တတိယအရွယ်ရောက်ရင် တရားရှာ အခုတော့ ခဏဆိုင်းထားလိုက်ရတယ်။ တရားရှာရမယ့် အစား ကျေးလက်နေ အဘိုးအဘွားတွေ အခုတော့ လုံခြုံဘေးကင်းတဲ့ ကျောတစ်နေရာစာရဖို့ ရှာနေကြရပါတယ်။
“ဒီမှာတော့ တိုက်ပွဲက ခဏခဏပဲ။ အေးအေးဆေးဆေးနေရတဲ့ အချိန်ကိုမရှိဘူး။ အသက်ကို ဖက်နဲ့ထုပ်ထားရတယ် ငါ့သားဝေး”
ထားဝယ် အထူးစီးပွားရေးဇုန်ဧရိယာထဲက ရလိုင်ကျေးရွာမှာနေတဲ့ အသက် ၆၈ နှစ် အရွယ်ဖွားမယ်အေးက ဗလုံးဗထွေးဖြင့် ပြောလိုက်တယ်။
သူနေတဲ့အရပ်က မီးခိုးတလူလူ၊ သွေးသံတရဲရဲ၊ စစ်ရဲ့အနိဋ္ဌာရုံမြင်ကွင်းတွေပဲ မြင်တွေ့နေရပါတယ်။ လူတွေဆိုလည်း စစ်ဘေးအကြား ကြောက်လန့်တကြား ပြေးလွှားပုန်းရှောင်နေကြရတာပါ။
ဒါကြောင့် ဖွားမယ်အေးလည်း အရင်လို တရားနဲ့ပျော်မွေ့ဖို့ မဖြစ်နိုင်တော့ အသက်နဲ့ခန္ဓာမြဲဖို့ စစ်ဘေးက လွတ်ရာကို ရှာဖွေနေထိုင်နေရပါတယ်။
စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံမှာ ဘိုးဘွားတွေဟာ လုံခြုံမှုကင်းမဲ့နေပြီး အစားသောက်၊ ဆေးဝါးကုသခွင့်တွေ လုံလုံလောက်လောက်မရကြတော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ထုတ်ပြန်ထားပါတယ်။
တောတောင်တွေထဲ ပြေးလွှားရှောင်ပုန်းဖို့ မလွယ်ကူတဲ့ ဘိုးဘွားတွေကတော့ ရွာထဲကနေအိမ်တွေမှာ ကျန်ရစ်ခဲ့ကြပြီး တိုက်ပွဲတွေထဲ ပိတ်မိလေ့ရှိပါတယ်။ ဒီလိုတိုက်ပွဲထဲ ပိတ်မိလို့ အသက်ဆုံးရှုံးသွားရတဲ့ ဘိုးဘွားတွေလည်း အများအပြားရှိနေပါတယ်။
လက်နက်ကြီးပေါက်ကွဲမှု၊ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှု၊ ကျည်ဆန်ထိမှန်မှုစတဲ့ အကြောင်းအမျိုးမျိုးနဲ့ စစ်ဘေးရှောင် အဘိုး၊ အဘွားတွေ အသက်ဆုံးရှုံးနေကြပါတယ်။
ဒါပေမဲ့ မှတ်တမ်းပြုစု ထားနိုင်ခြင်းမရှိတဲ့အတွက် အရေအတွက် တိတိကျကျတော့ မသိရှိပါဘူး။
မြန်မာနိုင်ငံက သက်ကြီးရွယ်အို ၇၁ ရာနှုန်းဟာ ကျန်းမာရေး စောင့်ရှောက်မှု မရတာ၊ ဝင်ငွေနည်းပါးတာ၊ ဘေးကျရောက်မှုနဲ့ အထီးကျန်ဆန်မှုတွေ ခံစားနေရတယ်လို့ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသားချင်းစာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့ ပံ့ပိုးမှုနဲ့ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုများရဲ့ လိုအပ်ချက်ဆိုင်ရာ အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်သက်ကြီးရွယ်အို အမျိုးသမီး ၃၀ ရာခိုင်နှုန်းနဲ့ အမျိုးသား ၃၇ ရာခိုင်နှုန်းဟာ သူတို့ရပ်ရွာမှာ ဘေးကင်းလုံခြုံတဲ့နေရာမရှိဘူးလို့လည်း ဖြေဆိုထားပါတယ်။
ရှင်သူမှာ အသက်ရှူကျပ်
