BREAKING
December 30, 2024

စစ်ကောင်စီစခန်း ၈၇ခုကို သိမ်းထားပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များ အလင်းဝင်ဟု MNDAA ထုတ်ပြန်

November 1, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်း ၈၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်နှင့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်MNDAA က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်ဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၁ရက်နေ့တွင် တပ်စခန်းခုနစ်ခုသိမ်းဆည်းနိုင်ခဲ့ပြီး ယနေ့အထိ တပ်စခန်း ၈၇ ခု တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ်TNLA ၊ ရခိုင်တပ် AA တို့က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုးကန့်၊ မုံးကိုး ၊ သိန္နီတို့တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။

ကိုးကန့်ခရိုင် တုန်ရှမ်ဒေသ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်စခန်းများကို အောက်တိုဘာလ ၃၁ရက် တစ်ညလုံး တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်တွင် စခန်းလေးခုသိမ်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းမှထွက်ပြေးသွားကြောင်းလည်း MNDAA က ထုတ်ပြန်သည်။

မုံကိုးက ဟုတ်ကျီကျင့်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

သိန္နီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်အဖွဲ့စခန်းတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အပါအဝင် ၁၆ဦး ဖမ်းဆီးကာ ငါးဦးကို ချေမှုန်းနိုင်ခဲ့ကြောင်းလည်းဖော်ပြသည်။

လားရှိုးမှ စစ်ကူလာသော သံချပ်ကာအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေးသားထားသည်။

ကွမ်းလုံမြို့နယ် ကံမိုင်းဒေသရှိ ရမခ ၁၄၃ က တပ်ဖွဲ့ဝင် ၄၁ဦးနှင့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က အဖွဲ့ဝင် ၁၅ဦးအောက်တိုဘာလ ၃၁ ရက်က လက်နက်ချအလင်းဝင်လာကြောင်း MNDAA က ထုတ်ပြန်သည်။

ကံမိုင်းဒေသက လက်နက်ချ အလင်းဝင်လာသူများကို လုံခြုံစိတ်ချရသည့် နေရာသို့ပို့ဆောင်ပေးခဲ့ပြီး တစ်ဦးကို လမ်းစရိတ် မြန်မာငွေ ကျပ်၁၅သိန်း ပေးခဲ့ကြောင်းလည်း ဆိုသည်။

ဖောင်းဆိုင်ဒေသ လက်နက်သိမ်းဆည်းထားသည့် နေရာတစ်ခုတွင် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်း ရမိကြောင်းလည်း မြောက်ပိုင်းမဟာမိတ်များတွက် ထုတ်ပြန်ထားသည်။

ဖောင်းဆိုင်တွင် အောက်တိုဘာလ ၃၁ ရက်က သံချက်ကာကားတစ်စီး ထပ်မံရရှိခဲ့သဖြင့် သံချပ်ကာကားခြောက်စီးအထိ သိမ်းဆည်းရမိပြီဖြစ်ကြောင်းလည်း ဖော်ပြသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့တို့ကို လုံးဝထိန်းချုပ်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။