BREAKING
January 12, 2025

လက်ဘနွန်နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ပြီး အစ္စရေးက မြေပြင်ထိုးစစ်စတင်

October 1, 2024

လက်ဘနွန်နိုင်ငံအတွင်း ဝင်ရောက်ကျူးကျော်တိုက်ခိုက်သည့် မြေပြင်ထိုးစစ်ကို အင်္ဂါနေ့(ယနေ့) နံနက်အစောပိုင်းတွင် အစ္စရေးဘက်က စတင်လိုက်သည်။

၂၀၀၆ ခုနှစ်က လနှင့်ချီကြာမြင့်ခဲ့သည့် အစ္စရေး-ဟစ်ဇ်ဘိုလာစစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား မြေပြင်တိုက်ပွဲ ပြန်လည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဤစစ်ဆင်ရေးကို ‘လက်ဘနွန်တောင်ပိုင်းတွင် အကန့်အသတ်ဖြင့် ပစ်မှတ်ထားဖော်ဆောင်သည့် မြေပြင်စီးနင်းတိုက်ခိုက်မှု’ဟု အစ္စရေးဘက်က ကြေညာသည်။ ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်နေမှုများအပြင် ယခုစစ်ဆင်ရေးကြောင့် စစ်မက်ပဋိပက္ခပိုမိုအရှိန်မြင့်လာခဲ့ပြီ ဖြစ်သည်။

လက်ဘနွန်နိုင်ငံထဲ မြေပြင်စစ်ဆင်ရေးဖော်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ၏ သွယ်ဝိုက်ပြောဆိုမှုများ ယခင်ကတည်းက ရှိခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကုန်း ၊ ရေ ၊ လေ တပ်ဖွဲ့အားလုံးကို အသုံးပြုရန် ပြင်ဆင်ထားကြောင်း အစ္စရေး – လက်ဘနွန်နယ်စပ်ရှိ အစ္စရေးတပ်ဖွဲ့များကို ၎င်းက ပြောဆိုခဲ့သည်။

သောကြာနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ခြင်းက အလွန်အရေးပါသည့်‌ ခြေလှမ်းတစ်ခု ဖြစ်သော်လည်း ယင်းမျှဖြင့် ပြီးဆုံးသွားဦးမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အစ္စရေးပြည်သူများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ၊ ယခုစစ်ဆင်ရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ပြောသည်။

လက်ဘနွန်စစ်တပ်က နိုင်ငံ့တောင်ပိုင်း၏ နယ်စပ်ဒေသတွင် တပ်ဖြန့်ထားသည့် ၎င်းတို့ တပ်ဖွဲ့များကို မြောက်ဘက် ၅ ကီလိုမီတာအကွာအထိ နောက်ဆုတ်ခိုင်းခဲ့သည်။ ဒေသခံများအနေနှင့် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဆက်စပ်သည့် အဆောက်အဦးများကို စွန့်ခွာကြရန် အစ္စရေးဘက်မှ သတိပေးပြီး များမကြာမီပင် ယခုမြေပြင်ထိုးစစ် စတင်လာခြင်း ဖြစ်သည်။

လက်ဘနွန်နိုင်ငံထဲ ဝင်ရောက်လာမည့်အစ္စရေး၏ စစ်ဆင်ရေးအမျိုးအစားတိုင်းအတွက် မိမိတို့ဘက်မှ အဆင်သင့်ပြင်ထားပြီး ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုတိယခေါင်းဆောင် Sheikh Naim Qassem က ဆိုသည်။

ဂါဇာစစ်ပွဲစတင်ပြီးနောက် ပေါ်ပေါက်လာသည့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကြား တစ်နှစ်နီးပါးကြာ နယ်စပ်ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်မှုများကြောင့် လက်ဘနွန်နယ်စပ်မှ အစ္စရေးနိုင်ငံသားများ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။ ထိုသူများအားလုံး နေရပ်ပြန်နိုင်စေရမည်ဟု အစ္စရေးအစိုးရက ကတိပြုထားသည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား စစ်ရေးပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ ဖြစ်ရပ်နောက်ပိုင်းကတည်းက တစတစ ပိုမိုပြင်းထန်တင်းမာလာခဲ့ရာမှ တစ်နှစ်ပြည့်ခါနီးချိန်တွင် လက်ဘနွန်နိုင်ငံထဲသို့ အစ္စရေး၏ မြေပြင်ကျူးကျော်ထိုးစစ်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Ref: BBC, Associated Press