BREAKING
September 16, 2024

လူတိုင်းကို စစ်ကျွန်ပြုရန် ကြံစည်နေသည့် စစ်ကောင်စီ

September 1, 2024

လူထုတော်လှန်ရေး အားကောင်းလာမှုနှင့်အတူ နိုင်ငံအဝှမ်း အရှုံးဖြင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီက တစ်နိုင်ငံလုံးကို စစ်ကျွန်ပြုမည့် အစီအစဉ်အား ထပ်မံအကောင်အထည်ဖော်လာသည်။

ပြည်သူ့လုံခြုံရေးစနစ်ဟု အမည်တပ်ထားသည့် ပြည်သူတိုင်းသေနတ်ကိုင်ပြီး ကင်းစောင့်ရမည့် အစီအမံတစ်ခုကို ထုတ်ပြန်လာခြင်းဖြစ်သည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာလာချိန်တွင် မြို့ပေါင်း ၇၀ ကျော် လက်လွှတ်ဆုံးရှုံးထားရပြီး အင်အားပြုန်းတီးနေ သည့် စစ်ကောင်စီက ရသမျှနည်းလမ်းဖြင့် လူအင်အား စုဆောင်းလာခြင်းလည်းဖြစ်သည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူများကို စစ်မှုမထမ်းမနေရစနစ်ဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးကာ စစ်သားစုဆောင်းခဲ့သည်။

ယခုအကြိမ်တွင်မူ စစ်မှုထမ်းအသက် ကင်းလွတ်သူများကိုပါ အလွတ်မပေးတော့ဘဲ အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်း အကျုံးဝင်သူများကို မြို့ရွာများတွင် ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ဆိုသည်ကို အဓမ္မလုပ်ဆောင်လာပြန်သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများမှာ ကင်းစောင့်ရုံဖြင့်မပြီး။ စစ်ရေးမှာပါ အသုံးချခံမည့်အခြေအနေလည်း ရှိသည်။ နယ်မြေလုံခြုံရေး၊ ကာကွယ်ရေး၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများအတွက် ထောက်ပို့တာဝန်၊ ဒဏ်ရာရလူနာ ကယ်ဆယ်ရေးတာဝန်များကိုပါ ထမ်းဆောင်ရမည့်အပြင် သတင်းပေး အင်ဖော်မာ တာဝန်လည်း ထမ်းဆောင်ရဖွယ်ရှိနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးချွတ်ခြုံကျလာချိန် အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် ပြည်သူများမှာ စစ်ကောင်စီ၏ အဓမ္မလူသစ်စုဆောင်းသည့် ဒဏ်ကိုပါ ခံစားလာရသည်။

ထိုကြောင့် စစ်ကောင်စီက စတင်အကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးစနစ်ဆိုသည့် စစ်ကျွန်ပြုရေး စီမံကိန်းအပေါ် ပြည်သူများ၏ ထင်မြင်ချက်၊ စဉ်းစားချက်နှင့် အနာဂတ်အရေး တွေးတောကြံဆမှုများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။

“ရှိသမျှ လူအကုန်လုံးကို စစ်ထဲကို ဆွဲသွင်းတဲ့သဘောပေါ့”

အသက် ၄၂နှစ်အရွယ် အမျိုးသားတစ်ဦး၊ ထားဝယ်မြို့။

DW ။ အခုဆိုရင် စစ်ကောင်စီက အသက် ၃၅ ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ကင်းစောင့်ခိုင်းမယ့် ပြည်သူ့ လုံခြုံရေးစနစ်လို့ အမည်ပေးထားတဲ့ အစီအစဥ်တစ်ခုကို အတင်းအကျပ် အကောင်အထည်ဖော်တော့မယ်ပေါ့နော်။ ဆိုတော့ အဲဒီလိုလုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ ရှိသမျှ လူအကုန်လုံးကို စစ်ထဲကို ဆွဲသွင်းတဲ့သဘောပေါ့။ မြို့ပြတွေ ကျေးလက်တွေ လုံခြုံရေးက သူတို့လူတွေကို ပြန်ပြီးထုတ်နုတ်ဖို့အတွက် ထိုးစစ်တွေမှာ ပြန်သုံးချင်တဲ့အတွက် လုံခြုံရေးမှာ လူတွေကို ထိုးထည့်တဲ့ပုံစံမျိုးပေါ့။ သူတို့ တပ်သားတွေကို ထုတ်နုတ်ပြီး သူတို့ထိုးစစ်တွေကို လုပ်ဖို့အတွက်။ အဲဒါဆိုရင် သူတို့တပ်သားတွေရဲ့ နေရာမှာ ပြည်သူတွေကို ထိုးထည့်တာပေါ့။ လူတွေအကုန်လုံးကို စစ်ထဲဆွဲထည့်လိုက်တာပေါ့။

