BREAKING
December 25, 2024

၂၁ ရာစုအတွက် အရေးပါသော တီထွင်ဆန်းသစ်မှုများ

November 1, 2020

လူနှင့်တီထွင်ခြင်းသည် တွဲလျက်သားဖြစ်ထွန်းတိုးတက်လာနေပေသည်။ လူသားတို့၏ တမူထူးသော ဉာဏ်ကြောင့်ပင် သက်ရှိမျိုးစိတ်များထဲတွင် လူသတ္တဝါသည် အခြားသော သက်ရှိများ အပေါ် လွှမ်းမိုးခြယ်လှယ်နိုင်သော အဆင့်သို့ရောက်ရှိလာခဲ့ပေသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ စက်မှု တော်လှန်ရေး စသော သမိုင်းများကို ပြန်ကြည့်လျှင် လူမျိုးနွယ်တို့၏ တိုးတက်ပြောင်းလဲမှုမှာ ဆန်းသစ်တီထွင်မှုနှင့် ခွဲ၍မရအောင် အတူတကွရှိနေသည်ကိုတွေ့ရပေမည်။ ယနေ့ကာလ ၂၁ ရာစု တွင်မူ တီထွင်မှုများသည် နေ့စဉ်နှင့်အမျှ ဖြစ်ထွန်းနေသကဲ့သို့ ခေတ်အဆက်ဆက် တီထွင်ခဲ့မှုပေါင်းများစွာ၏ အထွတ်အထိပ်သို့ ရောက်နေပြီဟုလည်း ပြောကြပါသည်။ တိုတောင်းသောအချိန် ကာလလေးမှာပင် ပစ္စည်းတစ်ခုသည် မော်ဒယ်နိမ့်သွားနိုင်သည်။ လူမသုံးတော့သော အဖြစ်သို့ရောက်သွားနိုင်ပေသည်။ ဤသို့သော အဖြစ်မျိုးသို့ ရောက်အောင် မရပ်မနား ဆန်းသစ်တီထွင်နေသော ပညာရှင်များ အထောက်အပံ့များ စီးပွားရေးလုပ်ငန်းများ ပညာရပ်ဆိုင်ရာ ရပ်ဝန်းများ ပေါလှသော ခေတ်ပင်။ နေ့စဉ်နှင့်အမျှ ဆန်းသစ်တီထွင်မှုများ ထွက်ပေါ်လာသည်များမှ ၂၁ ရာစုအတွင်း အရေးပါလာသော တီထွင်မှုများကို ကောက်နုတ်တင်ပြလိုပေသည်။

သုံးဘက်မြင် ပုံနှိပ်စက်
အများစုသော ယနေ့ခေတ်တီထွင်မှုများမှာ ယခင်ကာလ ပညာရှင်များ ချန်ထားရစ်ခဲ့သော အယူအဆများ သဘောတရားများကို အခြေခံထားခြင်းပင်ဖြစ်သည်။ သုံးဘက်မြင် ပုံနှိပ်စက်သည်လည်း ရှေးယခင် ၁၉ ရာစုခန့်က ပထဝီဝင်အနေအထားမြေမျက်နှာအသွင်အပြင်များကို ပုံစံငယ်များအဖြစ် မြေပုံထုတ်သည့် အကြံကို ယူထားခြင်း ပင်ဖြစ်သည်။ သုံးဘက်မြင် ပုံနှိပ်စက်ကို ၁၉၈၀ ခုနှစ်တွင် စတင်ခဲ့ကြောင်း လူအများစုသိကြပေသည်။ ယနေ့အခါတွင် ထိုသုံးဘက်မြင် ပုံနှိပ်စက်နည်းပညာကိုများစွာ အဆင့်မြှင့် ဆန်းသစ်ကာတွင် ကျယ်စွာသုံးနေကြပြီဖြစ်သည်၊ ကား အစိတ်အပိုင်းအချို့မှသည် တံတားများ၊ ဘဲလေးအကတွင်သုံးသည့် ဖိနပ်များနှင့် အချို့နေရာတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းပုံစံအချို့ကိုပင် သုံးဘက်မြင်နည်းပညာဖြင့် ထုတ်လုပ်နေပြီဖြစ်သည်။

