မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့်က အုပ်စု(C) နဲ့ အုပ်စု(D)တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ တူနီးရှားနဲ့ ဩစတြေးလျတို့က နိုင်ပွဲကိုယ်စီရရှိသွားခဲ့ပါတယ်။
အုပ်စုအဖွင့်တုန်းက နာမည်ကြီး အာဂျင်တီးနားကို အနိုင်ရလိုက်လို့ ကစားသမားတစ်ယောက်ချင်းစီအလိုက် ရွိုးလ်ရွိုက်စ်ကားတစ်စီးစီ လက်ဆောင်ရရှိခဲ့တဲ့ ဆော်ဒီအာရေဗျဟာ အုပ်စုဒုတိယပွဲစဉ်မှာ ပိုလန်ကို အရေးနိမ့်ခဲ့သလိုမျိုး အခုကစားရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း မက္ကဆီကို,ကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
အာဂျင်တီးနားကတော့ ပိုလန်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ရယူလိုက်ကာ ပိုလန်ကတော့ အာဂျင်တီးနားကို အရေးနိမ့်ပြီး မက္ကဆီကိုနဲ့ ရမှတ်တူသွားပေမယ့် သွင်းဂိုးကွာခြားချက် အသာစီးအရ နောက်တစ်ဆင့်ဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
အုပ်စု(D)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံ ပြင်သစ်ကို တူနီးရှားက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပြီး ပြင်သစ်ကတော့ အရှုံးရလဒ် ကြုံဆုံရပေမယ့် အုပ်စုဗိုလ်နေရာကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။







ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ ဒိန်းမတ်ကတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ခြေထပ်ချော်ပြီး ဩစတြေးလျကို တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ရပြန်ပါတယ်။ ဩစတြေးလျကတော့ ဒီပွဲကို အနိုင်ရလိုက်တဲ့အတွက် ပြင်သစ်ရဲ့နောက်ကနေ အုပ်စုဒုတိယအဖြစ် နောက်တစ်ဆင့်ဆီ တက်လှမ်းလိုက်နိုင်ပါတယ်။
ပြိုင်ပွဲအစမှာ ခြေချော်ခဲ့တဲ့ အာဂျင်တီးနားဟာ လက်ရှိမှာတော့ ပွဲချောင်တဲ့လမ်းကြောင်းထဲဆီ မထင်မှတ်ဘဲ ရောက်ရှိသွားခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို ဩစတြေးလျနဲ့ ကစားရတော့မှာဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်ကို အနိုင်ရခဲ့မယ်ဆိုရင် ကွာတားဖိုင်နယ်မှာ နယ်သာလန်နဲ့ အမေရိကန်တို့ရဲ့ပွဲက အနိုင်ရတဲ့အသင်းနဲ့ အာဂျင်တီးနားက ဆက်လက် ရင်ဆိုင်ရမှာပါ။
ပြင်သစ်ကတော့ ရှေ့လာမယ့် ၁၆ သင်းအဆင့်ကို ပိုလန်နဲ့ ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်ကို အနိုင်ရခဲ့ရင် အင်္ဂလန်နဲ့ ဆီနီဂေါတို့ရဲ့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ် ဆက်လက် ကစားရဖို့ ရှိနေပါတယ်။