မနီလာတစ်ယောက် သူ့ဆိုင်လာပြီး ရွှေဈေးလာမေးမည်ကိုပင် တွေးကြောက်နေသည်။
သူမ စိုးရိမ်မည်ဆိုကလည်း စိုးရိမ်စရာပင်။
ဈေးကွက်အတွင်း ရွှေပေါက်ဈေးကို အမှန်တိုင်းဖြေပါက ဖမ်းဆီးစစ်ဆေးခံရမည့် အခြေအနေတွင် ရှိနေသည်။
အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်ကြာလာချိန်တွင် တရားဝင်လုပ်ကိုင်နေသော ရွှေဆိုင်များမှသည် ဆန်၊ဆီရောင်းချသူများအဆုံး အချိန်မရွေး အဖမ်းခံရနိုင်သည့် အနေအထားကို ရောက်ရှိနေပြီဖြစ်သည်။
တရားမဝင် လောင်းကစားများဖြစ်သော ဘောလုံး၊ချဲ ဒိုင်ကိုင်သူများပင် သူတို့လောက် အန္တရာယ်မများဟု ဆိုကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည်မှာ လပေါင်း ၃၀ ကျော်လာသော်လည်း စီးပွားရေး လုပ်ငန်းများ ပြန်လည်ပတ်နိုင်ခြင်း မရှိသေးသလို အထွေထွေကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူများ ခံစားနေကြရသည်။
ကုန်သည်များကြောင့် ကုန်စျေးနှုန်းတက်ရခြင်းဖြစ်ပြီး ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လိုက်ပါက ကုန်စျေးနှုန်းကျဆင်းမည်ဟု ယုံကြည်နေသော စစ်ကောင်စီကလည်း စျေးကွက်ကို အာဏာဖြင့် ထိန်းသိမ်းနိုင်ရန် စတင်လုပ်ဆောင်လာသည်။
ကုန်စျေးနှုန်းကြီးမြင့်လာမှုကို ထိန်းကျောင်းရန်အတွက်ဆိုကာ ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားသလို တစ်ဖက်တွင်လည်း လုပ်ငန်းရှင်များကို ဆက်တိုက် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
စျေးကွက်သဘောနှင့် စစ်ကောင်စီအမြင်
အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလအတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၀၀ ကျပ်ဝန်းကျင်သာ ရှိသော်လည်း အာဏာသိမ်းပြီးနောက် လပေါင်း ၃၀ ကျော်အကြာ လက်ရှိအချိန်တွင် တစ်ဒေါ်လာ ၃,၃၀၀ ကျပ်နီးပါး ဖြစ်လာပြီဖြစ်သည်။
ယင်းသို့ပင် ထိုင်းဘတ်နှင့်လဲလှယ်နှုန်းမှာလည်း တစ်ဘတ်လျှင် ကျပ် ၁၀၀ နီးပါးတွင် ရှိနေရာ မြန်မာကျပ်ငွေတန်ဖိုးမှာ အလွန်အမင်းထိုးကျသွားကြောင်းကို တွေ့မြင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အထွေထွေကုန်စျေးနှုန်း တက်လာရခြင်းကို စီးပွားရေးသဘောအရ ကြည့်မည်ဆိုပါက အာဏာသိမ်းမှုနှင့်လူ့အခွင့်အရေး ချိုးဖောက်မှု > နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ခံရမှု > နိုင်ငံခြားငွေရှားပါးလာမှု > ကျပ်ငွေတန်ဖိုးကျဆင်းမှု > အထွေထွေကုန်စျေးနှုန်းမြင့်တက်မှု စသည့် အချိတ်အဆက်ကို တွေ့မြင်ရမည်ဖြစ်သည်။
