မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွင် ဆေးဝါးပြတ်လပ်နေကြောင်း စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
စစ်ကောင်စီတပ်က ပုလောအရှေ့ဖျားကျေးရွာများသို့ ဆန်၊ ဆီ၊ ရိက္ခာများသယ်ယူခွင့် ကန့်သတ်ထားပြီး ဆေးဝါးများကိုလည်း သယ်ယူခွင့် ပိတ်ထားသည်မှာ ၂ နှစ်ခန့်ရှိလာနေပြီဖြစ်သည်။
“လမ်းကြောင်းတွေက အဆင်မပြေ။ ပိတ်ထားတဲ့အခြေအနေမှာ ဆေးကို လုံးဝသယ်ခွင့်မပေးဘူးဆိုတော့ လတ်တလောမှာ ဆေးဝါးပြတ်လပ်တဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်” ဟု စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်က လမ်းကြောင်းတင်းကျပ်ပိတ်ဆို့မှုကြောင့် ဆေးဝါးအပြင် ဆန်၊ ဆီရိက္ခာအချို့ သယ်ယူရ ခက်ခဲလာပြီး ဈေးနှုန်းကြီးမြင့်မှုနှင့်လည်း ကြုံနေရကြောင်း ၎င်းက ဆိုသည်။
စစ်ဘေးရှောင်ဦးရေလည်း ထပ်တိုးလာခြင်းကြောင့် စစ်ရှောင်ပြည်သူများအပေါ် သတ်မှတ်ထားသည့်အတိုင်း ရိက္ခာကို ရာနှုန်းပြည့် မထောက်ပံ့နိုင်တော့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

“ဆန်တွေလည်း လျှော့ပြီး ထောက်ပံ့ပေးနေရတယ်။ လက်ရှိမှာ ကျွန်မတို့ အနိုင်နိုင်သွားနေရတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပုလောစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်နှစ်က စစ်ဘေးရှောင်ဦးရေ ၁၈၀၀ ခန့်သာ ရှိခဲ့ပြီး တိုက်ပွဲများကြောင့် လက်ရှိတွင် စစ်ရှောင်ဦးရေ ၂၈၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းထံမှ သိရသည်။
စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်းရှိ ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာထားပြီး ရိက္ခာသယ်ယူမှုကိုလည်း တင်းကျပ်ကန့်သတ်ထားသည်။