အီးစီးကရက်များ
လွန်ခဲ့သော ဆယ့်လေးနှစ် ၂၀ဝ၆ ခုနှစ်ခန့်က ခေတ်ပေါ် အီးစီးကရက်ဟု လူအသိများသော အရာကို စတင်မိတ် ဆက်ခဲ့သည်။ အီးစီးကရက်ဆိုသည်မှာ ယေဘုယျဆိုရလျှင် လျှပ်စစ်သုံးစီးကရက် (ဝါ) လျှပ်ဆေးလိပ်ဟုဆိုရမည်ဖြစ်သည်။ မြန်မာဆန်ဆန် ဓာတ်ဆေးလိပ်ဟုဆိုလျှင်လည်း မမှားပေ။ ဆေးရွက်များကို လှီး၍ အခြားသော အရာများရောစပ်ကာ စက္ကူနှင့်လိပ်ထားသော သမားရိုးကျ ဆေးလိပ်မျိုးမဟုတ်ဘဲ လျှပ်စစ်သုံး ပစ္စည်းများပါဝင်ကာ အားသွင်းရသော၊ ဆေးရည်ဖြည့်စွက်ကာ သောက်နိုင်သော ကိရိယာကလေးပင်။ ထိုသို့ လျှပ်ဆေးလိပ်စပေါပြီးနောက်မှာပင် လူများအကြား ယင်းဆေးလိပ်ကို သုံးစွဲမှုများလာ ခဲ့သည်။ ရိုးရိုး သာမန်ဆေးလိပ်နှင့်မတူ တမူထူးသော ဆေးလိပ်တွင် မိမိတို့ ကြိုက်နှစ်သက်သော ရနံ့များ ရွေးချယ်သောက်နိုင်ခြင်းကလည်း ဤပစ္စည်းကို ထုတ်သော ကုမ္မဏီများအတွက် အောင်မြင်မှုများရစေခဲ့သည်။ ယနေ့အချိန် တွင်မူ အီးစီးကရက်တွင်ရွေးချယ်စရာ များစွာရှိလာကာ ဆေးလိပ်ဖြတ်လိုသူများအတွက်လည်း ဆေးလိပ်အစားထိုး ဖြေသိမ့်စရာတစ်ခုဖြစ်လာခဲ့ပေသည်။ သို့ရာတွင် ယင်းဓာတ်ဆေးလိပ်များ၏ ဆိုးကျိုးကလည်းရှိနေပြန်သည်။ အချို့ သော ကျန်းမာရေးအဖွဲ့များက ဓာတ်ဆေးလိပ်များ၏ အန္တရာယ်ကင်းမှုများကို မေးခွန်းထုတ်ကာ ကလေးများနှင့် လူငယ်များ အကြိုက်တွေ့လာသော အနှီ လျှပ်ဆေးလိပ်များကို တားမြစ်လာခဲ့ကြပေသည်။

သန္ဓေတားကပ်ခွာ
လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မိသားစု အစီအစဉ်ချသည့် လုပ်ငန်း စဉ်များချောမွေ့လာစေရန် ဆန်းသစ်တီ ထွင်မှုများစွာ ပြုလုပ်ခဲ့ကြပါသည်၊ အထူးသဖြင့် အမျိုးသမီးများကို ဦးတည်ကာ ကလေးဖွားနှုန်း ထိန်းရန် ကြိုးပမ်းခဲ့ကြ သော်လည်း လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကိုမူ ကာကွယ်ရန် ထိရောက်သော တီထွင်မှုများစွာကို မလုပ်နိုင်သေးပေ။ သန္ဓေတားကပ်ခွာကို လွန်ခဲ့သော ၂၀ဝ၂ ခုနှစ်တွင် စတင်ကာ အမေရိက၌ ဖြန့်ခဲ့ကာ ကိုယ်ဝန်ဆောင် ရန် မရည်ရွယ်သေးသော အမျိုးသမီးများအတွက် အထောက်အကူဖြစ်ရန် တီထွင်ခဲ့ခြင်းပင်ဖြစ်သည်၊ ပလပ် စတစ်ကပ်ခွာကလေးတွင် တူညီသော ဣတ္ထိ ဘာဝ၊ ပုမ္ဘာ ဘာဝ ဟိုမုန်းများပါ ဝင်ကာ အခြားသော သန္ဓေတားဆေးများ ကဲ့သို့ပင် အာနိသင်ရှိသည်ဟုဆိုပါသည်။ ကိုယ်ခန္ဓာတွင် အလွယ်ကပ်ကာ သန္ဓေတားနိုင်သော ကပ်ခွာလေးများ သည်လည်း လူများစွာအတွက် အထောက်အကူပြု ပစ္စည်း ဖြစ်လာခဲ့ပါသည်။