DW ။ အဲဒီအတွက် ကိုယ့်တစ်ဦးချင်းအနေနဲ့ စိုးရိမ်မှုရှိလား။ ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ ကျွန်တော့်တစ်ဦးချင်းအမြင်ဆိုရင် ဒါကစိုးရိမ်စရာပဲပေါ့။ ဘာဆက်လုပ်ရမလဲဆိုတော့ အခုအခြေအနေက တော်တော်လေးကို စဉ်းစားရတာခက်သွားပြီပေါ့။ ဒီထဲမှာ ဆက်နေမယ်ဆိုရင်တော့ သူတို့ခိုင်းတဲ့အတိုင်းလုပ်ရမှာပေါ့။ ခိုင်းတဲ့အတိုင်း မလုပ်ချင်ဘူးဆိုရင် ပြည်ပကို ပြေးမလား။ မပြေးရင် လွတ်မြောက်နယ်မြေကို သွားရမှာပေါ့လေ။

DW ။ စစ်မှုထမ်းစနစ်မှာက အသက်အားဖြင့် ကင်းလွတ်နေတဲ့သူတွေက အခုလုံခြုံရေးစနစ်ဆိုတဲ့ အသက်ကန့်သတ်ချက်မှာ အကျုံးဝင်လာတော့ ပြည်တွင်းမှာ ပတ်ဝန်းကျင်မှာ ဘာတွေဆက်ဖြစ်လာနိုင်လဲ။ ဘာကြောင့်လဲ။

ဖြေ ။ ကောင်းတာတွေက ဘာတစ်ခုမှ မရှိဘူး။ လူမှုရေး၊ စီးပွားရေးပေါ့ ဒီအကျိုးဆက်က။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေကို သူတို့က အကုန်လုံးကို စစ်ကျွန်လုပ်ဖို့အတွက် သူတို့ရဲ့လုံခြုံရေးလုပ်ရမယ် ဒီလူတွေက။ ကင်းစောင့်ရမယ်။ ပြီးရင် ဧည့်စာရင်းစစ်တာလုပ်ရမယ်။ လူမှုစီးပွားလုပ်ဖို့အတွက် အချိန်တွေ လျော့သွားမယ်။ ပြီးရင် လူထုရဲ့ လုံခြုံရေးကို ပိုပြီးခြိမ်းခြောက်ခံရမှာပေါ့။ အဲဒါဆိုတော့ စီးပွားရေးက ဘာမှ ကောင်းလာစရာမရှိဘူး။ ပိုပြီးဆိုးသထက် ဆိုးဖို့ပဲရှိတယ်။

DW ။ အခုဆိုရင် သားတွေရဲ့အလှည့်ပြီးရင် အဖေတွေရဲ့ အလှည့်ဆိုတာမျိုး ဖြစ်လာတာပေါ့လေ။ စစ်ကောင်စီက လူအင်အားရဖို့အတွက် အမျိုးမျိုးသော စနစ်တွေနဲ့ အတင်းအဓမ္မလုပ်ဆောင်လာတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ သူတို့(စကစ)က သူတို့ရဲ့ စည်းစိမ်တွေ အာဏာတည်မြဲဖို့အတွက်ဆိုရင်တော့ ဘယ်သူ့ကိုမှချန်မှာ မဟုတ်ဘူးပေါ့ နော်။ အသက်ကြီးတဲ့လူတွေကိုလည်း မချန်သလို သူတို့ရဲ့အာဏာမြဲဖို့ဆိုရင် (စိတ်ကျန်းမာရေးချို့တဲ့) သူလည်း ချန်မှာမဟုတ်ဘူး။ (မသန်စွမ်းတွေလည်း) ချန်မှာ မဟုတ်ဘူး။ အဓိကကတော့ သူတို့အာဏာတည်မြဲဖို့အတွက် ရတဲ့နည်းနဲ့ ရတဲ့လူတွေကို ရှိသမျှအားတွေအကုန်လုံး သူတို့ရဲ့ပိုင်ဆိုင်မှု ထိန်းသိမ်းနိုင်ဖို့အတွက် လုပ်မှာပဲ။

