BREAKING
December 23, 2024

မောင်မယ်ရှောင်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးထပ်ရှို့

November 1, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအုပ်စု၊ ထားဝယ်နည်းပညာတက္ကသိုလ်အနီး ကွမ်းသီးခြံအတွင်းရှိ နေအိမ်များကို အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀နာရီ‌ကျော်ခန့်တွင် စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။

ရေဖြူ-ထားဝယ် လမ်းပိုင်း ထားဝယ်နည်းပညာ တက္ကသိုလ်အနီး (ဟားလီးကွေ့) တွင် အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီး နောက်ရက်တွင် ယင်းသို့မီးရှို့ခဲ့ခြင်းဖြစ်သည်။

“(မီးရှို့ခံရတာ)လမ်းမအရှေ့ဘက်ခြမ်းက ကွမ်းသီးခြံထဲက အိမ်ပါ အဲဒီထဲမှာ အိမ်တွေလည်းများတယ်”ဟု ဒေသခံကပြောသည်။

မီးလောင်သည့်နေအိမ်အရေအတွက်ကို Dawei Watch အနေဖြင့် အသေးစိတ် မေးမြန်းစုံစမ်း နေဆဲဖြစ်သည်။

မောင်မယ်ရှောင်ကျေးရွာနှင့် အနီးဝန်းကျင်တွင် ယခုနှစ် ဧပြီလကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ထိတွေပစ်ခတ်မှု ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။

ထိတွေ့တိုက်ပွဲဖြစ်ပြီးချိန်တိုင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်သည့်နေရာ အနီးမှ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လေ့ရှိပြီး၊ ယခုနှစ် ဇူလိုင်လမှ ယနေ့အထိ မောင်မယ်ရှောင်ရွာတွင်မီးရှို့ခံရသည့် ‌လူနေအိမ် ၅၀ ကျော်အထိရှိလာပြီဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း နေအိမ်မီးရှို့ခံလိုက်ရသည့် မောင်မယ်ရှောင်ရွာသူ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “တို့တွေဘယ်ချိန်ရွာပြန်ရမလဲ မသိတော့ဘူး” ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ အနီး ရေဖြူ-ထားဝယ်လမ်းပိုင်းတွင် ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှပစ်သည့် လက်နက်ကြီးထိမှန်သည့်အတွက် ညင်းထွေးရွာသားတစ်ဦး သေဆုံးခဲ့သည်။