စစ်ပွဲအတွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားကြတဲ့ သက်ကြီးရွယ်အိုတွေကတော့ အသက်ရှူရပ်ပြီး လောကငရဲက လွတ်သွားပြီလို့ ပြောဆိုကြလေ့ရှိကြပါတယ်။ ဒါပေမဲ့ အသက်ရှင်နေကြတဲ့ အဘိုး၊ အဘွားတွေကတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေနဲ့အတူ အသက်ရှူကျပ်နေ ကြတယ်လို့ဆိုရမှာပါ။
စစ်အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ အထွေထွေအကျပ်အတည်း တွေကြောင့် စားဝတ်နေရေး ကျပ်တည်းသူတွေ များပြားလာနေပါတယ်။
ဒီလို စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အများဆုံးခံရတာက အဘိုးအဘွားတွေပါ။
သားထောက် သမီးခံမရှိတဲ့အတွက် စောင့်ရှောက်သူမရှိလို့ ဒုက္ခရောက်သူတွေ ရှိကြသလို သား၊ သမီးတွေက အကြောင်းအမျိုးမျိုးနဲ့ နေရပ်စွန့်ခွာသွားရလို့ ကူရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေလည်း ဒုနဲ့ဒေးပါပဲ။
မြို့ပြတွေမှာ စီးပွားရေးကျပ်တည်းလို့ စားဝတ်နေရေး အခက်တွေ့နေကြတဲ့ ဘိုးဘွားတွေ မနည်းလှသလို ကျေးလက်ဒေသ တွေမှာလည်း အများအပြားရှိနေပါတယ်။
အာဏာမသိမ်းခင်က ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ အသက်ရှုချောင်ခဲ့တဲ့ သက်ကြီးဘိုးဘွားတွေဟာ ထောက်ပံ့မယ့် အဖွဲ့တွေ မရှိတော့လို့ စားရမဲ့၊ သောက်ရမဲ့ အခြေအနေအထိ ဆိုက်ရောက်နေကြရပါပြီ။
အဘိုး၊ အဘွားတွေကို ကူညီနေတဲ့ ပရဟိတအဖွဲ့တွေလည်း အလှူငွေမရတော့တာ၊ ဖမ်းဆီးခံရမယ့် ဘေးကြောင့် ထွက်းပြေး တိမ်းရှောင်ကြလို့ အဖွဲ့ဝင်တွေမရှိတော့တာ စတဲ့အကြောင်းအမျိုးမျိုးနဲ့ လုံးပါးပါးကုန်ကြပါပြီ။
ဒါကြောင့် ကူရာမဲ့နေတဲ့ အဘိုးအဘွားတွေက ပိုမိုများပြားလာနေပြီး ရှင်နေစဉ်မှာ အသက်ရှူကျပ်နေ ကြရပါတယ်။
မြန်မာနိုင်ငံက အသက်ကြီးရွယ်အို အမျိုးသမီး ၇၂ ရာခိုင်နှုန်းနဲ့ အမျိုးသား ၅၄ ရာခိုင်နှုန်းဟာ အစားအသောက် လုံလောက်စွာမရဘူးလို့ သက်ကြီးရွယ်အိုများရဲ့ လိုအပ်ချက်ဆိုင်ရာ အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ဒါ့အပြင် သက်ကြီးရွယ်အို အမျိုးသမီး ၆၀ ရာခိုင်နှုန်းနဲ့ အမျိုးသား ၅၂ ရာခိုင်နှုန်းဟာ ကျန်းမာရေး ဝန်ဆောင်မှုတွေကို လက်လှမ်းမမီဘူးလို့လည်း အဲဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
အိမ်မှာနေရင်း အာဟာရပြတ်
တိုက်ပွဲတွေ တရစပ်ဖြစ်ပွားနေတဲ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုဘယ်ဒေသက နာမည်ကျော် ထားဝယ် အထူးစီးပွားရေးဇုန် ဧရိယာထဲက နေအိမ်လေးထဲမှာ အဘွားမယ်အေးတစ်ယောက်တည်း ကျန်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်က ဖြစ်ပွားတဲ့ တိုက်ပွဲထဲမှာ အဘွားမယ်အေး ၁၄ ရက်လောက် ပိတ်မိခဲ့ပါတယ်။