DW ။ အခြားဘာများဖြည့်စွက်ပြောဖို့ရှိလဲ။

ဖြေ ။ ကျွန်တော်တို့အကုန်လုံးက စဉ်းစားသင့်တာပေါ့နော်။ ဘာလုပ်ရမလဲဆိုတာ။ ဒီမှာနေရင်တော့ မြို့ထဲမှာရွာထဲမှာ နေရင်တော့ သူတို့ခိုင်းတာလုပ်ရမှာပေါ့။ သူတို့က လက်နက်ကိုင်ဆို ကိုင်ရမယ်။ သူတို့ကင်းစောင့်ဆို စောင့်ရမယ်။ အဓိကကတော့ သူတို့ နောက်ဆုံးအခြေအနေဆိုရင် မြို့ပြကာကွယ်ရေးအတွက်ဆိုရင် စစ်လည်းတိုက်ရမှာပေါ့။ ပထမကတော့ လုံခြုံရေးပေါ့။ နောက်ဆိုရင်တော့ လုံခြုံရေးကနေ ကာကွယ်ရေးဖြစ်ပြီး စစ်တိုက်ရမှာပေါ့။ အဲဒါကြောင့် ဒီထဲမှာနေရင်တော့ သူတို့ခိုင်းတာလုပ်ရမှာ။ မနေချင်ရင်တော့ လွတ်မြောက်နယ်မြေသွား။ ပြည်ပကိုထွက်။ အကောင်းဆုံးကတော့ ကိုယ့်အနေနဲ့ဆိုရင် ခုခံတွန်းလှန်စစ် တော်လှန်ရေးအတွက်ကို အကုန်လုံးပိုပြီးတော့ အားစိုက်ဖို့ လိုပြီပေါ့။ ငွေအား လူအားပေ့ါ။အဲဒီလိုအားစိုက်မှပဲ မြန်မြန်ပြီးမှာပေါ့။ မြန်မြန်အားမထည့်သရွေ့ကတော့ သူတို့(စကစ)ကတော့ နည်းမျိုးစုံနဲ့ လူထုကို အကျပ်ကိုင်မယ်။ လူထုကိုဒုက္ခပေးပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေမှာပေါ့။ သူတို့ရဲ့ အာဏာကို ကာကွယ်နေမှာပေါ့။

DW ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။

“နောက်ဆိုရင် ၆၅ နှစ်မဟုတ်ဘူး။ လမ်းလျှောက်နိုင်တဲ့သူ အကုန်လုံးကို ခေါ်မယ့် သဘောရှိတယ်”

အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ ထားဝယ်မြို့။

DW ။ အခုဆိုရင် စစ်ကောင်စီက အသက် ၃၅ ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ရပ်ရွာထဲ ကင်းစောင့်ခိုင်းမယ့် ပြည်သူ့လုံခြုံရေးစနစ်လို့ အမည်ပေးထားတဲ့ အစီအစဥ်တစ်ခုကို အတင်းအကျပ်အကောင်အထည်ဖော် တော့မယ် ပေါ့နော်။ ဆိုတော့ အဲဒီလိုလုပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ သူတို့(စကစ)မှာ အင်အားမရှိတော့လို့ ရှိတဲ့သူကို ဆွဲခေါ်တာ။ လူငယ်ပိုင်းတွေလည်း မရှိကြတော့ဘူးဆိုတော့ ရှိတဲ့လူကို ဆွဲခေါ်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့။ နောက်ဆိုရင် ၆၅ နှစ်မဟုတ်ဘူး။ လမ်းလျှောက်နိုင်တဲ့သူ အကုန်လုံးကို ခေါ်မယ့် သဘောရှိတယ်။

DW ။ အဲဒီအတွက် ကိုယ့်တစ်ဦးချင်းအနေနဲ့ စိုးရိမ်မှုရှိလား။ ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ။အကိုလည်း ဒီအသက်အရွယ်ထဲ အကျုံးဝင်နေတယ်ဆိုတော့လေ။

ဖြေ ။ စိုးရိမ်စိတ်တော့ နည်းနည်းရှိတယ်။ ဒါပေမဲ့ အရမ်းကြီးကြောက်နေရင်လည်း အဆင်မပြေဘူးလေ။ အခြေအနေကို ကြည့်ပြီးတော့ ဒီလိုပဲ လှုပ်ရှားရမယ့် အချိန်အခါပေ့ါ။

DW ။ တစ်ကယ်လို့ အတင်းအကျပ်လုပ်လာပြီ။ ကိုယ်လည်းပါလာပြီဆိုရင် ဘယ်လိုဆက်လုပ်မယ်လို့ စဉ်းစားထားလဲ။

ဖြေ ။ အတင်းအကျပ်လုပ်လာပြီဆိုရင် သင်တန်းတက်ဆို တက်လိုက်မယ်။သေနတ်ပေးရင် ယူလိုက်မယ်။ ပြီးရင် ထွက်ပြေးတာပေါ့။

DW ။ စစ်မှုထမ်းစနစ်မှာက အသက်အားဖြင့် ကင်းလွတ်နေတဲ့သူတွေက အခုလုံခြုံရေးစနစ်ဆိုတဲ့ အသက်ကန့်သတ်ချက်မှာ အကျုံးဝင်လာတော့ ပြည်တွင်းမှာ ပတ်ဝန်းကျင်မှာ ဘာတွေဆက်ဖြစ်လာနိုင်လဲ။ ဘာကြောင့်လဲ။

ဖြေ ။ အဆက်အသွယ်မရှိတဲ့ လူတွေကတော့ သူတို့ခေါ်တဲ့အတိုင်းလိုက်ပြီး ကင်းစောင့် ဒီလိုပဲ ပါနေမှာပဲ။ အဆက်အသွယ်ရှိတဲ့လူတွေကတော့ အခြေအနေကိုကြည့်ပြီး လှုပ်ရှားမှာပဲ။ လွတ်မြောက်နယ်မြေကို သွားတာမျိုး ဒါမှမဟုတ် ပြည်ပကို ထွက်တာမျိုးလည်းရှိမယ်။ ကျွန်တော်ပြောသလို လုပ်မယ့်လူလည်း ရှိမယ်။ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အခြေအနေကတော့ တူမှာမဟုတ်ဘူးပေါ့။

