNU နဲ့ ABSDF တပ်တွေ ဆုတ်လာတဲ့ မင်းသမီးစခန်းအနီးက အမရာရွာ ဝန်းကျင်အထိ ဘုရားသခင်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီပွဲမှာ နဝတ-ဘက်က တပ်စုတစုစာ လူအင်အား ၃၀-ကျော်အထိ တကြိမ်တည်း ကျသွားခဲ့တယ်လို့ ဒုက္ခသည်စခန်းဆီ ရောက်လာသူတွေက ပြောပြပါတယ်။
ဒဏ္ဍာရီဆန်လှတဲ့ ဒီအဖွဲ့ဟာ ဘာသာရေး အတော်ကိုင်းရှိုင်းပြီး ဘုရားဝတ်ပြုပြီးမှ စစ်ထွက်တိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရက်မသောက်ရ၊ ဝက်သားမစားရ၊ ကြက်ဥမစားရ၊ တောကောင်မပစ်ရ စသည်ဖြင့် ကန့်သတ်ချက်တွေ များစွာရှိပြီး အဲဒီကန့်သတ်ချက်ဟာ ကျနော်တို့ ရှိနေတဲ့ ဖုမဝမ် ဒုက္ခသည် စခန်းထဲအထိ ရောက်လာပါတယ်။
ဘုရားသခင်တပ်မတော် စစ်ပွဲ အောင်နိုင်ရေးအတွက် ဒုက္ခသည်စခန်းအတွင်း ဝက်သားမစားရ၊ ကြက်ဥ မစားရဆိုပြီး အမိန့် ထွက်လာတဲ့အပြင် စစ်အောင်နိုင်ရေး ဆုတောင်းပွဲတွေလည်း လုပ်ခဲ့ကြတာကို ကျနော် အမှတ်ရနေပါတယ်။
အဲဒီအချိန်အထိ ဘုရားသခင်တပ်မတော် အကြောင်းကို မီဒီယာက မသိသေးပါဘူး။ ကျနော်ကိုယ်တိုင်လည်း သတင်းကြားရုံကလွဲပြီး ဒီအဖွဲ့ကို မတွေ့ဖူးးသေးပါ။ ဒီလိုနဲ့ ဘန်ကောက်ကနေ တောထဲပြန်ဝင်ပြီး ဘုရားသခင်တပ်မတော်နဲ့ အင်တာဗျုးများရမလားနိုင်မလားလို့ ကျနော်ကြိုးစားခဲ့ပါတယ်။
ဘာကြောင့်လဲဆိုရင် ကျနော်တို့ ABSDF က တောင်ပိုင်းစစ်ဒေသမှူး ကိုဌေးအောင်နဲ့ အဖွဲ့ဟာ KNU တပ်တွေနဲ့အတူ မင်းသမီးဖက်ကနေ ဆုတ်ရင်းနဲ့ အခု ထောင်မမော၊ ထောမဖြိုး ဒေသဆီရောက်နေတယ်။ သူ့နဲ့ လာတွေ့ပါဆိုပြီး ကိုဌေးအောင်က ကျနော့်ဆီ ကြေးနန်းပို့ထားလို့ဖြစ်ပါတယ်။
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၁) >>>>>
ထက်အောင်ကျော်