အာဏာသိမ်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်များကြောင့် စီးပွားရေးပိတ်ဆို့ခံရမှုနှင့်အတူ နိုင်ငံခြားငွေ (ဒေါ်လာ)ရှားပါးလာမှုကို ကြုံတွေ့လာရခြင်းဖြစ်သည်။
နိုင်ငံခြားငွေ ရှားပါးမှုနှင့်အတူ ကျပ်ငွေတန်ဖိုးဆက်တိုက် ကျဆင်းလာမှုကြောင့် ပြည်တွင်းသို့ တင်သွင်းနေသည့် ကုန်ပစ္စည်းအဝင်နည်းကာ ဈေးကမောက်ကမဖြစ်သည့် သဘောတရားဖြစ်သည်။
သို့သော် စစ်ကောင်စီကမူ ကုန်စျေးနှုန်းမြင့်တက်ခြင်းမှာ ကုန်သည်များကြောင့်ဟု ယူဆနေကြောင်းကို ၎င်းတို့ပြောဆိုသည့် စကားများကို ကြည့်ခြင်းဖြင့် ထင်ရှားစွာသိနိုင်သည်။
ဩဂုတ်လအတွင်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် အစည်းအဝေးများတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်ဈေးနှုန်း မြင့်တက်စေရန် အချို့ဝိသမ လောဘသမားများ၏ ဈေးကစားမှုများရှိနေပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန် ပြောဆိုခဲ့သည်။
ယင်းအပြင် နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကောင်စီ၏ ဗဟိုဘဏ်၊ ကုန်စည်စီးဆင်းရေး ကော်မတီနှင့် အထူး စုံစမ်းစစ်ဆေးရေးဌာနတို့က စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံရာတွင် ပြောဆိုခဲ့သော စကားများတွင်လည်း ယင်းသို့သော သဘောမျိုးကို တွေ့မြင်ရမည်ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်ပြီး Task Force ဖွဲ့စည်းကာ ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေးလုပ်ဆောင်မည်ဟု ပြောဆိုလိုက်သည်။
ယင်းသို့ပင် စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်း ရွှေ၊ ဒေါ်လာ ကစားနေသည့် လုပ်ငန်းရှင်များကို စသုံးလုံးနှင့်အတူ ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း၊ မဖြစ်သင့်သည့် စျေးနှုန်းများဖြစ်ကြောင်း ပြောဆိုသည်။
ပြည်တွင်းရေး မတည်မငြိမ်ဖြစ်ပြီး ငွေတန်ဖိုးကျဆင်းနေချိန်တွင် စီးပွားရေးသမားများက အကျိုးအမြတ် ပိုရရန် သို့မဟုတ် ငွေတန်ဖိုးကျဆင်းမှုကို ခံနိုင်ရန်အတွက် စျေးကစားသည်မှာလည်း စျေးကွက်သဘောပင် ဖြစ်သည်။
အထွေထွေစျေးနှုန်းမြင့်တက်လာပြီး စျေးကွက်ကမောက်ကမ ဖြစ်ရခြင်းမှာ စီးပွားရေးသမားများကြောင့်ဟု ရှုမြင်ခြင်းမှာ ဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ရှုမြင်ပြီးပြောရာရောက်နေသည်။