DW ။ အခုဆိုရင် သားတွေရဲ့အလှည့်ပြီးရင် အဖေတွေရဲ့ အလှည့်ဆိုတာမျိုး ဖြစ်လာတာပေါ့လေ။ စစ်ကောင်စီက လူအင်အားရဖို့အတွက် အမျိုးမျိုးသောစနစ်တွေနဲ့ အတင်းအဓမ္မလုပ်ဆောင်လာတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ သားတွေ၊ အဖေတွေပြီးရင် အဘိုးတွေပါ ပါလာလိမ့်မယ်။ သူတို့က သူတို့သေတွင်း သူတို့တူးတာပေါ့။ ဘာဖြစ်လို့လဲ ဆိုရင် ဒီလူတွေက သူတို့(စကစ)ဘက်ကို ဝင်ချင်တဲ့သူတွေ မဟုတ်ဘူးလေ။ တစ်ခုခုဖြစ်လာရင် တော်လှန်ရေးဘက်ကိုပဲ ရောက်ဖို့များတယ်။ အခုဆို လူငယ်ပိုင်းတွေတုန်းကဆိုရင် သူတို့စစ်မှုထမ်းဖို့ခေါ်လိုက်တဲ့ အချိန်မှာ လူငယ်တွေက တော်လှန်ရေးအဖွဲ့တွေထဲကိုရောက်သွားပြီး အင်အားထပ်တိုးပေးသလိုဖြစ်သွားတယ်။ အခုလည်း ဒီလိုပဲ ဖြစ်လာ လိမ့်မယ်။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“ပြည်သူအချင်းချင်း လက်နက်တပ်ပေးပြီး ရန်တိုက်ပေးဖို့ လုပ်တယ်ပဲထင်တယ်”

အသက် ၃၅ နှစ်အရွယ် အမျိုးသား၊ ဖောင်းတောရွာ ရေဖြူမြို့နယ်။

DW ။ ရွာမှာ စာသင်ကျောင်းလုံခြုံရေးအတွက် ရွာသားတွေတာဝန်ယူရမယ် ပြောပြီးနောက်ပိုင်း ဘာထူးခြားလဲ။

ဖြေ ။ အစည်းအဝေးခေါ်ပြီးကတည်းက ပြန်ငြိမ်နေတယ်။ နောက်ထပ် ထပ်ပြီး ခေါ်တာပြောတာတော့ မရှိတော့ဘူး။ ရွာမှာ ရွာလူကြီး (အုပ်ချုပ်ရေးမှူး) လည်း ပြေးနေတယ်လေ။ အုပ်ချုပ်ရေးအဖွဲ့ဝင် တ‌စ်ယောက်အပစ်ခံရပြီးကတည်းက ရွာမှာ မနေတော့ဘူး။ သူတို့အုပ်စုထဲကဆို နှစ်ယောက်လောက်ကတော့ ရွာမှာ နေတုန်းပဲ။ ရေတပ်က တပ်လာစွဲ ပေးထားတော့ သူတို့ဟာသူတို့ နည်းနည်း စိတ်ချနေတယ်လို့ထင်တယ်။

DW ။ စစ်ကောင်စီက ၃၅ နှစ်အထက် အမျိုးသားတွေပါဝင်ရမယ့် ပြည်သူ့လုံခြုံရေးအစီအစဉ်လုပ်ဖို့ လုပ်နေတာရော သိရလား။

ဖြေ ။ အခုပြောမှသိရတယ် ။ ရွာမှာ အင်တာနက်လိုင်းလည်း သိပ်မကောင်းတော့ သတင်းလည်း သိပ်မဖတ်ဖြစ်တော့ မသိဘူး။

DW ။ ပတ်ဝန်းကျင် ကျေးရွာတွေမှာရော ဘာကြားထားတာရှိသေးလဲ။

ဖြေ ။ ထွေထွေထူးထူးတော့မကြားထားဘူး။ ပြီးတော့ ၆ လပိုင်းလောက်ကတည်းက ရွာမှာ စစ်တပ်က လာပြီး စီမံနေတယ်။ အုပ်ချုပ်ရေးမှူးအုပ်စုတွေလည်း မရှိကြတော့ဘူးလေ။ တစ်ခုခုဆို မော်ကြီးရွာက ရေတပ်ဂိတ်သွား အသိပေးတယ်။ အိမ်မှာဆွမ်းကျွေးလုပ်တာတောင် လူစုလူဝေးဖြစ်တယ်ဆိုပြီး ကြိုပြီး အသိသွားပေးရတယ် ။

