BREAKING
September 19, 2024

တနင်္သာရီ ညောင်ပင်ကွင်းရွာအုပ်စုတွင် ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားအဖြစ်များလာ

August 1, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားရောဂါအဖြစ်များနေကြောင်း ရေဘေးသင့် ‌ပြည်သူများ၊ ကျန်းမာရေးနှင့် ကူညီကယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။

အူရောင်ငန်းဖျားနှင့် ဆက်စပ်ရောဂါများမှာ ကလေးအရွယ်မှစပြီး လူကြီးပိုင်းအထိ အဖြစ်များနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသည့် ဒေသခံအမျိုးသားက ပြောသည်။

ယခုလက်ရှိတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦး၏ စာရင်းအရ ၁၅ဦးအထိဖြစ်ပွားနေပြီး မြေပြင်တွင် ယင်းထက်ပိုများ နေနိုင်ကြောင်း ၎င်းက ဆိုသည်။

“အူရောင်ငန်းဖျားက ရေမတက်ခင်က တစ်ယောက် နှစ်ယောက်စဖြစ်ပေမယ့် အခုပိုဆိုးလာတယ်။ အခုဆိုရင် ၁၅ ယောက် လောက်ဖြစ်နေတယ်၊အရွယ်စုံပဲ။ လက်ရှိ ဆေးရုံပို့ပေးထားရတာ တစ်ယောက်ရှိတယ်။ မသက်သာသေးဘူး” ဟု ၎င်းက ပြောသည်။

အူရောင်ငန်းဖျားရောဂါ လက္ခာပြသူများကို စစ်ဆေးချိန်တွင် ရောဂါဖြစ်ပွားနေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။

အူရောင်ငန်းဖျားအပြင် ဝမ်းပျက်ဝမ်းလျှောနှင့် ငန်းဖျား၊ ငှက်ဖျား၊ တုပ်ကွေး စသည့် အခြားရောဂါများလည်း ဖြစ်ပွား နေကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံများက ပြောဆိုသည်။

ယင်းသို့ ဖြစ်ပွားနေချိန် နီးစပ်ရာဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်နေခြင်းကြောင့် ဆေးဝါးအရေးပေါ် လိုအပ် လျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံတစ်ဦးက ဆိုသည်။

“လိုတာက ရိက္ခာရော ဆေးဝါးရောပဲ” ဟု ၎င်းက ပြောသည်။

အူရောင်ငန်းဖျားရောဂါမှာ ဘက်တီးရီးယားကြောင့်ဖြစ်သော ဖျားနားခြင်းဖြစ်ပြီး ပိုးရှိသူထိတွေ့ထားသည့် အစားအစာနှင့် ရေတွင် အများဆုံးတွေ့ရလေ့ရှိကြောင်း Hello ဆရာဝန် ဝက်ဘ်ဆိုဒ်၏ ကျန်းမာရေးအချက်အလက်အရသိရသည်။

ဇူလိုင်လ ပထမအပတ်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်တွင် စိုးရိမ်ရေမှတ်ထက်‌ ကျော်လွန်ရောက်ရှိပြီး တနင်္သာရီမြစ်တစ်လျှောက် ကျေးရွာများ၏ မြေနိမ့်ပိုင်းလူနေအိမ်များ ရေမြုပ် လျက်ရှိသည်။

ဩဂုတ်လ ၁ရက်အထိ ညောင်ပင်ကွင်ကျေးရွာအုပ်စု၏ အိမ်ထောင်စု ၁၆၉ စုမှ လူဦးရေ တစ်ထောင်ကျော် ရေဘေးသင့် နေပြီး ရေလွတ်သည့်ကုန်းမြင့်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း ဒေသခံတို့ ထံမှ သိရသည်။

ထို့ကြောင့် ရေဘေးသင့် ပြည်သူများ ကျန်းမာရေးအတွက် အရေးပေါ်ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်ချက်မြင့်မား နေကြောင်း ဒေသခံကူညီကယ်ရေးလုပ်သားများထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် ညောင်ပင်ကွင်းအရှေ့ရွာ၊ ညောင်ပင်ကွင်းအနောက်ရွာ၊ ပျို့အိုင်၊ ကျွဲထိန်းကွင်း၊ မုဆိတ်ကွင်း၊ ထုံ‌တော၊ ဘဲကွင်း၊ တကူ၊ လမိုင်းကော့၊ သရဘွင်၊ သိန္ဓော၊ ဘန်လော၊ ဘန်လင်၊ ကွန်တော စသော ကျေးရွာ ၁၄ ရွာ ထက်မနည်း ရေဘေးသင့်နေသည်။