ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ ၁၇ တပ်ရင်း၊ ပလမြို့ရဲစခန်းနှင့် တာဝါတိုင်စခန်းကုန်းတို့ကို ဒေသတွင်း တော်လှန်ရေးတပ်များက လေးရက်အတွင်း ဒရုန်းဖြင့် ၁၆ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၆ရက်မှ ၂၉ရက်နေ့အထိ လေးရက်တာကာလအတွင်း စစ်ကောင်စီ၏ ခလရ -၁၇ တပ်ရင်းကို နှစ်ကြိမ်၊ ပလရဲစခန်းကို ခြောက်ကြိမ်၊ အော်သာယာဆက်သွယ်ရေး တာဝါကုန်းကို တစ်ကြိမ်နှင့် တိုတာဝါတိုင်စခန်းကုန်းကို ခုနစ် ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်း ပုလောပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ပလရဲစခန်းကို (ဗုံး) ချတဲ့အချိန်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြန်ပစ်တာတွေမျိုးရှိတယ်။ သူတို့ (စကစ) ကို တိုက်ခိုက် ခဲ့တဲ့အချိန်မှာ အဆောက်အအုံတွေပေါ်ကျတယ်။ စကစ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းကဲ့သို့ ဒရုန်းဖြင့် ရက်ရှည်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေကို သိနိုင်ရန် စုံစမ်း နေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။
ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် ပလမြို့မရဲစခန်းထဲရှိ အဆောက်အအုံကို ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ကို တွေ့ရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပလမြို့အတွင်း ကျေးရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သော်လည်း လူနှင့် နေအိမ်ထိခိုက်မှု မရှိခဲ့ကြောင်း ပလမြို့ခံတစ်ဦးက ပြောဆိုသည်။
ထိုသို့ တပ်ရင်းနှင့် တပ်စခန်းများဆက်တိုက်တိုက်ခိုက်ခံရပြီးနောက် ပလမြို့နှင့်ဝန်းကျင်ကို စစ်ကောင်စီတပ်က ရေကြောင်း ကတစ်ဆင့် အင်အားတိုးချဲ့ရန် ကြိုးပမ်းနေသလို စစ်ကြောင်းထိုးရန်အတွက်လည်း ပြင်ဆင်နေသည်ကိုတွေ့ရကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။