DW ။ ပတ်ဝန်းကျင်ရွာတွေက ပြည်သူ့စစ်အဖွဲ့တွေ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ ။ ဖောင်းတောနားမှာ အနီးဆုံးပြည်သူ့စစ်ရှိတဲ့ရွာက သဘွတ်ချောင်းရွာပဲ။ ပြည်သူ့စစ်အခြေအနေက ဘယ်လိုရှိလဲဆိုတော့ သင်္ကြန်ကာလအပြီးတုန်းက လူတစ်ယောက်ကို ရိုက်လိုက်တာ သေသွားပြီးတဲ့နောက်ပိုင်း ပြည်သူ့စစ်ခေါင်းဆောင် ခေါ်စစ်ခံရတယ်။ စစ်တဲ့အခါ လက်နက်က သူတို့(စစ်တပ်)ထုတ်ပေးထားတာ ပိုနေတာ မျိုးရှိတယ်။ အစစ်ခံရပြီးနောက်ပိုင်း အမှုဖြစ်နေလို့ ရုံးချိန်းသွားသွားနေရတယ်။ လုပ်ပိုင်ခွင့်တချို့လည်း ပြန်ရုပ်သိမ်းထားတယ်။ အခုမှပဲ စိတ်အေးရတယ်လို့ သူတို့ရွာသားတွေကတောင် ပြောနေသေးတယ်။ ပြည်သူ့စစ်အဖွဲ့ လုပ်ချင်တိုင်းလုပ်နေတုန်းကဆိုရင် ရွာသားတွေအမြဲ ရိုက်နှက် နှိပ်စက်ခံနေရတာပဲ။ လူမသိသူမသိ နှိပ်စက်ခံလိုက်ရတာက များတယ်။

DW ။ စစ်မှုထမ်းစာရင်းကောက်တဲ့ အခြေအနေလေးလည်း ပြောပေးပါလား ။

ဖြေ ။ စစ်မှုထမ်းစာရင်းက အရင် ၂ လလောက်က သဲချောင်းအုပ်စု တလိုင်းမျှော်ရွာနဲ့ သင်္ကန်းတောရွာမှာ အမည်စာရင်းနဲ့ အိမ်ရောက်လာတာမျိုး ဆယ်ဦးလောက်ရှိတယ်။ အဲဒီဆယ်ဦးထဲမှာ စစ်မှုထမ်း အသက်ကျော်တဲ့ အသက်၄ဝ ကျော် တွေပါ စာရင်းပါလာတယ်။ တချို့လည်း ပိုက်ဆံနဲ့ညှိလိုက်ကြတယ်။ အဲဒီ သင်္ကန်းတောရွာမှာက ရေတပ်သင်တန်းကျောင်း ရှိတယ်လေ။ သူတို့နဲ့ နီးစပ်မယ်ထင်တဲ့ရွာတွေကို ခေါ်ကြည့်တာလို့ပဲထင်တယ်။ ကျန်ရွာတွေမှာတော့ မကြားရဘူး။

DW ။ စစ်မှုထမ်းကြေညာပြီးနောက်ပိုင်း ရပ်ရွာအခြေနေက ဘယ်လိုရှိလဲ။

ဖြေ ။ ယောက်ျားသားတွေ မရှိတော့ဘူးပေါ့။ အနည်းအကျဉ်းပဲကျန်တယ်။ ဘယ်သူကျန်နေလဲဆိုရင် မိအိုဖအိုတွေကို ထားခဲ့မှ ရသူတွေကျန်တယ်။ နဂိုကလည်း ထိုင်းသွားလုပ်စားတာက အစဉ်အလာတစ်ခုလိုဖြစ်နေရာကနေ အခုဆိုရင် အရွယ်ရောက်ပြီးသားတွေ မဖြစ်မနေ အကုန်ထိုင်းပို့ပစ်လိုက်ကြတယ် ။

DW ။ အခု စစ်ကောင်စီက စစ်မှုထမ်းအပြင် ပြည်သူ့လုံခြုံရေး ဆိုပြီး ထပ်လုပ်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ ပြဿနာတွေပိုများလာမယ်။ ပိုပြီးဆူလာမယ်မြင်တယ်။ ဘယ်လိုဖြစ်လာမလဲဆိုရင် သူသူကိုယ်ကိုယ် လက်နက် လက်ထဲရောက်လာရင် ပြဿနာကို လက်နက်နဲ့ ဖြေရှင်းဖို့ ဦးစားပေးလာကြမယ်။ သူ့ဘက် ကိုယ့်ဘက်ပြဿနာတွေ ပိုများလာမယ်။ ပြီးတော့ ရပ်ရွာအတွက်လည်း မလိုအပ်ဘူးလို့မြင်တယ်။ ပြည်သူအချင်းချင်း လက်နက်တပ်ပေးပြီး ရန်တိုက်ပေးဖို့ လုပ်တယ်ပဲထင်တယ်။

DW ။ ကိုယ်တိုင်လည်း ၃၅ နှစ်ဆိုတော့ အတင်းအကျပ်လုပ်လာခဲ့ရင် ဘယ်လိုစိုးရိမ်မှုရှိလဲ။

ဖြေ ။ ထွက်ပြေးကြဦးမယ်ထင်တာပဲ။ ကိုယ်တိုင်ကတော့ အခုထိမစဉ်းစားရသေးဘူး။ သေချာတာကတော့ မပူးပေါင်းဖြစ်ဖို့များပါတယ်။

