BREAKING
November 22, 2024

ကျီးလန့်စာစား စျေးသည်များ

October 1, 2023

အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်လာချိန်တွင် အထွေထွေကုန်ဈေးနှုန်းများ အဆပေါင်းများစွာ ထိုးတက်သွားသည်။

အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်ဆီဈေးနှုန်းများအပြင် ရွှေ၊ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေလဲနှုန်းများလည်း မြင့်တက်သွားသည်။

ထိုကြောင့် စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီများဖွဲ့ပြီး ကုန်ပစ္စည်းအချို့ကို ၎င်းတို့သတ်မှတ်သည့် နှုန်းထားအတိုင်းရောင်းချရန် ဖိအားပေးလာသည်။

စစ်ကောင်စီက ၎င်းတို့သတ်မှတ်နှုန်းထက်ပိုရောင်းသည့် လုပ်ငန်းရှင်များကြီးများကို ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။

စစ်ကောင်စီသတ်မှတ်သည့် နှုန်းထားများမှာ မြေပြင်ပေါက်ဈေးနှင့် ပမာဏများစွာ ကွာဟနေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များကလည်း အဆင်ပြေသည့် နည်းလမ်းများစွာကို ရှာဖွေ အသုံးပြုလာသည်။

မည်သည့် စီးပွားရေးလုပ်ငန်းရှင်ကမျှ အရှုံးခံရောင်းမည် မဟုတ်ရာ တွက်ချေကိုက်ရေးအတွက် နည်းမျိုးစုံသုံးလာကြသည်။

အချို့ဆိုလျှင် လုပ်ငန်းများရပ်ပြီး အိမ်၊ခြံ၊မြေဘက် ရောက်သွားသည်။ အချို့ကတော့ ဟန်ပြရောင်းပြီး မှောင်ခိုလမ်းကြောင်းဖြင့် ပေါက်စျေးအတိုင်း ထုတ်ရောင်းကြသည်။

အချို့ကတော့ သတ်မှတ်စျေးဖြင့် ရောင်းနိုင်ရန် အရည်အသွေးချလိုက်ကြသည်။

အခြားတစ်ဖက်တွင်လည်း အဖမ်းအဆီးများက ရှိနေသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများမှစကာ ကုန်စုံဆိုင်ပိုင်ရှင်များအထိ ကုန်ပစ္စည်းရောင်းချရာတွင် ကျီးလန့်စာစားဖြစ်နေကြရသည်။

ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် အကျပ်အတည်းဆိုက်နေသည့် စျေးသည်များ၏ အမြင်များနှင့် စားသုံးသူများ၏ အခက်အခဲများကို သိရှိနိုင်စေရန် မေးမြန်းတင်ဆက်လိုက်ပါသည်။

“အခန့်မသင့်ရင် စစ်လားဆေးလားနဲ့ ဖမ်းခံထိနေဦးမှာ။ ဒါကြောင့် ဆိုင်မှာဆို လုံးဝတင်မရောင်းတော့ဘူး”

မြိတ်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး

DW ။ စစ်ကောင်စီက ဆန်တွေကို ဘယ်လိုပုံစံနဲ့ ထိန်းချုပ်နေတာလဲ။

ဖြေ ။ အဓိကက သူတို့သတ်မှတ်တဲ့ဈေး ဆန်တစ်အိတ်ကို ဘယ်ဈေး၊ တစ်ပြည်ကို ဘယ်လောက်နဲ့ ရောင်းရမယ်ဆိုတာမျိုးပေါ့၊ ဆန်အမျိုးအစားလိုက် သတ်မှတ်ထားတာရှိတယ်။