“အဲဒီအသံတွေ (ပစ်ခတ်ပေါက်ကွဲသံတွေ) ကြားနေရတာ အိပ်လို့လည်းမရ။ မီးလည်းမထွန်းရဲဘူး။ တစ်ညလုံး ဘုရားစာတွေပဲ ရွတ်နေတာ မိုးလင်းသွားတယ်” လို့ ဖွားမယ်အေးက ဆိုပါတယ်။
စစ်ကြောင်းထိုးတဲ့အချိန် ရွာသားတွေအကုန် ထွက်ပြေးသွားကြပေမယ့် ရွာထဲမှာတော့ ဖွားမယ်အေး တို့လို သက်ကြီးရွယ်အိုတွေကတော့ ဘုရားတရင်း ကျန်ခဲ့ကြ၊ ချန်ခဲ့ကြလေ့ ရှိပါတယ်။
တိုက်ပွဲကြားမှာ ကျည်ဆန်တွေကြောင့် သေဆုံးကြတာတွေရှိသလို မသေဘဲ ကျန်ခဲ့သူတွေလည်း စားသောက်ဖို့ မရှိလို့အဟာရပြတ် သွားတာမျိုးတွေ ကြုံနေရပါတယ်။
တိုက်ပွဲဖြစ်လာရင် ဘိုးဘွားတွေဟာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်မထွက်မချင်း နေအိမ်တွေ မှာပဲ နေရတာဖြစ်လို့ အာဟာရပြတ်ပြီး လဲကျနေတာတွေကို မကြာခဏ ကြုံတွေ့ရလေ့ရှိတယ်လို့ သရက်ချောင်းမြို့နယ် အခြေစိုက် ဒေါင်မင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲကလည်း ပြောဆိုပါတယ်။
“တချို့ဘိုးဘွားတွေဆို မထနိုင်ဘဲ အိပ်ယာထဲလဲနေတာတွေရှိတာကိုး။ သူတို့အတွက် မုန့်ပဲသရေစာတွေ ထားပေးခဲ့ပေမယ့် တစ်ရက်၊ နှစ်ရက်စားပြီးရင် ကုန်သွားကြတယ်လေ။ အဲဒီလိုမျိုးဘိုးဘွားတွေဆို အစားအသောက်ပြတ်ပြီး ဒုက္ခရောက်နေကြတာတွေလည်းရှိတယ်” လို့ ရဲဘော်ကျောက်ခဲက ဆိုပါတယ်။
နေအိမ်တွေမှာ စားသောက်စရာတွေ ရှိကြပေမယ့်လည်း စစ်ကောင်စီတပ်သားတွေတွေ့ရင် အကုန်ယူသွားတဲ့အတွက် ကျန်ခဲ့တဲ့ အဘိုးအဘွားတွေ စားစရာမရှိဖြစ်ကြရတာပါ။
စစ်ကောင်စီတပ်သားတွေက လူမရှိတဲ့နေအိမ်တွေကိုရိုက်ဖျက်ပြီး အဖိုးတန်ပစ္စည်းတွေကို အဘွားမယ်အေး မျက်စေ့ရှေ့မှာပဲ ယူဆောင်ကုန်တာပါ။
“ငါတို့အိမ်မှာဆို စားလို့ရတာ အကုန်ယူသွားတယ်။ ငါးပိထောင်းဗူးတောင် မကျန်တော့ဘူး” လို့ ဖွားမယ်အေးကဆိုပါတယ်။
တိုက်ပွဲထဲ ၁၄ ရက်လောက်ပိတ်မိခဲ့တဲ့အထဲ ဖွားမယ်အေးဟာ ထမင်းနဲ့ရေနှစ်မျိုးတည်းကိုပဲ စားသောက်ပြီးနေရတာက လေးရက်လောက်ရှိပါတယ်။ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခဲ့ရတာပါ။
အသက်ကြီးလို့လည်း မညှာတာ
တိုက်ပွဲထဲကျည်ဆန်ထိမှန်ပြီး အသက်ဆုံးပါးသွားကြတဲ့ ဘိုးဘွားတွေရှိသလို သက်ကြီးရွယ်အိုမို့ မသတ်လောက်ပါဘူးဆိုပြီး ထွက်မပြေးဘဲကျန်နေခဲ့ရာက အသတ်ခံရသူတွေ၊ အိမ်မီးရှို့ရာမှာ မီးလောင်ခံရပြီး သေဆုံးသွားသူတွေလည်း ရှိနေပါတယ်။
