BREAKING
January 16, 2025

ပုလောတွင် စစ်ကောင်စီစခန်းများ နှစ်ရက်ဆက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

August 1, 2024

ပုံစာ - ဇူလိုင်လ ၃၀ ရက်နေ့ တိုက်ခိုက်မှုမြင်ကွင်း။

ပုလောမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် စခန်းကုန်းနှင့် ပလမြို့ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် တော်လှန်ရေးတပ်များနှင့်ဒေသခံ အချို့ထံမှ သိရသည်။

ဇူလိုင်လ ၃၀ရက်က ပုလောမြို့နယ် တိုတောင်တာဝါတိုင်စခန်းကုန်းနှင့် ပလမြို့ ရဲစခန်းကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တာဝန်ခံက ဆိုသည်။

“လက်လုပ်ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာပေါ့။ အပြန်အလှန်ပစ်ခတ်မှု မဖြစ်ခဲ့ပေမယ့် စကစဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်ပစ်တာမျိုး ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ဒရုန်းဖြင့် ဗုံးမချမီ ပလရွာအတွင်း သေနတ်ပစ်ခတ်သံထွက်လာသည့်အတွက် စစ်ကောင်စီတပ်က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားများ အထိုင်ချ စခန်းကို ပြေးသွားခဲ့ကြောင်း အဆိုပါ ပကဖ တာဝန်ခံက ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးချပြီးနောက် စစ်ကောင်စီတပ်က မင်းပြင်ရွာဘက်ကို လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများက ပြောသည်။

အထက်ပါ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က သုံးဦး ထိခိုက်ခဲ့သည်ဟု ကနဦးသိရကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုလော ပကဖ Drone တပ်စိတ် (Shadow Squad) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၃၁ရက်တွင်လည်း စစ်ကောင်စီ၏ ပလမြို့ရဲစခန်းနှင့် မြိတ်-ထားဝယ်ကားလမ်းပေါ် မကျည်းကုန်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေးတပ်က ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများနှင့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်များ က ဆိုသည်။

“၃၀ ရက်နေ့တုန်းက ဒရုန်းချတာ တော်တော်များတယ်။ စကစဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့လည်း ပြန်ပစ်တယ်။ ၃၁ရက်ကကျတော့ နှစ်လုံးချတာ ၁လုံးကွဲတယ်လို့ ပြောကြတယ်” ဟု ပလမြို့ရဲစခန်းဗုံးချခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မြို့ခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ရှိမရှိအခြေအနေတို့ကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။