DW ။ သတ်မှတ်တဲ့ ဈေးအတိုင်း အရောင်းအဝယ် လုပ်နေကြတာလား။

ဖြေ ။ မလုပ်ကြဘူး။ သတ်မှတ်ဈေးအတိုင်း တစ်ပြည်ကို သုံးထောင်ကျော်ဆိုရင် အခုခေတ်မှာ ဝက်စားတဲ့ဆန် ဆန်ကွဲတွေပဲရမယ်။ ဘယ်သူမှ သတ်မှတ်ဈေးအတိုင်း မရောင်းကြပါဘူး၊ ပြီးတော့ သတ်မှတ်တဲ့ဈေးက ဝယ်လို့‌‌တောင် မရှိဘူး။ ပေါက်ဈေးအတိုင်း တက်ရင်တက်ဈေး ကျရင်ကျဈေးအတိုင်း ဝယ်ရောင်းရတာပဲ။ ဆန်အသစ်တွေ ပေါရင်‌တော့ သူတို့ သတ်မှတ်ဈေးနဲ့ ထိန်းချုပ်လို့ရချင်ရမယ်၊ ဒါကလည်း အတိအကျ မပြောတတ်ပါဘူး။ လောလောဆယ် ပေါက်ဈေးအတိုင်းပဲ ရောင်းကြဝယ်ကြတာပဲ။

DW ။ ပေါက်ဈေးအတိုင်း ရောင်းဝယ်ကြတာဆိုတော့ စစ်ကောင်စီဘက်က တားမြစ်တာ၊ အရေးယူတာတွေ မရှိဘူးလား။

ဖြေ ။ မရှိပါဘူး၊ ဆန်ဆိုင်ကြီးတွေ‌လည်း ပေါက်ဈေးအတိုင်းပဲ ရောင်းကြတာပဲ။

DW ။ ဘာကြောင့် မရှိရတာလဲ။

ဖြေ ။ ဒါတော့ သေချာမသိဘူး။ ဆန်ဈေးကို သူတို့ ထိန်းချုပ်ချင်တိုင်း ထိန်းချုပ်လို့ မရဘူးလို့‌တော့ ထင်တယ်။

DW ။ စားအုန်းဆီဈေးကွက်ကရော ဘယ်လိုရှိလဲ။

ဖြေ ။ စားအုန်းဆီ ဈေးကွက်ကတော့ ဆန်နဲ့ အတူတူပဲ။ ဝယ်ရောင်းရင် ပေါက်ဈေးအတိုင်း ဝယ်ရောင်းရမှာပဲ။ ဆီဒိုင်‌တွေ ဆီကိုယ်စားလှယ်တွေလည်း ပေါက်ဈေးအတိုင်းဝယ်ရင် ရောင်းပေးပါတယ်။ ကိုယ်ကဝယ်ပြီး ပြန်ရောင်းရင် အမြတ်တင်ရောင်းရမှာဆိုတော့ သူတို့ သတ်မှတ်ဈေးနဲ့ တအား(အရမ်း)ကွာနေမယ်၊ အခန့်မသင့်ရင် စစ်လားဆေးလားနဲ့ ဖမ်းခံထိနေဦးမှာ။ ဒါကြောင့် ဆိုင်မှာဆို လုံးဝတင်မရောင်းတော့ဘူး။

DW ။ ဆန်ဈေးကြတော့ ပေါက်ဈေးအတိုင်း ရောင်းတယ်၊ ဆီကြတော့ ပေါက်ဈေးအတိုင်း ဘာကြောင့် မရောင်းရဲတာလဲ။

ဖြေ ။ ခုနကပြောသလိုပဲ ဆန်ကြတော့ ဖမ်းတာဆီးတာ မကြားရဘူး၊ ဆီကြတော့ ဆီကုန်သည်ကြီးတွေကို ဖမ်းဆီးတာတွေ ကြားရတာဆိုတော့ ကြောက်ကြတာပေါ့နော်။

DW ။ ဆီဒိုင်၊ ဆီကိုယ်စားလှယ်တွေကရော လိုသလောက်ရောင်းပေးနေကြတာလား။

‌‌ဖြေ ။ လိုသလောက်မရဘူး နည်းနည်းပါးပါးပဲ ရတယ်။ သူတို့လည်း ကြောက်နေရပေါ့။ ဝယ်မယ်ဆိုရင် ဝယ်နေကြလူရင်းတွေ ဖောက်သည်ကြီးတွေကိုပဲ ရောင်းပေးတယ်။ ဝယ်နေကြမဟုတ်တဲ့ တစ်ခါမှ မဝယ်ဖူးတဲ့ အပြင်လူသွားဝယ်ရင်တော့ ဆီပြတ်နေတယ်၊ ကုန်နေတယ်၊ မရောက်သေးဘူးလို့ ပြောလိုက်မယ်။