လောင်းလုံးမြို့ပေါ် က အသက် ၈၀ ကျော်အရွယ် အဘွားဒေါ်ခင်အေးက လောင်းလုံးမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး အိမ်ခြံထဲကျရောက် ပေါက်ကွဲထိမှန်ခဲ့လို့ ဧပြီလ ၂၆ ရက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးကို ရမ်းသမ်းပစ်ခတ်ခဲ့လို့ အဘွားခင်အေး သေဆုံးခဲ့ရတာလို့ မြို့ခံတွေက ဆိုပါတယ်။
ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထားဝယ်မြို့အနီးက မောင်မယ်ရှောင်ရွာ အသက် ၈၀ ကျော်အရွယ် ဦးလှမြင့်ရဲ့အဖြစ်အပျက်ကလည်း ရင်နင့်ဖွယ်ပါ။
အဲဒီနေ့က အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်း မောင်မယ်ရှောင်ရွာထဲ ရောက်လာခဲ့ပါတယ်။
နေအိမ်တွေကို မွှေနှောက်စစ်ဆေးနေတဲ့အချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက လာရောက်ခြုံခို တိုက်ခိုက်ခဲ့လို့ မိနစ်အနည်းငယ်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က နောက်ဆုတ်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဟာ လူသူမရှိတဲ့ နေအိမ်တွေထဲ တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လိုက်လံစစ်ဆေးခဲ့ရာမှာ မပြေးနိုင်လို့ ရွာမှာ ကျန်ခဲ့တဲ့ အသက် ၈၀ ကျော်အရွယ် ဦးလှမြင့်ကိုတွေ့ခဲ့ပြီး သတ်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“သူက (ဦးလှမြင့်က) ဝင်လာတဲ့စစ်ကြောင်းကို (အိမ်ပေါ်ကနေ) ဆင်းမေးတယ်လို့တော့ ကြားတာပဲ” ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကြောင်းပြန်ထွက်သွားလို့ ရွာသားတွေအိမ်ပြန်ရောက်လာချိန်မှာ ဦးလှမြင့်ဟာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။
စက်တင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စုက တိုက်ပွဲတစ်ခုမှာလည်း အသက် ၇၀ ကျော်အရွယ် အဘွားတစ်ဦး မီးလောင်သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ စက်တင်ဘာလ ၁၈ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်မှာ စစ်ကောင်စီတပ်က ရှပ်ပုံကျေးရွာအုပ်စု မီးလောင်အော်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မီးလောင်အော်ရွာမှာ နေအိမ်အနည်းဆုံး ၃၁ လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ မီးလောင်ပျက်စီးနေတဲ့ နေအိမ်ထဲမှာတော့ မီးလောင်သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို တော်လှန်ရေးတပ်တွေက တွေ့ရှိခဲ့ပါတယ်။
