BREAKING
January 13, 2025

တနင်္သာရီတွင် စစ်ကောင်စီတပ် သုံးရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရ

September 1, 2024

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ရိက္ခာကား၊ စစ်ကြောင်းနှင့် ယာဉ်တန်းကို သုံးရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်များထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၁ရက်) နံနက် ၇ နာရီဝန်းကျင်တွင် ဇဝဲတပ်ရင်းမှ တနင်္သာရီသို့ ဦးတည်ထွက်လာသည့် စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းကို ပြင်ဝန်းနှင့် ရမ်းဖိုရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ခံ ကိုဏကြီးက ဆိုသည်။

ယင်းနေ့ နေ့လယ် ၁နာရီခန့်တွင်လည်း ပြင်ဝန်းရွာနှင့် ရမ်းဖိုရွာကြားတွင် လမ်းကင်းစောင့်နေသည့် စစ်ကောင်စီတပ်နှင့် ၅မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၀ မမအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“မနက်ပိုင်းမိုင်းဆွဲတော့ ကားထဲပါလာတဲ့ စကစတွေက သေနတ်နဲ့ပြန်ပစ်တော့ နှစ်ဖက်အပစ်အခတ်ဖြစ်ခဲ့တယ်။ မိုင်းဆွဲပြီး သူတို့(စကစ)က ဇဝဲတပ်ကနေ လက်နက်ကြီးနဲ့လှမ်းထုတာမျိုးရှိတယ်” ဟု မြိတ် ပကဖ တာဝန်ခံ ကိုဏကြီးက ဆိုသည်။

ဩဂုတ် ၃၀ ရက်နေ့ နံနက်ကလည်း မြိတ်မြို့ကလာသည့် စစ်ကောင်စီတပ် ရိက္ခာကားတစ်စီးကို ဘန်းလမွတ်ကျေးရွာအုပ်စု ချောင်းညီကိုရွာအနီးတွင် တစ်ကြိမ်နှင့် ရမ်းဖိုရွာအနီးတွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။

ထို့အပြင် ဩဂုတ် ၃၁ရက် နံနက် ၇ နာရီခွဲကလည်း ဇဝဲတပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို အဆိုပါတပ်ရင်းအနီးတွင်ပင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။

အထက်ပါ သုံးရက်တာတိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက် ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။

သုံးရက်တာ တိုက်ခိုက်မှုကို မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- မြိတ်ပကဖ၊ တနင်္သာရီမြို့နယ် ပကဖ ဇုန်(၃) တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ဇုန်(၅) က တောဗုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်။