BREAKING
September 16, 2024

မြစ်ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေ အနည်းငယ်ပြန်ကျ

August 1, 2024

ပုံစာ - တနင်္သာရီမြို့ရှိ စာသင်ကျောင်းတစ်‌ကျောင်း ရေကြီးနေသည်ကို ယနေ့နံနက်က တွေ့ရစဉ်။

ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေသည် ယနေ့ ဩဂုတ်လ ၁ရက် နံနက်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်ကျလာကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။

တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ရက် နံနက်က ၃၁ ပေကျော်အထိ မြင့်တက်လာခဲ့ပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာဒါဇင်ပေါင်းများစွာ ရေကြီးရေလျှံခဲ့သည်။

အဆိုပါစံချိန်မှာ ၁၉၉၄နောက်ပိုင်း အမြင့်ဆုံးအထိ မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် ၁ ပေခန့်ပြန်ကျလာကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။

တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ပြီး လက်ရှိတွင် အန္တရာယ်ရေအမှတ်အထက် ငါးပေကျော်တွင် ရှိနေဆဲဖြစ်သည်။

မြစ်ရေအနည်းငယ် ပြန်ကျသဖြင့် ဩဂုတ်လ ၁ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၂၉ ပေ ၁၁ လက်မသာ ရှိတော့ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် တကူ၊ ညောင်ပင်ကွင်း၊ သာရဖုံ စသည့်ကျေးရွာအချို့တွင် ရေအနည်းငယ်ပြန်ကျနေကြောင်း အဆိုပါ မြို့ခံက ဆိုသည်။

“မိုးရွာတာကလည်း ရပ်သွားတယ်။ ဒီရေ ကျတဲ့အပတ်နဲ့လည်း ပေါင်းသွားတာကြောင့်လည်းပါပေမယ့် မိုးထပ်ကြီးရင်တော့ အချိန်မရွေးပြန်တက်လာနိုင်တယ်” ဟု အထက်ပါ တနင်္သာရီမြို့ခံက ပြောသည်။

တနင်္သာရီမြစ်မှာ ထားဝယ်မြို့နယ် မေတ္တာမြို့အနီးတွင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး တနင်္သာရီမြို့အထိ မိုင်ပေါင်း ၂၆၀ ဝန်းကျင်ရှိသည့်အတွက် ထားဝယ်အရှေ့တောတွင် မိုးသည်းထန်စွာရွာသွန်းပါက မြစ်ရေပြန်တက်လေ့ရှိသည်။

ထိုကဲ့သို့ မြစ်ရေကျလာခြင်းကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေအနည်းငယ်ကျသွားကြောင်းကို ကျေးရွာဒေသခံအချို့က ဆိုသည်။

“ရေကတော့ လုံးဝကြီး ကျသွားတာမျိုးမဟုတ်ပေမယ့် တချို့ရွာတွေဆို ငါးပေလောက်၊ တချို့နေရာတွေဆို သုံးပေလောက် ကျသွားတာပေါ့။ တချို့ရေကျတဲ့ အိမ်ရှင်တွေဆို သန့်ရှင်းရေးလာလုပ်နေကြတာမျိုးရှိတယ်” ဟု တကူကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းကျေးရွာဘက်တွင်မူ ၂ လက်မခန့်သာကျသေးကြောင်း အဆိုပါကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် တနင်္သာရီကမ်းရိုးတန်းတွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့ နံနက် ၁၀နာရီခွဲတွင် ထုတ်ပြန်ထားသည်။