စစ်ကောင်စီက ယင်းတစ်စိတ်တစ်ပိုင်းအမြင်ဖြင့် စျေးကွက်ကို အာဏာဖြင့် ထိန်းချုပ်ရန် ကြိုးစားနေခြင်းဟု လေ့လာသူများက ထောက်ပြနေကြသည်။
မျက်ခုံးလှုပ်နေသော ရွှေ၊ဒေါ်လာ လုပ်ငန်းရှင်များ
ရွှေပေါက်ဈေးကို စစ်ကောင်စီက သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာရောင်းချရန် ရွှေဆိုင်များကို ဖိအားပေးနေကြောင်း ရွှေဆိုင်ပိုင်ရှင် မနီလာက ဆိုသည်။
ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းခွဲ ဝန်းကျင်ဈေးဖွင့်ထားချိန်တွင် စစ်ကောင်စီက ၂၂ သိန်းကျော်သာ သတ်မှတ်ထားသည်။
ထို့အတူ အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်ဝန်းကျင်ဈေးပေါက်နေချိန်တွင် ၂၁၀၀ ကျပ်သတ်မှတ်ထားသည်။
သတ်မှတ်ဈေးထက် ပိုရောင်းပါက ရွှေထည်ပစ္စည်းများသိမ်းဆည်းပြီး ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီက နှုတ်မိန့်ဖြင့် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။
ထိုကြောင့် ရွှေဆိုင်ပိုင်ရှင်များနှင့် ဒေါ်လာငွေလဲလုပ်ငန်းများက ဈေးကွက်အတွင်း အမှန်တစ်ကယ် အရောင်းအဝယ်လုပ်နေသည့်ဈေးနှုန်းကို ထုတ်ပြောရန် ကြောက်ရွံ့လာကြသည်။
စသုံးလုံး (စစစ) အပါအဝင် စစ်ကောင်စီလက်အောက်ခံ ထောက်လှမ်းရေးများက အရပ်ဝတ်ဖြင့် ဈေးနှုန်းစုံစမ်းပြီး ဖမ်းဆီးခံရမည်ကို စိုးရွံ့လာကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင် မနီလာက ဆိုသည်။
“မှောင်ခိုစျေးကွက်ဖြစ်လာပြီး အချင်းချင်းကလွဲလို့ မျက်နှာစိမ်းဆိုရင် စျေးလည်းပြောဖို့တောင် ခက်နေပြီ။ အရပ်ဝတ်နဲ့ လိုက်စစ်မယ့် အနေအထားရှိလောက်မယ်။ မျက်နှာစိမ်း ဂံ (ဗမာစကားပြောသူ) ဆိုရင် မရောင်းနဲ့ မပြောနဲ့။ အဲလိုနေရ မလိုမျိုး ဖြစ်နေပြီ ”ဟု ၎င်းက ပြောသည်။
အမှန်တစ်ကယ်ရွှေဝယ်မည့်သူကိုသာ ရွှေပေါက်ဈေးပြောရန်၊ ဈေးနှုန်းစုံစမ်းသူနှင့် မီဒီယာများထံ ရွှေပေါက်ဈေးမပြောရန် နှုတ်မိန့်ဖြင့် တိုင်းစစ်ကောင်စီက တားမြစ်ထားသည်ဆိုသည့် သတင်းများလည်း ကျယ်ကျယ်လောင်လောင် ထွက်နေသည်။
အဖမ်းအဆီးများနှင့် စက်ဆီ၊ စားဆီစျေးကွက်
နိုင်ငံခြားငွေ လဲလှယ်ရေးနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့် အဓိကဆောင်ရွက်ရသူ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုး၏ ဆုံးဖြတ်ချက်ဖြင့် စက်သုံးဆီ ကုမ္ပဏီများ ဆီတင်သွင်းနိုင်ရန် စစ်ကောင်စီသတ်မှတ် စျေးနှုန်းဖြင့် ဒေါ်လာကို ဝယ်ယူခွင့်ရှိသည်။
ဒေါ်လာကို ယင်းသို့ ဝယ်ယူပြီး စစ်ကောင်စီ သတ်မှတ်စျေးဖြင့် စက်သုံးဆီ ပြန်လည်ရောင်းချရမည် ဖြစ်သည်။
