BREAKING
January 10, 2025

အဖမ်းအဆီးများနေ၍ မွန်ပြည်နယ်တွင် ထိုင်းထုတ်ကုန်များ စျေးတက်

November 1, 2024

ပုံစာ - အောက်တိုဘာလ ၂၄ ရက်နေ့က ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းများကို လိုက်လံစစ်ဆေး။ ဓာတ်ပုံ - စားသုံးသူရေးရာ

စစ်ကောင်စီက ဖမ်းဆီးနေမှုကြောင့် ထိုင်းနိုင်ငံမှ မွန်ပြည်နယ်သို့ တင်သွင်းလာသည့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများအပါအဝင် ထိုင်းကုန်ပစ္စည်းများ စျေးမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူနှင့် စားသုံးသူအချို့တို့ထံမှ သိရသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဌာနပေါင်းစုံ ပါဝင်သည့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က အောက်တိုဘာလ ၁၂ ရက်နေ့မှစပြီးလိုက်လံဖမ်းဆီး သိမ်းဆည်းနေသည်ဟု ထိုင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသူတို့က ပြောသည်။

ထိုင်းကုန်ပစ္စည်းများ လိုက်လံဖမ်းဆီးနေသည့်အတွက် စျေးကွက်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၀၀ မှ ကျပ် ၁၅၀၀ ခန့်အထိ စျေးတက်လာကြောင်း အထူးသဖြင့် ထိုင်းနိုင်ငံထုတ် စားသုံးဆီးများ တစ်ဗူးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဝန်းကျင်အထိ စျေးတက်သွားသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

“အကုန်စျေးတက်နေတယ် အခုက။ ထိုင်းကလာတဲ့ အသားမှုန့်၊ အချိုမှုန့်၊ ခရုဆီ အကုန်တက် ၁၀၀၊၂၀၀ တက်သွားတယ်။ ဆီဆိုရင် ကျွန်မတို့သုံးနေတဲ့ ပဲပိစပ်တံဆိပ်က အခု ၉၀၀၀ ကျော် ဖြစ်သွားပြီး၊ တစ်လီတာဗူးပေါ့။ ၈၀၀၀ ကျော်ကနေ တက်သွားတာ။ တစ်ဆိုင်နဲ့တစ်ဆိုင်ကလည်း စျေးကမတူဘူး။ တစ်ဗူး တစ်သောင်းနဲ့ ဝယ်ခဲ့ရတဲ့လူလည်းရှိတယ်” ဟု မော်လမြိုင်မြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။

မွန်ပြည်နယ်စျေးကွက်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်း အများစုသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တင်သွင်းလာခြင်းဖြစ်သည်။

“မွန်ပြည်နယ် စျေးကွက်မှာ ယိုးဒယားပစ္စည်းတွေက အဓိကပဲလေ။ အသုံးလည်း များတယ်။ အခုတလောမှာ ယိုးဒယားပစ္စည်းတွေကို လိုက်ဖမ်း၊ လိုက်သိမ်းနေတော့။ စျေးကွက်မှာ ကမောက်ကမတော့ဖြစ်သွားတယ်။ ရှိတဲ့ပစ္စည်းတွေကို စျေးတင်ရောင်းကြတော့ ‌စျေးတွေက တက်သွားတယ်” ဟု မော်လမြိုင်မှ ထိုင်းကုန်ပစ္စည်းရောင်းချနေသူတစ်ဦးက ပြောသည်။

နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများကို ပွဲရုံ၊ ဂိုဒေါင်၊ စျေးတို့တွင်ဖမ်းဆီးနေသလို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သည်ကို တွေ့ပါကလည်း ဖမ်းဆီးနေကြောင်း ထိုင်းကုန်ပစ္စည်း ရောင်းချနေသူများထံမှ သိရသည်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်သွင်းကုန်များကို စစ်ဆေးအရေးယူရန် ညွှန်ကြားသည့် အောက်တိုဘာလဆန်းမှစတင်ကာ ထိုင်းကုန်ပစ္စည်းများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။