ပုလောမြို့နယ်ရှိ လယ်သမားများ တိုက်ပွဲအခြေအနေကြောင့် စပါးများမသိုလှောင်ရဲဘဲ ရသည့်စျေးဖြင့် ရောင်းချနေရကြောင်း ဒေသခံများ ထံမှသိရသည်။
ယခင်နှစ်များက ရိတ်သိမ်းပြီးသည့်စပါးများ သိုလှောင်ကာ ဈေးကောင်းရသည့်အချိန်မှ ရောင်းချခဲ့ကြသော်လည်း လက်ရှိအချိန်တွင် တိုက်ပွဲအခြေအနေများကြောင့် မသိုလှောင်ရဲဟု ဒေသခံများကပြောသည်။
“စပါးရိတ်ပြီးရင် တိုက်ပွဲတွေ ပြန်စတော့မယ်ဆိုပြီး ကြားနေရတော့ လက်ထဲမှာ မထားရဲကြတော့ဘူး။ ကွင်းထဲကထွက်တာနဲ့ ရောင်းကြတာပဲ”ဟု ပုလောဒေသခံ လယ်သမား ကပြောသည်။
လက်ရှိအချိန်တွင် စပါးအများစုမှာ ရိတ်သိမ်းပြီးနေပြီဖြစ်ပြီး အနည်းအကျဥ်းသာ ကျန်တော့ကြောင်း အထက်ပါ လယ်သမားကဆိုသည်။
“တိုက်ပွဲဖြစ်ရင် ဘာမှမသယ်နိုင်ဘူး။လူပဲလက်ရထွက်ပြေးရတာ။ဆန်တွေစပါးတွေဆိုလည်း လူမရှိရင် သူယူငါယူ သူခိုးငါခိုးနဲ့ဆိုတော့ မထူးဘူး ရောင်းပစ်တာပဲ နားအေးတယ်ဆိုပြီး ရောင်းနေကြတာပေါ့”ဟု လယ်သမား နောက်တစ်ဦးကပြောသည်။

ရောင်းချရာတွင်လည်း ယခင်လို ကားကြီးကားငယ်ဖြင့် ဆန်စက်ကြီးများသို့ သွားရောက်ရောင်းချခြင်း မပြုကြတော့ဘဲ ကွင်းအတွင်း၌သာ သိုသိုသိပ်သိပ် ဖြင့်ရောင်းချနေကြသည်ဟု ဒေသခံများ ကဆိုသည်။
ယခင်နှစ်က စပါးတစ်တင်း ၉၀၀၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီး လက်ရှိစပါးသစ်ပေါ်ချိန်တွင် ၁၄၀၀၀ မှ ၁၆၀၀၀ အထိဈေးပေါက်နေသည်။
သို့သော်လည်း စပါးစိုက်ပျိုးချိန်တွင် စက်သုံးဆီအပါအဝင် သွင်းအားစုများ ဈေးအဆမတန် မြင့်တက်လာသလို ရိတ်သိမ်းစက် ငှါးရမ်းခလည်း ဈေးတက်သဖြင့် တွက်ခြေမကိုက်ဟု လယ်သမားတစ်ချို့ကဆိုသည်။
ပြီးခဲ့သည့်နှစ်က တိုက်ပွဲဖြစ်ခဲ့သည့် တို၊ကဒဲ စသည့်ကျေးရွာများတွင် နေအိမ်များအပြင် ဆန်စက်နှင့် စပါးကျီများလည်း မီးရှို့ခံခဲ့ရသည်။
နိုဝင်ဘာ ၂၇ ရက်နေ့က တိုတောင်ရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သွားရောက်တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်ကောင်စီတပ်က အင်အားတိုးချထားပြီး ဒေသတွင်း စစ်ရေးတင်းမာလျက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။