လက်ရှိတွင် စက်သုံးဆီ တင်သွင်းခွင့်ရလုပ်ငန်း စုစုပေါင်း ၇၅ ခုရှိပြီး ယင်းတို့အနက် ခွဲတမ်းအများဆုံးရ လုပ်ငန်း ၂၀ နီးပါး အစစ်ဆေးခံနေရသည်။
ဒေါ်လာပြင်ပပေါက်စျေးဖြင့် တွက်ချက်ရောင်းချသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ဆေးခံနေရခြင်း ဖြစ်သည်။
လတ်တလောတွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးခင်စိုး၊ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇ၏ သားနှစ်ဦး၊ Best Oil Company (BOC) ဒါရိုက်တာ ဦးဝင်းဆွေတို့ ကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း Myanmar now သတင်းတွင် ဖော်ပြထားသည်။
ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC)၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခင်စိုး ဖမ်းဆီးစစ်ဆေးခံရမှုမှာ စက်သုံးဆီလုပ်ငန်းနှင့် အဓိက ဆက်စပ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်လကုန်ပိုင်းကလည်း မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဆီကုန်သည် ၄ ဦးကို ဖမ်းဆီးသွားသည်ဟု ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။
ပြည်ပမှတင်သွင်းသည့် စားသုံးဆီများအား ရောင်းချရာတွင် စစ်ကောင်စီ၏ သတ်မှတ်ဈေးဖြစ်သည့် တစ်ပိဿာ ကျပ် ၄၀၀၀ ဖြင့် ရောင်းချရန် ညွှန်ကြားချက်အား မလိုက်နာသည့်အတွက်ဆိုကာ ဆီလုပ်ငန်ရှင်ကြီးများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ထိုသို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို တင်းတင်းကျပ်ကျပ် စိစစ်နေသလို မြေပြင်တွင်လည်း ကုန်ဈေးနှုန်းကျဆင်းရန် အတင်းလုပ်ဆောင်နေသည်။
ဝက်သားစျေး သတ်မှတ်
ထားဝယ်နှင့် မြိတ်ဒေသတွင် တစ်ပိဿာကျပ်နှစ်သောင်း ပေါက်ဈေးရှိသည့် ဝက်သားဈေးနှုန်းကို ကျဆင်းစေရန် စစ်ကောင်စီက အာဏာဖြင့် ကြိုးပမ်းလာသည်။
ထားဝယ်မြို့ရှိ ကမ်းနားဈေးတွင် ရောင်းချရမည့် ဝက်သားဈေးနှုန်းများကို စည်ပင်သာယာရေးအဖွဲ့က လာကပ်ထားကြောင်း ဈေးသည်တစ်ဦးက ဆိုသည်။
ဝက်သား၊ ကလီစာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အရိုးနှင့် အဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဟု ရေးသားထားသည့် စာပြားကို လာကပ်ထားသည်ဟု ပြောသည်။
ထိုကြောင့် ကမ်းနားဈေးရှိ ဝက်သားသည်များကလည်း တစ်ပိဿာလျှင် ကျပ်နှစ်သောင်းဖြင့် ရောင်းချနေရာမှ ဈေးလျော့ရောင်းနေရကြောင်း ဈေးသည်အချို့က ဆိုသည်။
