မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌအပါအဝင် အသင်းဝင်များကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသဖြင့် အသင်းကို ဖျက်သိမ်းလိုက်ရကြောင်း နီးစပ်သူများထံမှ သိရသည်။
ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်အတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခဲ့ရသူများအနက်မှ အသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ကိုဝင်းကြည်၊ ကိုတူးတို့ ၃ ဦးကို စစ်ကောင်စီက သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ ည ဖြင့် အောက်တိုဘာလ ၉ ရက်နေ့က အမှုဖွင့်ခဲ့သည်။
အသင်းဝင်များ ဖမ်းဆီးခံရကတည်းက လုပ်ငန်းများ ဆက်မလုပ်နိုင်တော့ကြောင်း ရှေ့ဆက်လည်း အသင်းဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေကြောင့် အသင်းဝင်းအားလုံးနှင့် အလှူရှင်များ၏ ဆန္ဒအရ အသင်းကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အသင်းဝင်တွေ ဖမ်းခံထိပြီးကတည်းက ဘာမှ မလုပ်နိုင်တော့တာ။ အခု အသင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အချို့လည်း တရားရင်ဆိုင်နေရတော့ ရှေ့ဆက် ဘယ်လိုမှ မသွားနိုင်တော့တဲ့အခြေအနေကြောင့် အသင်းကို ဖျက်သိမ်းလိုက်တာဖြစ်တယ်” ဟု အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသင်းဖျက်သိမ်းလိုက်သည့်အတွက် အသင်းတွင် အသုံးပြုနေသည့် လူနာတင်ကား လေးစီးကို မြို့ပေါ်ရှိ အခြားလူမှုကူညီရေးအသင်းထံသို့ လှူဒါန်းပေးလိုက်ကြောင်း အောင်မင်္ဂလာရပ်ကွက်ရှိ အသင်းရုံး အဆောက်အအုံကိုလည်း ဖြိုချလိုက်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းကို ၂၀၁၈ ခုနှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ဒေသတွင်းက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူနှင့် အဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးခံရမှု မကြာခဏဖြစ်ပွားခဲ့ပြီး ထောင်ချခံရသူများလည်း ရှိခဲ့သည်။
ထိုသို့ စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးနေခြင်းကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ ညပိုင်း လူနာပို့ဆောင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများ ရပ်နားလာရသည်ရှိသလို အသင်း လုပ်ငန်းများ ရပ်နားခြင်း၊ အသင်းဖျက်သိမ်းခြင်းများလည်းရှိသည်။
ယင်းပြင် လူနာပို့ဆောင်သည့် လူမှုကယ်ဆယ်ရေးကားများ၊ ပရဟိတကားများ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများလည်း မကြာခဏဖြစ်ပွားနေပြီး ပရဟိတသမားများ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။