BREAKING
February 27, 2025

မြိတ်အခြေစိုက် သတင်းထောက် တစ်ဦး အဖမ်းခံရ

September 1, 2021

Eleven မီဒီယာ၏ မြိတ်အခြေစိုက် သတင်းထောက်ဖြစ်သူ ကိုဇော်မိုးဦးအား ယနေ့ မနက်အစောပိုင်းက နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏မိသားစုဝင်ထံမှသိရသည်။

စက်တင်ဘာလ ၁ ရက် နံက် ၁ နာရီခွဲတွင် စစ်သားနှင့် ရဲသားများ ပါဝင်သော ကားသုံးစီးဖြင့် ရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းကာ လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်း ၏ ဇနီးဖြစ်သူ ကပြောသည်။

“ရိုက်တာနှက်တာတော့မလုပ်ဘူး။ ဒီအတိုင်းပဲ  လိုက်ခဲ့ဖို့ခေါ်သွားတယ်”ဟု
ကိုဇော်မိုးဦး၏ ဇနီး ကပြောသည်။

လက်ရှိအချိန်တွင် ဦးဇော်မိုးဦးအား မြိတ်မြို့၊ မြို့မရဲစခန်းတွင် ထိမ်းသိမ်းထားသည်ဟု ကြားသိရပြီး ဆက်သွယ်ခွင့်ရရေး ကြိုးစားနေကြောင်း သူမကဆိုသည်။

ကိုဇော်မိုးဦးသည် မြိတ်အခြေစိုက် ထုံးဖိုလူငယ်များ ပရဟိတနာရေးကူညီမှုအသင်းတွင်လည်း အသင်းဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။

Eleven မီဒီယာသည် နေ့စဉ်ထုတ် သတင်းစာ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်နှင့် အားကစား ဂျာနယ်တို့ ပုံမှန်ထုတ်ဝေလျက်ရှိသည်။

လက်ရှိတွင် တနင်္သာရီတိုင်းတွင် သတင်းထောက် လေးဦး ဖမ်းဆီးခံထားရသည်။ ထားဝယ်တွင် တစ်ဦးနှင့် မြိတ်တွင် သုံးဦးတို့ ဖြစ်သည်။

ယမန်နေ့ညက မြိတ်တွင် အခြားသူ လေးဦးထက်မနည်း အဖမ်းခံခဲ့ရပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။