DW ။ စစ်ကောင်စီက သတ်မှတ်တဲ့ ဆီဈေးနှုန်းနဲ့ အပြင်မှာပေါက်နေတဲ့ ဈေးနှုန်းက ဘယ်လောက်အထိကွာဟမှု ရှိမလဲ။

ဖြေ ။ ၁၀ ပိဿာပါတဲ့ ဆီတစ်ပုံးကို သတ်မှတ်တာက ၅၅၀၀၀(ကျပ်)။ အပြင်မှာ ပေါက်နေတာက ၈၀၀၀၀ (ကျပ်) အထက်ဘက်မှာ ရှိပါတယ်။

DW ။ ကုန်စုံဆိုင်တွေမှာ ဆီမရောင်းပေးဘူးဆိုတော့ စားသုံးသူတွေအနေနဲ့ရော ဘယ်မှာ သွားဝယ်ရမလဲ။

ဖြေ ။ ဒါကြောင့်ပဲ မြိတ်က ဆီကုန်သည်အသင်းမှာ လူတွေ တန်းစီနေကြတာပေါ့၊ အသင်းကတော့ ခွဲတမ်းပုံစံနဲ့ တစ်နေ့ကို နှစ်ပီပါ ရထားတာမျိုး ကြားရတယ်။ အဲဒါတွေကို သတ်မှတ်ဈေး လေးထောင်ကျော်နဲ့ လူတစ်ဦးကို တစ်ပိဿာနှုန်း ရောင်းပေးတယ်။ လိုတဲ့သူတွေကတော့ သွားတန်းစီရတာပေါ့၊ ဒါပေမဲ့ ထိုင်းဘက်က လာတဲ့ ပဲလုံးဆီတို့ ပြည်တွင်းထုတ်တဲ့ ဆီတွေ ရှိတယ်၊ တစ်လီတာ နှစ်လီတာဗူးတွေပေါ့၊ အဲဒါတွေ ရောင်းတဲ့ ဆိုင်တွေရှိတယ်၊ ပေါက်ဈေးနဲ့ ရောင်းဝယ်ကြတာပေါ့။

DW ။ ဒီလိုရောင်းနေကြတဲ့ ဆိုင်တွေကိုရော ဖမ်းဆီးတာတွေ မရှိဘူးလား။

‌ဖြေ ။ အရင်လို ပေါ်ပေါ်ထင်ထင် ဘယ်ရောင်းကြမလဲ။ ဆိုင်တွေမှာ မတင်ထားဘူး၊ ခိုးကြောင်ခိုးဝှက်နဲ့ ရောင်းကြ ဝယ်ကြတာပေါ့။

DW ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အခုနောက်ပိုင်းမှာ ဆီတွေအနည်တွေမှာ အဖတ်တွေ ပါလာတာတွေရတယ်”

ထားဝယ်မြိုတွင် အီကြာကွေး၊ စမူဆာကြော်ရောင်းနေသူတစ်ဦး

DW ။ စားသုံးဆီ ဝယ်နေရတဲ့အခြေနေလေးပြောပြပါလားခင်ဗျား

ဖြေ ။ အပြင်ဆိုင်မှာ တစ်ပိဿာ ရှစ်ထောင်ကျော်ပါပဲ ။ပွဲရုံကြီးတွေမှာပဲ တစ်ပိဿာ ၅၁၅၀ ကျပ်နဲ့ရောင်းတာ။ အဲဒါလည်း လူတစ်ယောက်ကို တစ်ပိဿာ၊နှစ်ပိဿာထက်ပိုပြီး မရောင်းပေးဘူး။ ဆီအပုံးလိုက် ဝယ်လို့မရဘူး။ တချို့ဆိုင်တွေဆိုရင် ရောင်းတောင် မရောင်းပေးဘူး။မရှိဘူး။ အဲလိုတွေပြောတယ်။ ပွဲရုံကြီးတွေကျတော့ ပုံးလိုက်တောင်မှ တစ်ပုံး ရှစ်သောင်းကျော်တယ်။ ရှစ်သောင်းနဲ တစ်ထောင်ပေးရတယ်။

