BREAKING
January 10, 2025

ဒေသခံများသွားသည့်လမ်းတွင် စစ်ကောင်စီတပ် မိုင်း ထောင်ထား၍ PDF နှစ်ဦးဒဏ်ရာရ

November 1, 2024

ပုလောမြို့နယ် တပိုကျေးရွာအနီး အများပြည်သူ သွားလာနေသည့်လမ်းတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြုပ်မိုင်း ပေါက်ကွဲသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တပိုကျေးရွာနှင့်ဆယ်အိမ်စုကျေးရွာ အပါအဝင် အခြားရွာများကို ဆက်သွယ်သွားလာရာတွင် အသုံးပြုလေ့ရှိသည့် သံသာလမ်းတွင် အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါလမ်းတွင် စစ်ကောင်စီတပ်က မိုင်းထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက အဆိုပါလမ်းကို ဆိုင်ကယ်စီးပြီးလာချိန် မြေမြုပ်မိုင်းပေါက်ကွဲသွားသည့်အတွက် ဒဏ်ရာအနည်းငယ်စီရသွားပြီး ဆိုင်ကယ်ပျက်စီးသွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ခြေထောက်ထိသွားတယ်။ ဆိုင်ကယ်လည်းထိတယ်။ထိတာက ပကဖ တပ်ဖွဲ့ဝင် တွေပါ”ဟု ၎င်းက ပြောသည်။

အဆိုပါလမ်းမှာ တပိုရွာဝန်းကျင်ရှိ ဥယျာဥ်ခြံ၊ ဇရပ်ဆိပ်ရွာရှိ ဥယျာဉ်ခြံများနှင့် ဆယ်အိမ်စု၊ကဒဲ စသည့်ကျေးရွာအထိ သွားလာအသုံးပြုနေသည့် လမ်းဖြစ်ကြောင်း အခြားအမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ပုလောမြို့နယ် ပလမြို့ဝန်းကျင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က အင်အားရာချီ အသုံးပြုပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တောက်လျှောက်တိုက်ပွဲဖြစ်ပွားနေသည်။

တပ်ဖွဲ့ဝင်နှစ်ဦး၏ ဒဏ်ရာက စိုးရိမ်စရာမရှိကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“လူကမစိုးရိမ်ရပါဘူး။စကစတပ်ကသုံးတဲ့ နင်းမိုင်းအသေးပါ။ ဆိုင်ကယ်နဲ့နင်းမိတာပါ။ ဆိုင်ကယ်ပဲထိခိုက်ပါတယ်”ဟု ၎င်းကဆိုသည်။

တပိုကျေးရွာမှာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် တည်ရှိသည်။

ပုလောမြို့နယ်အတွင်း မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့်အတွက် တပိုရွာအပါအဝင် ကျေးရွာအများအပြားရှိ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

စစ်ရှောင်ပြည်သူများ အနေဖြင့်စစ်‌ကောင်စီတပ်သားများ ပြန်ဆုတ်သွားချိန် မိမိဒေသသို့ ပြန်ပါက မြေမြုပ်မိုင်း အန္တရာယ်ကို ဂရုစိုက်ရန်လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကဆိုသည်။

စစ်ရှောင်နေရသည့် ဒေသခံများအနေဖြင့် ရွာကိုချက်ချင်းမပြန်သေးဘဲ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ပြီး စိတ်ချရမှသာ ပြန်လည်ဝင်ရောက်နေထိုင်သင့်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က တိုက်တွန်းသည်။

အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ပု‌လောမြို့နယ် ကြဲ‌ကျေးရွာအနီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခရီးသွားကားများပိတ်မိနေချိန် ယာဉ်မောင်းတစ်ဦး လမ်းဘေးအပေါ့သွားချိန် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ဖူးသည်။