BREAKING
January 13, 2025

လောင်းလုံး လက်ခတ်တောင်တိုက်ပွဲအပြီး စစ်ကောင်စီတပ် ဘောလုံးကွင်းတွင်တပ်စွဲ

November 1, 2023

လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာသို့သွားသော လမ်းပိုင်းဖြစ်သည့် လတ်ခတ်တောင် ဖုန်းတာဝါတိုင်အစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီးနောက် လောင်းလုံးမြို့ ဘောလုံးကွင်းအတွင်း စစ်ကောင်စီတပ်က တပ်လာစွဲထားကြောင်း မြို့ခံအချို့က ပြောသည်။

မတ်လ ၃၁ ရက်တွင် လောင်းလုံးမြို့ လောင်းလုံးဘောလုံးကွင်းဝင်းအတွင်းရှိ မိုးလုံလေလုံးအားကစားခန်းမထဲတွင် စစ်ကောင်စီတပ်က တပ်လာစွဲလိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

လက်ခတ်တောင်ရှိ ဖုန်းတာဝါတိုင်ကို စစ်ကောင်စီ အစောင့်ချထားသည်မှာ နှစ်ချီရှိနေပြီဖြစ်ပြီး လမ်းသွား၊ လမ်းလာ များ၊ ရေလုပ်သားများထံတွင် ငွေကြေးတောင်းခံလေ့ရှိကြောင်း ယင်းလမ်းပိုင်းကိုဖြတ်သန်းဖူးသူတို့က ဆိုသည်။

ယင်းတာဝါတိုင်အစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က အောက်တိုဘာလ ၂၇ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ကြားရတဲ့အသံကတော့ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တဲ့ပုံစံမျိုးပဲ ဖြစ်လိမ့်မယ်ဗျ။ အနီးကပ်ဝင်ပစ်တာတော့ မဖြစ်နိုင်ဘူးထင်တာပဲ။ ကိုယ်တိုင်မမြင်ရတော့ အတိတိအကျတော့ မသိရဘူးပေါ့ဗျာ” ဟု စမ်းလှမ်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး၏ ပေါင်တွင် ဒဏ်ရာရရှိခဲ့သည့် သတင်းလည်းကြားရကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ထုတ်ပြန်ချက်တွင်မူ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က နှစ်ဦးသေဆုံးပြီး ၎င်းတို့ဖက်တွင် ခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့ကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ကြားတာကတော့ သူတို့ (PDF) ထဲကတစ်ယောက် ပေါင်တံမှာထိတယ်။ စစ်တပ်က တိုက်ပွဲအပြီးမှာ တောနင်းရှာနေလို့ ရွာသားတွေ တောတောင်တွေထဲ မသွားကြနဲ့၊ ‌ရော်ဘာခြစ်သမားတွေကို သတိပေးထားဆိုပြီး မှာခဲ့တယ်ဆိုပြီး ပြောနေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘယ်မှကိုမသွားရဲဘူး” ဟု တိုက်ပွဲဖြစ်သည့် နေရာအနီးက လောင်းလုံးမြို့ခံတစ်ဦးကဆိုသည်။

လောင်းလုံးမြို့မ ဘောလုံးကွင်းတွင် ယခင်က စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ဖူးခြင်းမရှိသော်လည်း ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့များကို သင်တန်းပေးဖူးကြောင်း မြို့ခံအချို့က ဆိုသည်။

အများအားဖြင့် စစ်ကောင်စီတပ် တပ်စွဲလေ့ရှိသည်မှာ စစ်ဖက်ရေးရာလုံခြုံရေးတပ် (စရဖရုံး) တွင်ဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

လောင်းလုံးမြို့‌ပေါ်တွင် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့များ စစ်ဆေးတင်းကျပ်ပြီး ငွေတောင်းကြမ်းသည့်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည်။

ယင်းအတွက်ကြောင့် ‌ဒေသတွင်းနေထိုင်ကြသူများမှာ လောင်းလုံးမြို့ကို ဖြတ်သန်းသွားလာရန် အလွန်စိုးရိမ်ကြကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုမူ စစ်ကောင်စီတပ်ကပါ အင်းအားထပ်တိုးပြီး တပ်လာစွဲလိုက်သဖြင့် ကထိန်ခင်းကာလ စစ်ရေးတင်းမာလာမည်ကို စိုးရိမ်ကြောင်း အနီးနားရှိဒေသခံများက ပြောသည်။