DW ။ ဆီအရည်သွေး ရော သုံးစွဲရတာ ဘယ်လိုနေလဲ

ဖြေ ။ အခုနောက်ပိုင်းမှာ ဆီတွေအနည်တွေမှာ အဖတ်တွေ ပါလာတာတွေရတယ်။ အဲဒီဆီတွေက သုံးစွဲလို့မခံဘူး။ ခန်းခြောက်တာမြန်တယ်။ ကျွန်တော်တို့ ဘယ်လိုမှသုံးလို့အဆင်မပြေဘူး။ နောက်ပြီး ဆီပုံးတွေကလည်း အသစ်ပါကင်အတိုင်းမဟုတ်ဘူး။ ပုံးဟောင်းတွေနဲ့ ထည့်ရောင်းတာ။ အရင်က ယိုးဒယားပါကင်ဆီဆိုရင် အရမ်းသုံးလို့ကောင်းပါတယ်။အခုက ဆီက သုံးလို့အဆင်မပြေဘူးခင်ဗျား။ရောထားတာလား ဘာလဲတော့ မသိဘူး။

DW ။ လက်ရှိဝယ်သုံးနေရတဲ့ဆီဈေးနဲ့ အရည်အသွေးက ဘယ်လိုတွေ အခက်အခဲဖြစ်စေတာလဲ။

ဖြေ ။ ပြောရရင် တွက်ခြေမကိုက်ဘူးပေါ့ဗျာ။ အီကြာကွေးဆိုလည်း ငယ်ချ(အရွယ်သေးလိုက်ရ) ရတယ်။ စမူဆာဆိုလည်း အစာတွေ လျှော့ချရတယ်။ ကျွန်တော်တို့အတွက်လည်း အဆင်မပြေသလို စားသုံးသူတွေလည်း အဆင်မပြေဘူး။ တချို့ စားသုံးသူတွေဆိုရင် ငါးခု ဝယ်တဲ့နေရာမှာ သုံးခုလောက်ပဲ ဝယ်တော့တယ်။

DW ။ စားသုံးဆီ နဲ့ပတ်သက်ပြီး ဘာများ ထပ်ပြောချင်တာတွေရှိသေးလဲ။

ဖြေ ။ အခုရောင်းနေတဲ့ဆီကို ဈေးနှုန်းသတ်မှတ်ပြီးချပေးလားဆိုတာ သိချင်တယ်ခင်ဗျား။ ပိဿာဈေးက ငါးထောင်ကျော်ဆိုရင် ဆယ်ပိဿာပုံးလိုက်ဝယ်လည်း ငါးသောင်းကျော်ပဲဖြစ်ရမှာပေါ့ ။အခုက ရှစ်သောင်းကျော်တောင်။မြဝတီလမ်း မြေပြိုလို့ဆိုပြီးလည်း ကျွန်တော်တို့ တစ်သိန်းနီးပါးအထိ ဝယ်သုံးရပြီးပြီ။ အခု ဈေးချရောင်းပေးတယ်ဆိုလည်း ကျွန်တော်တို့လုပ်ငန်းလုပ်သူတွေလည်း ဒီဈေးနဲ့တော့ ရသင်တာပေါ့ ။

“မှောင်ခိုစျေးကွက်ဖြစ်လာပြီး အချင်းချင်းကလွဲလို့ မျက်နှာစိမ်းဆိုရင် စျေးလည်းပြောဖို့တောင်ခက်နေပြီ”

ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦး

(စစ်ကောင်စီက အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၂ သိန်းကျော်ဖြင့် ရောင်းချရန် အခြေခံဈေးနှုန်းသတ်မှတ်ထားသည်)