ဘလော့ချိန်းနည်းပညာ
ဘလော့ချိန်းကို ကြားဖူးကြသော်လည်း နားလည်ရန်ခက်နိုင်ပေသည်။ သို့ရာတွင် အသုံးတွင်လာသော နည်းပညာတစ်ခုလည်းဖြစ်သည်။ အရိုးစင်း ဆုံးရှင်းပြရလျှင် ဤနည်းပညာတွင် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ အချင်းချင်း သတင်းအချက်အလက်များ အပြန်အလှန် ရယူ ပေးပို့ကြရာတွင် စာရွက်ပေါ်တွင်ကဲ့သို့ မသမာမှုများပြု လုပ်ရန် မလွယ်အောင် ကောင်းမွန်သော မှတ်တမ်းမှတ်ရာများဖြစ်စေရန်ဖန်တီးထားသော နည်းဖြစ်ကာ ပွင့်လင်းမြင်သာ မှု ရှိအောင်လည်း ပုံစံထုတ်ထားသော စနစ်မျိုးပင်။ လွယ်လွယ်ဆိုရသော နည်းပညာဖြင့် စာရင်းအင်း ကျကျနန အချိတ်အဆက်မိမိ ထောင့်စေ့အောင်လုပ်ထားသော စနစ်နည်းပညာဖြစ်သည်။ ယင်းနည်းစနစ်ကို ၂၀ဝ၈ ခုတွင် ဘစ်ကွိုင်ဟုခေါ်သော ဒီဂျစ်တယ်ငွေကြေးဖန် တီးရန် စတင်အသုံးပြုခဲ့ကာ နောင်တွင် ဒီဂျစ်တယ် ငွေကြေးလုပ်ငန်းအတွက် သုံးလာခဲ့သည်။ ယခုအခါတွင်မူ ဘဏ်များကဲ့သို့သော ငွေကြေးဆိုင်ရာ လုပ်ငန်းများစွာ အပါအဝင် အခြားသော လုပ်ငန်းများက ဤနည်းပညာကို ကျယ်ပြန့်စွာ သုံးလာခဲ့သည်။

ဆေးလုံးအရွယ်ကင်မရာငယ်
လွန်ခဲ့သော ၉၀ ပြည့်နှစ်များက စမ်းသပ်ထားနှင့်အလင်းထုတ်လွှင့်သော လျှပ်ဆိုင်ရာနည်းပညာ၊ အမြင်ဆိုင်ရာ ဒီဇိုင်းပုံများ၊ ပုံရိပ်ဖော်သည့် စနစ်များက ဆေးလုံးအရွယ်ကင်မရာငယ် ကလေးအတွက် ရေခံမြေခံဖြစ်လာခဲ့သည်။ ပထမဦးဆုံးအနေနှင့် ၂၀ဝ၁ ခုနှစ်အတွင်း လူနာတစ်ဦးကို စမ်းသပ်ရာတွင် အူလမ်းကြောင်းတ‌လျှောက်စစ်ဆေး ပေးနိုင်သော (Capsule Endoscopy) ဆေးလုံး အရွယ်ကင်မရာငယ်ကို စတင်အသုံး ပြုခဲ့သည်။ ယင်းဆေးစစ်ကိရိယာ ကလေးမှာ အားဆေး တောင့်ကလေး အရွယ်သာရှိကာ အလွယ်တကူမြိုချနိုင် သော ပုံစံထုတ်ထား၏။ ထိုတီထွင်နိုင် မှုသည်လည်း ဆေးလောကအတွက် လူထုကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သော အထောက်အကူဖြစ်လာခဲ့ပေသည်။ ယနေ့အချိန်တွင်မူ ပိုမိုကောင်းမွန်သော နည်းပညာဖြင့်မွမ်းမံထားသည့် ထိုသို့သော ကျန်းမာရေးစစ်ဆေးသည့် အထောက်အကူပြု ကိရိယာမျိုးကို တွင်ကျယ်စွာသုံးနေပြီဖြစ်သည်။

