BREAKING
January 13, 2025

လောင်းလုံး ကဒက်ငယ်ဆိပ်ရွာတွင် နေအိမ်လေးဆောင် မီးလောင်ပျက်စီး

December 1, 2023

ပုံစာ - ကဒက်ငယ်ဆိပ်ရွာတွင် နေအိမ်မီးလောင်မှုမြင်ကွင်း။

လောင်းလုံးမြို့နယ် ကဒက်ငယ်ဆိပ်ကျေးရွာတွင် နေအိမ်လေးဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၃၀ ရက် ည ၉ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဓနိမိုး၊ ထရံကာ နေအိမ်နှစ်ဆောင်၊ သစ်သားအိမ်တစ်ဆောင်၊ နှစ်ထပ်အိမ်တစ်ဆောင် မီးလောက်ပျက်စီးသွားကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သူ လူငယ်တစ်ဦးက ဆိုသည်။

“ဘယ်ကနေ စလောင်တယ်ဆိုတာတော့ သေချာမသိဘူးဗျ။ လူမနေတဲ့အိမ်ကနေ စလောင်တယ်ဆိုတာပဲ သိတယ်” ဟု ၎င်းလူငယ်က ပြောသည်။

မီးလောင်သည့် နေအိမ်တို့မှာ တစ်အိမ်နှင့် တစ်အိမ် နီးနီးကပ်ကပ်ရှိနေကြသဖြင့် မီးကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ရွာအနီးရှိ ရေသယ်ကားတစ်စီးအကူအညီဖြင့် ရွာသားများပူးပေါင်းပြီး ငြှိမ်းသတ်နိုင်ခဲ့သောကြောင့် မီးဆက်လက် ကူးစက် လောင်ကျွမ်းမှု မရှိခဲ့ခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့ကဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်ညကလည်း ကဒက်ငယ်ဆိပ်ကျေးရွာနှင့် တစ်ရွာကျော်အကွာရှိ ဂေါ့အင်းရွာတွင် နေအိမ်တစ်ဆောင် မီးလောင်ပြာကျသွားခဲ့သည်။

မီးလောင်သည့် ကျေးရွာနှစ်ရွာမှာ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဆယ်မိုင်ကျော်ခန့်အကွာတွင်သာ ရှိသည်။

သို့သော် မီးသတ်ဦးစီးဌာနက မီးသတ်ကားများမှာ အာဏာသိမ်းပြီးနောက်ပိုင်း မီးလောင်ပါ‌က အချိန်နှင့်တပြေးညီ အကူအညီမရတော့ကြောင်း ဒေသခံတို့က ဝေဖန်ပြောဆိုကြသည်။

ယင်းအတွက်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်သော်လည်း မည်သူကမျှ မီးသတ်ဦးစီးဌာနထံ အရေးတယူ ဖုန်းဆက် အကူအညီတောင်းခံခြင်း မလုပ်ကြတော့ကြောင်း ဒေသခံတို့က ဆိုသည်။

လုံခြုံရေးအခြေအနေကြောင့် လောင်းလုံးမြို့နယ်ဒေသခံများမှာ ညဘက်အပြင် မထွက်ရဲဖြစ်နေကြခြင်းကလည်း ညရေးညတာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက ကူညီမည့်သူနည်းပါးလျက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။