DW ။ ကျေးဇူးတင်ပါတယ် ။

“အသက် ၁၅ ၊ ၁၆ အရွယ်နဲ့ ၅၀ ၊ ၆၀ အရွယ်တွေပဲရှိတယ်။ ကြားက အရွယ်တွေ အကုန်မရှိတော့ဘူး”

အသက် ၄ဝ ဝန်းကျင် အမျိုးသမီးတစ်ဦး၊ ကျောက်ရပ်ရွာ ထားဝယ်မြို့နယ်။

DW ။ ရွာက ပြည်သူ့စစ်အဖွဲ့အခြေအနေလေး ပြောပြပေးပါ။

ဖြေ ။ ရွာကပြည်သူ့စစ်တွေက အခုလ(ဩဂုတ်လ)ကစပြီး ထောက်ပံ့ကြေး သုံးထောင် မကောက်တော့ဘူးလို့ ဆယ်အိမ်ခေါင်းတွေကို အစည်းအဝေးခေါ်ပြောလိုက်တယ်။ အရင်နှစ်သင်္ကြန်မတိုင်ခင် ပျူစောထီး ဦးဝေလ ပစ်သတ်ခံရပြီးကတည်းက အရင်လအထိ လတိုင်းမပျက်မကွက်ထည့်ရတယ်။ မနှစ်က ဒီအချိန်လောက်ပဲ ကျောက်ရပ်က ပျူစောထီး ထောက်ပံ့ကြေးလိုက်ကောက်နေတဲ့သူအိမ်မီးလောင်တော့ အဲဒီလူလည်း ထားဝယ်ကို ပြေးတယ်။ ကျန်တဲ့ပျူစောထီးတွေလည်း ပြာသိုလ(ယခုနှစ် ဇန်နဝါရီလ) လောက်ကတည်းက ကျောက်ရပ်မှာ မရှိတော့ဘူး ။ ဘယ်မှာ သွားနေလဲတော့မသိဘူး။ လစဉ်ကြေးကတော့ အရင်လကအထိ ထည့်လိုက်ရသေးတယ် ။

DW ။ စစ်ကောင်စီက အခု ပြည်သူ့စစ်အဖွဲ့အပြင် ပြည်သူ့လုံခြုံရေးဆိုပြီး ထပ်လုပ်နေတာ သတင်းတွေကြားရလား။

ဖြေ ။ ဖတ်ရပါတယ်။ သတင်းတွေမှာ တွေ့ပါတယ်။ ရွာမှာတော့ နဂိုရှိတဲ့ ပြည်သူ့စစ်တောင် ထောက်ပံ့ကြေး မထည့်ရတော့ဘူးပြောတယ်။ နောက်ထပ်ထပ်ဖွဲ့ဖို့ ပြောတာမျိုးတော့မကြားရသေးဘူး။

DW ။ ရွာမှာ အရင်က ပြည်သူ့စစ်အဖွဲ့က ဦးရေဘယ်လောက်ရှိလဲ။

ဖြေ ။ အရင်က တစ်ဆယ်ကျော်လောက်ရှိတယ်။ နှစ်ဆယ်တော့ မပြည့်ဘူး ။ ကျောက်ရပ်ရွာလယ်ဇရပ်မှာပဲ နေကြတယ်။ ကျောက်ရပ်၊ ဝမော်၊ ပေါက်တိုင်း အဲဒီရွာသုံးရွာက ရွာသားတချို့နဲ့ ဒေသခံမဟုတ်တဲ့သူတွေပါတယ်။ အခုနောက်ပိုင်း သူတို့လည်း မရှိကြတော့ဘူး ရွာမှာ။ အရင်က သေသွားတဲ့ ပျူစောထီး ဦးဝေလ ရှိတုန်းကတော့ သေနတ်ကိုင်တယ်။ သူ့နောက်ပိုင်းမှာ သေနတ်ထပ်ကိုင်မကိုင်တော့ မသိရတော့ဘူး။ သူတို့ရွာလယ်ဇရပ်မှာနေတုန်းက တစ်ခါတလေ ညဘက် သေနတ်ဖောက်တာမျိုးတော့ကြားရတယ်။

DW ။ စစ်မှုထမ်းစာရင်းကောက်တာရော ကြားရသေးလား ။

ဖြေ ။ ကြားရတယ် ။ ပထမဆုံးစခေါ်တာနဲ့ ကျောက်ရပ်ကပါတယ် ။ ပါတဲ့တစ်ယောက်က အစကဝင်မလိုလိုနဲ့ မဝင်ဘဲနဲ့ ပြေးသွားတယ်။ နောက်ထပ်တော့ မကြားရတော့ဘူး။