ခေတ်မီ လူလုပ် ပန်ကရိယ
ကိုယ်ခန္ဓာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပန်ကရိယကိုပင် တုပ၍ ပြုလုပ်သုံးစွဲနေပြီဖြစ်သည်။ အင်ဆူလင် ဓာတ်ကိုထောက်ပံ့ပေးသော စနစ်မျိုးပါသည့် ပထမဆုံး လူလုပ် ပန်ကရိယသည် လွန်ခဲ့သော၁၉၇၀ ပြည့် နှစ်နှောင်းပိုင်းနှစ်များကပင် စတင်ပေါ် နေခဲ့ပြီဖြစ်သည်။ မကြာသေးမီနှစ်များက လူလုပ် ပန်ကရိယများကို အဓိကအားဖြင့် ဆီးချို အမျိုးအစား (၁) ကိုကုသရန် သုံးနေပြီဖြစ်သည်။ ထိုလူလုပ်ပန်ကရိယများကို အမေရိကတွင် ၂၀၁၆ ကမှ အမေရိကတွင် စတင်ခွင့်ပြုခဲ့ကာ ပိုမို ကောင်းမွန်ဆန်းသစ်သောအမျိုးအစား ဖြစ်သော ပန်ကရိယ ကိရိယာဖြစ်အောင် အားထုတ်လာကြသည်။ ခေတ်မီ ပန်ကရိယ စနစ်တွင် သွေးအတွင်းရှိ သကြားဓာတ်ကို စောင့်ကြည့်တိုင်းတာကာ လိုအပ်သော အင်ဆူလင်ပမာဏကိုတွက်ချက်ပေး၍ သေးငယ်သော စက်ကလေးနှင့် ဆေးသွင်းပေးနိုင်အောင်အထိ စနစ်တကျ ဖန်တီးထားသည်။ အထူးအားဖြင့် ဆီးချို ဝေဒနာရှင်များအတွက် အထူးအရေးပါသော အရာဖြစ်လာခဲ့သည်။

လျှပ်စာဖတ်သူများ
ဆိုနီကုမ္ပဏီက ယနေ့ကျွန်ုပ်တို့မြင် နေရသော လျှပ်စာလုံးများ၏ နည်းပညာကို စခဲ့ခြင်းဖြစ်သည်။ လျှပ်မင် နည်းပညာကို သုံးလာနိုင်အောင် အားထုတ်ခဲ့သည်မှာ လွန်ခဲ့သော ၁၉၇၀ ပြည့် နှစ်များမှဖြစ်ပြီး ၁၉၉၀ လောက် အရောက်တွင် တိုးတက်ကောင်းမွန်လာခဲ့ သည်။ ၂၀ဝ၇ခုတွင် အမေဇုန်၏ Kindle ကထိုနည်းပညာကို ဆိုနီထံမှ ရယူခဲ့၏။ စမတ်ဖုန်းများနှင့် ဓာတ်သင်ပုန်းများ ခေတ်စားလာသော ယနေ့အချိန်တွင်မူ ထိုနည်းပညာခေတ်စားမှုကျလာသော်လည်း ကမ္ဘာတစ်လွှားမှ စာဂျပိုးများကမူ သစ္စာရှိရှိသုံးနေဆဲ ပင်ဖြစ်သည်။ ထို နည်းပညာကြောင့်ပင် စာများစွာကို စာအုပ်များစွာမလိုဘဲ သိမ်းထားနိုင်သော အခြေအနေမျိုးရောက်လာခဲ့ပေသည်။

ဗီဇပြုပြင်ခြင်း
ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေတက္ကသိုလ်နှင့် ဟားဗတ် တက္ကသိုလ်မှ အဖွဲ့များသည် မျိုးရိုးဗီဇ ပြုပြင်နိုင်သော နည်းကို ၂၀၁၂ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ ဘက်တီးရီးယားများ၏ ကိုယ်ခံစွမ်းအားစနစ်ကို မျိုးရိုးဗီဇပြုပြင်ရတွင် ထိရောက်သော အရာအဖြစ်သုံးကာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအချို့၏ မျိုးရိုးဗီဇ DNAကို အသေးစိတ် ပြောင်းနိုင်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုတွေ့ရှိမှုသည်ပင် ဇီဝနည်းပညာ နယ်ပယ်အတွက် တစ်ခေတ်ဆန်းစေခဲ့၏။

ရောဂါအချို့ကို ပျောက်ကင်း အောင်တိုက်ဖျက်ရာတွင် ထိုမျိုးရိုးဗီဇ ပြောင်းသည့်နည်းကို ထိရောက်စွာသုံးနိုင်သော အလားအလာရှိလာခဲ့သည်။ ကြွက်များနှင့် ခြင်အချို့၏ မျိုးရိုးဗီဇကို ပြောင်းခြင်းအားဖြင့် ငှက်ဖျားကဲ့သို့သော ရောဂါများ ထိန်းချုပ်ရန်ကြိုးစားနေကြသော်လည်း ကျင့်ဝတ်ဆိုင်ရာ မေးခွန်းများက ရှိနေခဲ့သည်။ အထူးသဖြင့် လူသားတို့၏ မျိုးဆက်ပွားခြင်းအတွက် မျိုးရိုး ဗီဇကို ပြုပြင်ရန်လုပ်ဆောင်မှုများက ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများနှင့် ကြုံရနိုင်ချေရှိနေသည်။ မည်သို့ဆိုစေ ထိုတွေ့ရှိမှုက အတိုင်းအတာတစ်ခုအထိ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သော အရာဖြစ်လာနိုင်ချေများပေသည်။