အာဏာရှင်လက်စွဲဗျူဟာ
ကုန်စျေးနှုန်းတက်လာပါက စစ်အာဏာရှင် အဆက်ဆက်က ကျင့်သုံးလာသည့် ခေါက်ရိုးကျိုးဗျူဟာမှာ စျေးကွက်ကို အာဏာဖြင့် ဝင်ထိန်းခြင်းဖြစ်သည်။
အာဏာဖြင့် စျေးသတ်မှတ်ပြီး စစ်ဆေးရေးအဖွဲ့များစွာဖြင့် ဖမ်းဆီး၊စစ်ဆေးခြင်းဖြင့် ကုန်စျေးနှုန်းကျစေရန် ဖိအားပေးခြင်းဖြစ်သည်။
ယင်းသို့ဓာတ်ကြမ်းတိုက်ခြင်းကြောင့် အမြင်အားဖြင့် ကုန်စျေးနှုန်းကျဆင်းသွားသယောင်ရှိပြီး ပြဿနာပြေလည်သွားခြင်းမဟုတ်ကြောင်း သိသာနေသော်လည်း အာဏာရှင် အဆက်ဆက်ကတော့ ယင်းသို့လုပ်ဆောင်ကြသည်သာဖြစ်သည်။
“ဒါဖြင့်ဈေးတက်တာ ဝိသမလောဘသားတွေကြောင့် မဟုတ်ဘူးလားဆိုရင်တော့ အစိတ်အပိုင်းတစ်ခုပဲ မှန်တယ်လို့ဆိုရပါမယ်။ ဝိသမလောဘသားတွေကြောင့်လည်း ဈေးတက်တာက ရာခိုင်နှုန်းအနည်းငယ်သာ ဖြစ်ပြီး အဓိကတော့ စစ်ကောင်စီအပေါ် ပြည်တွင်း၊ ပြည်ပယုံကြည်မှု ပျောက်ဆုံးနေလို့၊ သူတို့ရဲ့ စီးပွားရေးမူဝါဒတွေက တံခါးပိတ်မူဝါဒတွေဖြစ်နေလို့၊ စီမံခန့်ခွဲမှု အလွဲတွေဖြစ်နေလို့ပါ။ ထင်ရှားတာကတော့ အခုစစ်ကောင်စီညွှန်းဆိုနေတဲ့ ဝိသမလောဘသားတွေဟာ NLD အစိုးရလက်ထက်မှာလည်း ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ ဒီလောက်မြင့်တက်ခဲ့လားဆိုတာ ပြန်မေးစရာဖြစ်ပါတယ်” ဟုဆောင်းပါးရှင် မောင်စီးပွားက ယခုနှစ် စက်တင်ဘာလက ရေးသားခဲ့သည့် ‘မြန်မာ့စီးပွား ဘာဖြစ်နေလဲ’ ဆောင်းပါးတွင် သုံးသပ်ပြထားသည်။
ယင်းဆောင်းပါးတွင်ပင် ကုန်ဈေးနှုန်းထိန်းနိုင်ရန် စစ်ကောင်စီက ကုန်စျေးနှုန်း ထိန်းချုပ်ရေးအဖွဲ့များဖွဲ့ပြီး စျေးသတ်မှတ်ကာ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချရန် ဖိအားပေး ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ကြောင်း၊ သို့သော် သတ်မှတ်စျေးဖြင့် မည်သူမျှ ရောင်းလေ့မရှိကြောင်း ထောက်ပြထားသည်။
“ဘာကြောင့်မရောင်းလဲဆိုတော့ အရပ်ရပ်သော တင်သွင်းခွင့်ပါမစ်ရဖို့ လာဘ်ထိုးရတဲ့ကုန်ကျစရိတ်တွေ၊ ပါမစ်ရတော့လည်း ရုံးအဆင့်ဆင့်မှာ ပေးရတဲ့ငွေတွေ၊ တကယ်ကုန်သွယ်ပြီဆိုတော့လည်း ခရီးလမ်းအဆင့်ဆင့်မှာ ပေးရတဲ့ ငွေတွေကြောင့်ပါ။ ဒါ့အပြင် ဒီလိုစီးပွားရေးကျဆင်း၊ ကုန်ဈေးနှုန်းမြင့်တက်တာကို ကိုင်တွယ်ဖို့ စစ်ကောင်စီ ကိုယ်တိုင်ယုံယုံကြည်ကြည် ခန့်ထားတဲ့လူတွေကိုတောင် ပြန်ပြီး ဖမ်းဆီးစစ်ဆေးနေရတဲ့ အခြေအနေပါ” ဟုလည်း ထောက်ပြထားသေးသည်။