DW ။ ရွာမှာ ယောက်ျားတွေ ရှိသေးရဲ့လား။

ဖြေ ။ အသက် ၁၅ ၊ ၁၆ အရွယ်နဲ့ ၅၀ ၊ ၆၀ အရွယ်တွေပဲရှိတယ်။ ကြားက အရွယ်တွေအကုန်မရှိတော့ဘူး။ အခုလောလောဆယ်တော့ လှေကပြန်လာတဲ့ လှေလုပ်သားတချို့ရှိတယ်။ သူတို့လည်း မကြာဘူး လှေပြန်ထွက်တော့မယ်။ ယောက်ျားလေး မရှိတော့ဘူး။ လယ်လုပ်ဖို့ အလုပ်သမားတောင် အတော်ရှာရတယ်။ ပြီးတော့ ကျောက်ရပ်ဘက်ဆို မလိုက်ရဲကြတာလည်း ရှိသေးတယ် ။

DW ။ အခုနောက်ထပ် ပြည်သူ့လုံခြုံရေးဆိုပြီး အတင်းအကျပ်လုပ်လာရင် ရွာမှာကျန်တဲ့ ဆွေမျိုးသားချင်းထဲက အမျိုးသားတွေအတွက် စိုးရိမ်မှုရှိလား။

ဖြေ ။ အဲဒီလိုတော့ ပြောမတတ်ဘူး။ ရွာမှာ ရွာလူကြီးက ဘယ်လိုစီစဉ်မလဲ ကြည့်ရဦးမယ်။ ရွာမှာကျန်တာကလည်း ဆွေမျိုးထဲမှာ ခြောက်ဆယ်တန်းတွေဆိုတော့ စိတ်တော့သိပ်မပူသေးဘူး။ ဒါပေမဲ့ ရှိတဲ့လူကို ခိုင်းရင်တော့ စိုးရိမ်ရတယ်။ စိုးရိမ်တာနောက်တစ်ခုကတော့ ရွာနားမှာ စစ်တပ်က ဂိတ်ရှိနေတော့ ပစ်တာခတ်တာအမြဲဖြစ်နေတယ်။ အဲဒါလည်း အခြားနေရာတွေမှာလို အကြီးအကျယ်ဖြစ်သွားမှာ စိုးရိမ်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ယောကျ်ားမှန်သမျှ တောထဲဝင်၊ မဝင်ရင်တောင်မှ လွတ်မြောက်နယ်မြေကို ရွှေ့ပြောင်းနေထိုင် နေရမယ့် အခြေအနေမျိုးတွေဖြစ်နေတယ်”

ထိုင်းရောက် မြိတ်ဒေသခံတစ်ဦး

DW ။ အရင်ကလည်း စစ်မှုထမ်းခိုင်းဖို့ ဥပဒေထုတ်တယ်။ အခုနောက်တစ်ခါ ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ အသက်ကြီးပိုင်း အသက် ၃၅နှစ်ကနေ ၆၅နှစ်အထိ အမျိုးသားတွေ ခေါ်မယ်ဆိုတော့ အိမ်ကမိဘ၊ မိသားစုဝင်တွေ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ပထမအကြိမ်တုန်းက သူတို့ (စကစ) စစ်မှုထမ်းဥပဒေထုတ်ခဲ့တယ်။ ဒီအတွက် ကျွန်တော့်အိမ်မှာရှိတဲ့ အသက် ၁၈ နှစ်အထက် ညီငယ်တွေ ရှောင်ပြေးခဲ့ရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တယ်။ အခုထိလည်း ရှောင်လည်း ရှောင်နေကြတယ် ပေါ့နော်။ အဲဒီလိုအခြေအနေမျိုးရှိခဲ့တယ်။ အခုနောက်ပိုင်းမှာကျတော့ အသက် ၃၅ နှစ်ကနေ ၆၅နှစ်ကြားက ခေါ်မယ် ဆိုတာမျိုး ကြားရတဲ့ အခြေအနေမျိုးတစ်ခု ဖြစ်ခဲ့တဲ့အခါကျတော့ အိမ်က မိဘတွေမှာ ကျွန်တော့်အဖေဆိုရင် အသက် ၃၅ နှစ်နဲ့ ၆၅ နှစ်ကြား အကျုံးဝင်နေတယ်။ အဖေက အသက် ၄၀ ကျော် ၄၅ လောက်ရှိနေတယ်လေ။ အသက်လည်း ကြီးနေပြီဆိုတဲ့ အခြေအနေမျိုး ရှိတဲ့အခါ သူတို့အနေနဲ့ လုံခြုံရေးဖွဲ့ဖို့ အဖွဲ့ထဲမှာ ပါကောင်း ပါလာနိုင်တယ်လေနော်။

DW ။ အိမ်ကသူတွေ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိကြလား။ ဘယ်လိုအခြေအနေရှိလဲ။ ကိုယ်တိုင်ရော အိမ်ကမိသားစုဝင်တွေအတွက် ဘယ်လိုစိုးရိမ်မှုမျိုး ရှိနေလဲ။

