BREAKING
January 13, 2025

လောင်းလုံး ဖွားဘုတ်ပြင်ရွာနှင့် အနီးဝန်းကျင်ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့

September 1, 2024

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု ဖွားဘုတ်ပြင်ရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက စက်တင်ဘာလ ၁ ရက် ယနေ့ နံနက်ပိုင်းတွင် မီးရှို့နေသဖြင့် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ဖွားဘုတ်ပြင်ရွာအတွင်းနှင့် ရွာအပြင် အနီးပတ်ဝန်းကျင် လေးနေရာခန့်တွင် မီးခိုးလုံးများ တက်လာနေသည်ကို တွေ့မြင်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီနေ့မနက် မီးခိုးလုံးတွေတက်နေတာ လေးနေရာလောက်တွေ့တယ်။ မနေ့က တစ်နေရာတွေ့သေးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန်တယ် လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် ပုလဲမြေတယ်ချန်နယ်တွင်မူ ယနေ့ နံနက် ဖွားဘုတ်ပြင်ရွာ အနီး PDF စခန်းတစ်ခုကို တွေ့ရှိ၍ မီးရှို့ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။

ရေဖြူ PDF တံဆိပ်ပါ အလံ လေးခုအပါဝင် BA HTOO DRONE FORCE ကျောတံဆိပ်ပါ အနက်ရောင် တီရှပ်အင်္ကျီ လေးထည်နှင့်အတူ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ရေးသားထားသည်။

ယင်းအပြင် ဩဂုတ်လ ၃၁ ရက်နေ့က နှစ်ဖက်ပစ်ခတ်မှုတွင် PDF နှစ်ဦး သေဆုံးကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဗထူးတပ်မတော် (BAH) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်ကမူ ဖွားဘုတ်ပြင်ရွာအနီးတွင် ထိတွေ့ ပစ်ခတ်မှု မရှိသလို ရဲဘော်များလည်း သေဆုံးခြင်း မရှိကြောင်း Dawei Watch သို့ ပြောသည်။

“မနေ့ကနေ ဒီနေ့ထိ အဲဒီနေရာမှာ ကျွန်တော်တို့နဲ့ ပစ်ခတ်မှု မရှိဘူး။ ကျွန်တော်တို့ စခန်းမီးရှို့ခံထားရတာလည်း မရှိဘူး။ ကျွန်တော်တို့ ရဲဘော်တွေကျဆုံးတာလည်း မရှိဘူး” ဟု ရဲဘော်ထက်မြက်က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်၊ ထိန်တွင်း၊ ဖွားဘုတ်ပြင်ရွာအနီးတစ်ဝိုက်တွင် စစ်ကြောင်း ထိုးနေသည်။

ထိုစစ်ကြောင်းသည် စခန်းကြီးရွာသား သုံးဦး၊ မဲအုံနှောက်ရွာသားတစ်ဦးတို့အား ဖမ်းဆီးထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

“ဖွားဘုတ်ပြင်မှာလည်း ထပ်ဖမ်းထားတယ်။ အမျိုးသားရော အမျိုးသမီးရောပဲ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ဖမ်းဆီးခံထားရသည့် ဖွားဘုတ်ပြင်ရွာသား အမျိုးသား အမျိုးသမီး ၁၀ ဦးထက်မနည်းရှိပြီး စစ်ကောင်စီ စစ်ကြောင်းသည့် ယနေ့ မွန်းလွဲပိုင်းအထိ ဖွားဘုတ်ပြင်ရွာအနီးဝန်းကျင်တွင်‌ ရှိနေသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဖွားဘုတ်ပြင်ရွာနှင့် အနီးဝန်းကျင်ရှိ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။