အဲဒီသေဆုံးနေတဲ့ အမျိုးသမီးကတော့ အသက် ၇၀ ကျော်အရွယ် အဖွားပုဆိုသူဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက အတည်ပြုပြောဆိုပါတယ်။
တိုက်ပွဲထဲ ဘိုးဘွားတွေပိတ်မိမှာစိုးရိမ်လို့ တော်လှန်ရေးရဲဘော်တွေက သွားရောက်ကယ်ထုတ်တာတွေ ရှိပေမယ့် ဘိုးဘွားတွေကတော့ လိုက်ဖို့ ငြင်းဆန်တာမျိုးတွေကြုံရလေ့ရှိတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောပါတယ်။
“ဘိုးဘွားတွေ မကြောက်ဘူးလားဆို ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ပါနေလို့ သားသမီးတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်ကြတယ်။ သူတို့ကို ငြိုငြင်မှာတွေဖြစ်မှာစိုးလို့ မလိုက်တော့ဘူး။ အိမ်မှာပဲ သေချင်ရင်သေပါစေဆိုပြီး နေခဲ့ကြတာမျိူးရှိတယ်” လို့ ရဲဘော်ကျောက်ခဲက ပြောဆိုပါတယ်။
အသက်ဖက်နဲ့ထုပ်ထား
တိုက်ပွဲထဲပိတ်မိမှာစိုးလို့ တောတောင်တွေထဲ ပြေးလွှားနေကြရတဲ့ ဘိုးဘွားတွေလည်း အသက်အန္တရာယ်ကနေ မလွတ်ကင်းကြပါဘူး။
သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာက အသက် ၈၀ ကျော်အရွယ် ဦးဖေသန်းဟာ စစ်ဘေးရှောင်ရင်း အမောဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။
အလားတူ ၂၀၂၃ ခုနှစ်က သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲက အဘိုးတစ်ဦး ဟင်းစားရှာဖွေရင်း မြွေကိုက်သေဆုံးခဲ့သလို အခြားစစ်ဘေးရှောင်အဘွားတစ်ဦးမှာလည်း သစ်လုံးပိပြီး သေဆုံးခဲ့ပါသေးတယ်။
တိုက်ပွဲတွေကြားမှာ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက်ကတော့ အသက်ကိုဖက်နဲ့ ထုပ်ထားကြရတာပါပဲ။
အိမ်မှာနေလည်း မလုံခြုံ ထွက်ပြေးပြန်လည်း အသက်ဘေးက ပြေးမလွတ်တဲ့ အခြေအနေကို ရောက်နေကြရတာပါ။
ဘိုးဘွားတွေဟာ နဂိုကတည်းက ကိုယ်ခံအားနည်းနည်းတာကြောင့် ရောဂါတစ်ခုခုဝင်လာရင်လည်း လွယ်လွယ်ကူကူ ကုသလို့ ပျောက်ကင်းတာမျိုး မရှိဘူးလို့လည်း အကူအညီပေးနေသူတွေက ဆိုကြပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေကို ရောက်လာတဲ့ ဘိုးဘွားတွေဟာ စိတ်ကျဝေဒနာခံစားနေရတဲ့ လက္ခဏာတွေ တွေ့ရလေ့ရှိတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောဆိုကြပါတယ်။
”အသက်ကြီးရွယ်အိုတွေမှာကျတော့ အများစုက စိတ်ကိုလျှော့လိုက်ကြတာကို တွေ့ရတယ်။ ကံပါပဲလေ။ ငါတို့မှာအချိန်အများကြီးမရှိတော့ပါဘူး။ ဖြစ်လာရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ စသဖြင့်ပေါ့” လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ထောက်ကူပြုရေးအဖွဲ့က မြေပြင်ကွင်းဆင်းတာဝန်ခံတစ်ဦးဖြစ်တဲ့ ယောနသံက ဆိုပါတယ်။