ဖြေ ။ အဖေက အသက်ကြီးနေပြီ။ သူတို့ဖွဲ့တဲ့ လုံခြုံရေး အဖွဲ့ထဲလည်း ပါကောင်းပါလာနိုင်တယ်ဆိုတော့ သူတို့ ဆွဲခေါ်သွားရင် ပါကောင်းပါသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်။ တကယ်လို့ လုံခြုံရေးအရ တစ်ဖက်က ကြည့်ရရင် စိတ်ပူရတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်ပေါ့နော်။ ကိုယ့်ဘက်ကနေ ဘာမှမလုပ်ဘူးဆိုရင်တောင် အချိန်ကျရင် ဟိုဘက်က ဒလန်ဆိုတဲ့ နာမည်အောက်မှာ စွပ်စွဲပြီးတော့ သတ်ဖြတ်ခြင်းမှာ ပါဝင်လာနိုင်သလို တစ်ဖက်ကလည်းပဲ စစ်ကောင်စီရဲ့ ယန္တရားအောက်ကို မဝင်လို့ရှိရင် သူတို့အမိန့်ကို မနာခံဘူးဆိုတဲ့ အောက်မှာလည်းပဲ ငွေကြေးကောက်ခံတာတွေ အတင်းအကျပ် နိုင်ထက်စီးနင်းလုပ်တာတွေ အဲဒီလိုမျိုး အဓမ္မ မတရားသဖြင့် သူတို့ဘက်က လုပ်မယ့်ဟာတွေကို ကြောက်ရွံ့ရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။

DW ။ တစ်ကယ်လို့ အဲဒီလို တစ်ကယ်ခေါ်ကြပြီဆိုရင် သူတို့ အခုအိမ်မှာပဲ နေနေကြဖို့ စဉ်းစားထားလား။ ဘယ်လိုဆက်လုပ်ကြဖို့ စီစဉ်ရှိကြလဲ။

ဖြေ ။ တကယ်လို့ လာခေါ်မယ်ဆိုလို့ကတော့ အိမ်မှာနေလို့ အဆင်မပြေနိုင်တော့ဘူး။ အတတ်နိုင်ဆုံး သူတို့ (စကစ) လက်လှမ်းမမီနိုင်တဲ့နေရာမျိုး သူတို့မခေါ်နိုင်တဲ့ နေရာမျိုး ရှောင်ပြေးမှ ရမယ်ဆိုတာမျိုးတော့ စီစဉ်ထားကြတယ် ပေါ့နော်။ အခုလောလောဆယ်ကတော့ လက်ရှိ ရှိနေတဲ့ နေရာမှာပဲ ရှိနေကြတယ်။ ရှောင်ပြေးမယ့် အစီအစဉ်မျိုးတော့ ရှိပါတယ်။

DW ။ လူငယ်တွေက စစ်မှုထမ်းဥပဒေထုတ်ပြန်လို့ ထိုင်းကိုလည်း ထွက်ပြေးလာခဲ့ရတယ်။ အခုနောက်ထပ် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့မယ်လို့ စစ်တပ်ဘက်က ကြေညာတော့ ရွာတွေမှာ ဘယ်လိုအခြေအနေရှိကြလဲ။

ဖြေ ။ အသက်အကန့်အသတ်နဲ့ ပထမဆုံး စစ်မှုထမ်းဥပဒေထုတ်လိုက်တော့ အဓိကက ငွေရေးကြေးရေး မတတ်နိုင်တဲ့သူတွေ လူငယ်ပိုင်းတွေ အိမ်တွေမှာ လူငယ်ပိုင်းများတဲ့ တော်တော်များများက ထွက်ပြေးတိမ်းရှောင် ကြတယ်။ တချို့ကတော့ တောထဲရောက်သွားတယ်။ တချို့ကလည်း ထိုင်းဘက်က တော်တော်များများ ရောက်လာကြတယ်။ ပြည်တွင်းမှာလည်း လူငယ်တွေ ရှိနေသေးတယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ နောက်ပိုင်း လူငယ်တွေ ပြည်ပမထွက်ရဘူးလို့ ထပ်မံကန့်သတ်လာတာမျိုးတွေ ထပ်ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာတော့ လူငယ်တွေမှာ သွားစရာလမ်းမရှိတဲ့ အခြေအနေမျိုးတွေ ကြုံလာကြတယ်။ အဲဒီလိုဖြစ်လာတော့ လူငယ်တော်တော်များများက ထိုင်းကို ရွေးချယ်လာကြတာများတယ်။ တစ်ဖက်က ကြည့်ပြန်တော့ ရွာတွေဘက်မှာက တောထဲကို ဝင်ရင်ဝင်၊ မဝင်ဘူးဆိုရင်တောင် ရွာတွေဘက်မှာ လူတွေ မရှိကြတော့ဘူး။ အခုလူကြီးပိုင်းတွေရော ထပ်ကြုံလာတဲ့အခြေအနေမျိုး ဖြစ်တဲ့အခါ မိသားစုဝင်တွေထဲမှာ ရှိနေတဲ့ ယောကျ်ားမှန်သမျှ တောထဲဝင်၊ မဝင်ရင်တောင်မှ လွတ်မြောက်နယ်မြေကို ရွှေ့ပြောင်းနေထိုင်နေရမယ့် အခြေအနေမျိုးတွေဖြစ်နေတယ် ရွာတွေဘက်မှာက။

DW ။ ကျေးဇူးတင်ပါတယ်။