DW ။ စစ်ကောင်စီက လက်ရှိသတ်မှတ်ထားတဲ့ ရွှေဈေးနဲ့ မရောင်းရင် ဖမ်းမယ်ဆီးမယ် ကြားနေရတော့ ရွှေဆိုင်တွေက ဘယ်လိုရောင်းနေကြလဲ။

ဖြေ ။ ပေါက်စျေးအတိုင်း မရောင်းရင် အရောင်းအဝယ်လည်း ရပ်သွားမယ်ထင်တယ်။ အရှုံးခံပြီး ပေါက်စျေးအောက် မရောင်းနိုင်ကြဘူးလေ ။ အရပ်ဝတ်နဲ့ လိုက်စစ်မယ့် အနေအထား ရှိလောက်မယ်။ မျက်နှာစိမ်း ဂံ (ဗမာစကားပြောသူ) ဆိုရင် မရောင်းနဲ့ မပြောနဲ့။ အဲလိုနေရမလိုမျိုး ဖြစ်နေပြီ။

DW ။ စစ်ကောင်စီက ဒီလိုမျိုးတင်းကျပ်လာတော့ ရွှေဈေးကွက်က ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ ။ မှောင်ခိုစျေးကွက်ဖြစ်လာပြီး အချင်းချင်းကလွဲလို့ မျက်နှာစိမ်းဆိုရင် စျေးလည်းပြောဖို့တောင်ခက်နေပြီ။ သူတို့က သိန်း ၃၀ အောက်ဖြစ်နေတော့ အဲလောက်ကြီး ဘယ်သူမှ အရှုံးခံရောင်းမယ်မထင်ဘူး။

“ထိန်းချုပ်မှုကြောင့် ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာက ဈေးတက်တဲ့ပြဿနာပေါ့”

ထားဝယ်မြို့မှ ကုန်သည်ကြီးတစ်ဦး

DW ။ ကုန်ဈေးနှုန်းတက်တာကို အကြောင်းပြပြီး ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ်မှာ ကုန်သည်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ဈေးကွက်ဆိုတာက လွတ်လပ်စွာသွားမှရတာ။ သူတို့က(စစ်ကောင်စီ) ဒီလိုမျိုးလိုက်ထိန်းချုပ်နေတာက ဈေးကွက်ဆိုတာက သူ့ရဲ့ခေါင်းစဉ်ကတောင် ဈေးကွက်စီးပွားရေးစနစ်ဆိုတော့ လွတ်လပ်စွာဖော်ဆောင်ပြီးသွားရတာ။ လွတ်လပ်စွာဖော်ဆောင်ပြီးမသွားဘဲနဲ့ သူ့ကိုလိုက်ထိန်းချုပ်တယ် လိုက်လုပ်တယ်ဆိုတာက ထိန်းချုပ်မှုကြောင့် ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာက ဈေးတက်တဲ့ပြဿနာပေါ့။

DW ။ ကုန်ဈေးနှုန်းက အခုလိုတက်ချင်တိုင်း တက်နေတဲ့အခင်းအကျင်းမှာ ဘာလိုဖြစ်သင့်လဲခင်ဗျား။

ဖြေ ။ အခုလိုတက်နေတဲ့အခင်းအကျင်းမှာ မထိန်းချုပ်နဲ့ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတိုင်းအတာတစ်ခုအထိတော့ သူ(စစ်ကောင်စီ)စောင့်ကြည့်ရမှာပေါ့။ဖြစ်သင့်တာနဲ့ မဖြစ်သင့်တဲ့ဟာနဲ့ စောင့်ကြည့်ရမှာပေါ့။ တစ်ကယ်တမ်း ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကြံဉဏ်တွေ ယူသင့်တာပေါ့။ တစ်ကယ်တမ်းမြေပြင်မှာလုပ်နေတဲ့သူနဲ့ သီအိုရီနဲ့က တစ်ခါတစ်လေ သီအိုရီက မှန်ချင်မှန်တယ်။အပြင်မှာလုပ်နေတာက မှားချင်လည်း မှားနေမှပေါ့။ တစ်ကယ်တမ်းက ဒါကို ချိန်ညှိဖို့လိုတာ။