ယင်းဆောင်းပါးတွင် သုံးသပ်ပြထားသလိုပင် စစ်ကောင်စီက ယုံယုံကြည်ကြည် ခန့်အပ်ထားသူများကိုပင် ဖမ်းဆီးမှုများ၊ ဌာနပြောင်းရွှေ့မှုများ လုပ်ဆောင်လာသည်။
စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးမှာလည်း ယခုအခါ ဖမ်းဆီး စစ်ဆေးခံနေရပြီဖြစ်သည်။
ဗိုလ်ချုပ်ရန်နိုင်စိုးမှာ ကုမ္ပဏီများနှင့် အစည်းအဝေးတွင် နာရီပေါင်းများစွာ ကြာသည်အထိ ဆဲဆို ပြောဆိုလေ့ရှိသည်ဟု နာမည်ကျော်သူတစ်ဦးဖြစ်သည်။
ယင်းသို့ပင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးအောင်နိုင်ဦးကို တာဝန်မှ ဖယ်ရှားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးတာဝန်သို့ပြောင်းလဲကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ဦးအောင်နိုင်ဦးမှာ ယခင်က ရင်နှီးမြုပ်နှံမှုနှင့်စီးပွားရေးဝန်ကြီးဌာန၏ အတွင်းဝန်ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စီး/ကူးဝန်ကြီးအဖြစ် ဆက်တိုက်ခန့်အပ်ခံထားရသူဖြစ်သည်။
ယင်းအပြင် စီး/ကူး ဒုဝန်ကြီးဦးညွန့်အောင်ကိုလည်း ရာထူးမှထုတ်ပယ်လိုက်သည်။
ဦးညွန့်အောင်မှာ ကုန်စည်စီးဆင်းမှုများမှန်ကန်စေရေး ဗဟိုကော်မတီ၏ အတွင်းရေးမှူးဖြစ်ပြီး ကုန်သွယ်ရေးပါမစ်များချထားရာတွင် ဦးဆောင်သူဖြစ်သည်ဟု ဆိုသည်။
ဖယ်ရှားလိုက်သည့်နေရာများအတွက် စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးအဖြစ် ဦးထွန်းအုံကိုလည်းကောင်း၊ ဒုဝန်ကြီးအဖြစ် ဦးမင်းမင်းကိုလည်းကောင်း အစားထိုးခန့်ထားသည်။
ကုန်စျေးနှုန်း မထိန်းနိုင်ပါက လုပ်ဆောင်လေ့ရှိသော ယင်းဖြုတ်ထုတ်သတ် လမ်းစဉ်များမှာ အာဏာရှင်အဆက်ဆက် လုပ်သောနည်းလမ်းဟောင်းဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းမှ လုပ်ငန်းရှင်ကြီးတစ်ဦးကမူ ဈေးကွက်၏ ဝယ်လိုအား ရောင်းလိုအားကို စျေးကွက်သဘောတရားကသာ ထိန်းကျောင်းနေခြင်းဖြစ်ပြီး ကုန်ဈေးနှုန်းကို အမိန့်အာဏာဖြင့် ထိန်းချုပ်၍မရကြောင်း ပြောဆိုသည်။
ကုန်ဈေးနှုန်းအဆမတန်တက်နေခြင်းမှာ မူဝါဒအမှားများကြောင့်သာဖြစ်ပြီး စီးပွားရေးသမားများကို လက်ညှိုးထိုးနေခြင်းမှာ ယုတ္တိမရှိကြောင်း ၎င်းက ဆိုသည်။
ဆောင်းပါးရှင် မောင်စီးပွားကလည်း “တကယ်တမ်းပြန်ကြည့်ရင် ဒီလို အမိန့်ပေးစီးပွားရေးစနစ်၊ နိုင်ငံတော်က ကြားဝင်ကယ်မတယ်ဆိုတဲ့ စနစ်မျိုးတွေဟာ မဆလ ခေတ်၊ နဝတ ၊ နအဖ လက်ထက်က လုပ်နည်းတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက မအောင်မြင်သလို အခုလို မအောင်မြင်ပါဘူး။ နောင်လည်း အောင်မြင်မှာမဟုတ်ပါဘူး” ဟုဆိုသည်။