တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က တောက်လျှောက် စစ်ကြောင်းထိုးနေပြီး ဒေသခံရွာသားများကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၂၅ ရက် ညနေကစကာ ဘန်းလမွတ်ရွာ၊ မော်တုန်းကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို ယနေ့အထိ တောက်လျှောက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၈၀ အထက်ရှိမည်ဟု ခန့်မှန်းကြောင်း၊ စစ်ကြောင်းငယ်များခွဲကာ စစ်ကြောင်းထိုးနေသဖြင့် အတိအကျပြောနိုင်ရန်ခက်ခဲသလို ရုတ်တရက်ပေါ်လာသည့်ပုံစံဖြင့် လှုပ်ရှားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
“အင်အားကိုအတိအကျပြောလို့မရဘူး။ သူတို့(စကစ)က ဟိုနားပေါ်လိုက် ဒီနားပေါ်လိုက်နဲ့။ သူတို့က စစ်ကြောင်းကြီး(ပုံစံ)မျိုး သွားနေတာမျိုးမဟုတ်ဘဲ အဖွဲ့ခွဲပြီးသွားနေတဲ့ပုံစံမျိုးပါ” ဟု ဘန်းလမွတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုသို့ စစ်ကြောင်းထိုးရာတွင် စစ်ကောင်စီတပ်သားများက ဒေသခံအရပ်သားများကို ဖမ်းဆီးပြီး စစ်ကြောင်းတစ်လျှောက်ဖမ်းဆီးခေါ်ဆောင်နေကြောင်း အမည်မဖော်လိုသည့် မော်တုန်းဒေသခံ တစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဘန်းလမွတ်ရွာသား ၁၀ ဦးကျော် အဖမ်းခံရပြီး ည ၆ နာရီကျော်မှ ပြန်လွတ်လာကြကြောင်း ဒေသခံအချို့က ဆိုသည်။
“အဖမ်းခံရတဲ့သူတွေပြောတာကတော့ ဟိုလိုက်ပို့ ဒီလိုက်ပို့ခိုင်းတယ်လို့ပြောတယ်။ တခြားရက်တွေမှာလည်း ရှိသေးတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိကျေးရွာနေ အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့စခန်းချသည့်နေရာရောက်လျှင် ပြန်လွှတ်ပေးကာ နောက်ထပ်တွေ့သည့် ပြည်သူများကို ထပ်မံဖမ်းဆီးနေခြင်းကြောင့် အရပ်သားမည်မျှအဖမ်းခံရပြီး မည်မျှပြန်လွတ်လာသည်ကို အတိအကျမသိရကြောင်း ဒေသခံများက ဆိုသည်။
နိုဝင်ဘာ ၃၀ရက်တွင် ဘန်းလမွတ်ကျေးရွာဝန်းကျင်ရှိ လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများ အင်အားထပ်တိုးချထားပြီး ယနေ့တွင် အင်အား ၁၅၀ ခန့်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။