BREAKING
January 16, 2025

တနင်္သာရီ ပြည့်အေးရွာက ရေနစ်ပျောက်ဆုံးနေသူ အလောင်းပြန်တွေ့

August 1, 2024

ပုံစာ - ကိုမိုးကျော်အလောင်းပြန်တွေ့သည့်နေရာ ဓာတ်ပုံ - ချမ်းမြေ့

တနင်္သာရီမြို့နယ်၊ တကူတိုယ်နယ် ၊ပြည့်အေးရွာတွင် ဇူလိုင်လ ၃၀ ရက်က ရေနစ်ပျောက်ဆုံးသွားသည့် ရွာသား၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁ ရက်နံနက်တွင် ပြန်တွေ့ရကြောင်း ဒေသခံများထံကသိရသည်။

ရေနစ်သေဆုံးသူသည် ပြည့်အေးရွာသား အသက် ၃၅ နှစ်အရွယ် ကိုမိုးကျော် ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ၎င်း၏နေအိမ် ခေါင်းရင်းဘက်တွင် ပြန်တွေ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

” ပျောက်တာကနေ ပြန်ပေါ်တဲ့နေ့အထိ ၃ ရက်ကြာသွားပေါ့ ။ သူ့အိမ်နားမှာပဲပြန်ပေါ်လာတယ် ။ သူ့အိမ်ဆို မြုပ်နေတုန်း ခေါင်းမိုးလေးပဲပေါ်နေတယ်” ဟု တကူရွာသားတစ်ဦးကပြောသည်။

ကိုမိုးကျော်၏ ဈာပန ကို ယနေ့ နေ့လယ်တွင် ပြုလုပ်ပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဇူလိုင် ၂၉ ရက်က ရေနစ်ပျောက်ဆုံးခဲ့သည့် ကိုဇော်ထွေး၏ ရုပ်အလောင်းကိုလည်း ဇူလိုင်လ ၃၀ ရက်တွင်ပြန်တွေ့၍ ဆယ်ယူသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း တကူဒေသခံများထံကသိရသည်။

လက်ရှိအချိန်အထိ သိရှိရသော သတင်းအချက်အလက်အရ တနင်္သာရီမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူသေဆုံးသူ ၂ ဦးရှိပြီဖြစ်သော်လည်း မြေပြင်အခြေအနေတွင် သတင်းမရဘဲ ပျောက်ဆုံးသူများလည်း ရှိနိုင်သေးသည်။

တကူတိုက်နယ်တွင် ဇူလိုင်လ ၃၁ ရက်မှစ၍ တနင်္သာရီမြစ်ရေတက်မှုအနည်းငယ်လျော့လာပြီး ယနေ့မနက်ပိုင်းတွင် ၇ ပေအထိလျော့ဆင်းသွားပြီဖြစ်ကြောင်း တကူရွာသားများက ပြောသည်။