ဘဝနေဝင်ချိန် အိမ်လွမ်းဝေဒနာ
သက်ကြီးရွယ်အိုတွေက စိတ်ကျဝေဒနာ ခံစားနေရသလို အိမ်လွမ်းဝေဒနာကလည်း နှိပ်စက်လာပြန်ပါတယ်။
အိမ်ကိုလွမ်းတဲ့ စစ်ဘေးရှောင်ဘိုးဘွားတွေဟာ အိမ်ပြန်ပို့ပေးဖို့ အတင်းပူဆာလေ့ရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
အသက်ကြီးလာလေလေ အိမ်ကိုခင်တွယ်လေလေဖြစ်တဲ့ ဘိုးဘွားတွေအတွက်က တိုက်ပွဲတွေ ဘယ်လောက်ပြင်းထန်နေပါစေ အိမ်ကနေ မခွာချင်ကြပါဘူး။
တိုက်ပွဲတွေဖြစ်လာရင် သားသမီးတွေက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးချင်ကြပေမယ့် ဘိုးဘွားတွေကတော့ အိမ်မှာပဲ အတင်းတွယ်ကပ်နေဖို့ပဲ ဆန္ဒရှိကြတာပါ။
အဲဒီအထဲမှာ မောင်မယ်ရှောင်ရွာက အဘိုးဦးငွေပု (အမည်လွှဲ) လည်းပါဝင်ပါတယ်။ အဘိုးဦးငွေပုခမျာ သူတို့ရွာ စစ်တလင်းဖြစ်သွားပြီဆိုတာ မသိရှာပါဘူး။
အသက် ၇၀ကျော်အရွယ် အဘိုးငွေပုကို အိမ်ပြန်နေလို့မရတော့တဲ့အကြောင်း သားသမီးတွေက ဘယ်လိုရှင်းပြရှင်းပြ နားမဝင်ဘဲ သူ့ကိုအိမ်ပြန်ပို့ပေးဖို့ ကလေးတစ်ယောက်လို ပူဆာနေတယ်လို့ ဆိုပါတယ်။
“ငါ့အိမ်ပဲပြန်မယ်။ ရွာမှာ ဘယ်သူရှိရှိ မရှိရှိ ငါတစ်ယောက်တည်းသွားနေမယ်” ဒါက သူ့သမီးကို အဘိုးဦးငွေပု အမြဲပြောနေကြစကားပါ။
ထားဝယ်မြို့ကနေ ၇ မိုင်လောက်ပဲကွာတဲ့ ဦးငွေပုတို့ရဲ့ မောင်မယ်ရှောင်ကျေးရွာဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဟာ ဘယ်နှစ်ကြိမ်မှန်းတောင် မရေတွက်နိုင်တော့ပါဘူး။
ဦးငွေပုတို့ မိသားစု မောင်မယ်ရှောင်ရွာထဲနေထိုင်နေတဲ့ အချိန် ဒီနှစ် နှစ်ဆန်းပိုင်းက လက်နက်ကြီး ပေါက်ကွဲသံကြားရလို့ ဦးငွေပု ထိတ်လန့်ပြီး သေလုမြောပါး ဖြစ်ခဲ့ရပါသေးတယ်။
အဲဒီအချိန်ကတည်းက အိမ်ကနေမခွာချင်တဲ့ ဦးငွေပုကို ဆိုင်ကယ်ပေါ်အတင်းထိုင်ခိုင်းပြီး ထားဝယ်မြို့ ကို ပြောင်းရွှေ့ဆေးကုသလိုက်ရပါတယ်။ အခုဆိုရင် ထားဝယ်မြို့ပေါ်မှာ ၈ လ လောက် ရှိနေပါပြီ။
သားသမီးတွေ လစ်တဲ့အချိန် ရွာကိုထထပြန်လေ့ရှိလို့ လိုက်ရှာပြီး ပြန်ပြန်ခေါ်နေရတယ်လို့ ဦးငွေပုကို အနီးကပ်ပြုစုနေတဲ့ သမီးဖြစ်တဲ့သူက ပြောပြပါတယ်။
ရလိုင်ရွာက အဘွားမယ်အေးဟာ သူရွာမှာလုံခြုံမှုမရှိဘဲဖြစ်နေသလို မောင်မယ်ရှောင်ရွာက အဘိုးဦးငွေပုလည်း အခုချိန်အထိ သူ့ရွာမပြန်နိုင်သေးပါဘူး။
ဦးငွေပုရဲ့ သမီးဖြစ်သူကတော့ သူ့အဖေဟာ ညတိုင်းဘုရားရှိခိုးရင်း တောင်းလေ့ရှိတဲ့ ဆုတစ်ခုကို အခုလိုပြောပြပါတယ်။
“ညညဘုရားရှိခိုးရင် အဖကဆုတောင်းနေတာက ရွာကို မြန်မြန်သွားရပါစေ၊ ရွာမှာအေးချမ်းပါစေ”