DW ။ အခုလို အထွေထွေကုန်ဈေးနှုန်းတက်နေတာက ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်တွေကြောင့်လို့ စွပ်စွဲနေတာပေါ့နော်။ တစ်ကယ်က ဘာကြောင့်လဲ။

ဖြေ ။ တစ်ကယ်တမ်းက စီမံခန့်ခွဲမှုအလွဲတွေကြောင့် ဖြစ်တာလေ။ ဘဏ်တွေကို ပိတ်ဆို့တာက အခုမှဖြစ်တာလေ။ အမိန့်တစ်ခုထုတ်ပြန်မယ်ဆိုရင် စီးပွားရေးပညာရှင်တွေနဲ့ရော ၊ မြေပြင်မှာတစ်ကယ်တမ်းလုပ်နေတဲ့သူတွေနဲ့ရော တိုင်ပင်ရမှာလေ။ ဘာကြောင့်လဲဆို ဒါကတိုင်းပြည်စီးပွားရေးလေ။ စီးပွားရေးကောင်းမှပဲ ကျန်တာတွေကောင်းမှာကိုး။
စီးပွားရေးကောင်းအောင်ကလည်း အခင်းအကျင်းတွေ ဖန်တီးပေးရမှာ။ နိုင်ငံရေးအခင်းအကျင်းတွေ ဖန်တီးပေးရမှာ။ အခုက နိုင်ငံရေးမကောင်းရင် စီးပွားရေးကလည်း မကောင်းနိုင်ဘူးလေ။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကလည်း ထွက်ချင်လို့ထွက်ကြတာမဟုတ်ဘူး။ ဥပမာ တိုင်းပြည်ကနေ အခုပြောင်းဖူး ထွက်နေတယ်။ ထွက်နေတာကို သူ့ဟာသူသွားရောင်းနေတယ်။ အရင်ကတည်းက ရောင်းသလိုမျိုး သွားရောင်းနေတယ်။ သူ(စစ်ကောင်စီ)က ခလုတ်တွေလျှောက်လိုက်မနှိပ်ဘူးဆိုရင် သူ့သာသူရောင်းပြီး သွင်းရမယ့်အခွန်ကို သွင်းနေတယ်။ အခုက စစ်ကောင်စီက မူလီတွေကို လျှောက်လိုက်ကျပ်လိုက်တော့ ပို့နေတဲ့သူတွေက ပို့လို့မရတော့ဘူး။နောက်ဆုံးဘာဖြစ်လာလဲဆိုရင် စီးပွားရေးသမားတွေက ဘာမှမလုပ်ကြတော့ဘဲ ရှိတဲ့ပိုက်ဆံကို ရွှေဝယ် ဒေါ်လာဝယ်မယ်။အိမ်ဝယ်မယ်။ ခြံဝယ်မယ် ကားဝယ်မယ်ဖြစ်သွားတယ်လေ။ ကျန်တာတွေလည်း အတော်များများ ဒီလိုပုံပဲ။

ဆိုတော့ ပိုက်ဆံရှိတဲ့သူက ခေါင်းရှုပ်မခံတော့ဘူး။ ဥပဒေကလည်း မျိုးစုံထုတ်နေတယ်။ ဖမ်းမယ်ဆီးမယ်ဆိုတဲ့ ကိစ္စတွေလေ။အဲလိုဖြစ်လာတော့ သူ့ငွေတွေကိုသူ အလုပ်မလုပ်တော့ဘူးလေ။ အလုပ်လုပ်လို့မရတော့ဘူး။ ဒီတော့ခေါင်းရှုပ်မခံတော့ဘဲ ဒီငွေတွေကိုဒေါ်လာအဖြစ်ပြောင်းမယ်။ပြီးရင် ကားပြောင်း(ဝယ်)မယ် အိမ်ခြံမြေ ၊ကိုင်ရတဲ့ရွှေတွေသွားပြောင်းလိုက်တော့ သူရပ်လိုက်တာပေါ့။ သူရပ်သွားတာနဲ့အမျှ ပို့ကုန်မရှိတော့တဲ့အလျောက် ငွေလဲနှုန်းတွေ တက်လာတာပေါ့။