BREAKING
September 16, 2024

မြိတ်-ဘုတ်ပြင်းကားလမ်းတွင် ရေကြီးမှုကြောင့် ကားအစီးရေ ၈၀ ခန့်ပိတ်မိပြီး အစားအသောက်အခက်ကြုံ

August 1, 2024

ပုံစာ - လယ်တောင်ယာရွာရေကြီးနေမှုမြင်ကွင်း

မြိတ် – ဘုတ်ပြင်း ကားလမ်းမပေါ်ရှိ လယ်တောင်ယာရွာတွင် ဇူလိုင်လ ၂၈ ရက်စပြီး ယနေ့ ဩဂုတ်လ ၁ ရက်အထိ ရေကြီးရေလျှံမှုကြောင့် ကားလမ်းမရေကျော်နေ၍ ကားအစီးရေ ရှစ်ဆယ်ခန့်ပိတ်မိနေကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။

လယ်တောင်ယာရွာရှိ ဘုရားတောင်ကုန်းမြင့်ပိုင်းမှအပ ကျန်နေရာများအားလုံး ရေမြုပ်နေပြီး ဒေသခံ ၅ဝ၀ ‌ခန့်လည်း ရေလွတ်သည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း ရွာသားများက ဆိုသည်။

ရေဘေးသင့်သူများနှင့် ပိတ်မိနေသသည့် ကားသမား၊ ခရီးသည်များသည် အစားအသောက် အခက်အခဲ ကြုံနေရကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဆန်က သယ်မရလို့ မာမားခေါက်ဆွဲပဲစားနေရတယ်။ လာလှူတဲ့သူက နည်းတယ်။ မရှိသလောက်ပဲ။ ကားသမားတွေဆို တစ်ပတ်လောက်ရှိတော့မယ် ပိတ်မိနေတာ။ ရှိတာဝယ်စားပြီးနေနေကြရတယ်။ ဒီမှာက ဈေးလည်းကြီးတယ်၊ မာမားတစ်ထုပ် တစ်ထောင်။ ကြက်ဥတစ်လုံး ခြောက်ရာဖြစ်နေတယ်” ဟု လယ်တောင်ယာရွာသားတစ်ဦးက ပြောသည်။

ယနေ့ ဩဂုတ်လ ၁ ရက်တွင် လယ်တောင်ယာရွာ၌ ရေ လက်တောင် တစ်တောင်ခန့် လျော့သွားပြီဖြစ်သော်လည်း ရေအကျနှေးသဖြင့် နောက်ထပ် နှစ်ရက်ခန့် မိုးမရွာမှသာ ကားများဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ပိတ်မိနေသည့် ကားသမားများနှင့် ရွာသားများက ပြောသည်။

တနင်္သာရီမြစ်ရေသည်လည်း ယနေ့ ညနေပိုင်းတွင် တစ်ပေကျော်ကျော် ပြန်လည်လျော့ကျလာပြီ ဖြစ်သော်လည်း အန္တရာယ်အမှတ်၏ အထက်တွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။