BREAKING
October 18, 2024

ထိုင်းတွင် ရက် ၅၀ အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၆၅၀ ကျော် ဖမ်းဆီးခံရ

August 1, 2024

ပုံစာ - စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေစဉ်။ ဓာတ်ပုံ - ထိုင်းအလုပ်သမားဝန်ကြီးဌာန

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၅၀ အတွင်း လုပ်ငန်းခွင်ထဲရှိ ရွှေ့ပြောင်းအလုပ်သမား တစ်သိန်း လေးသောင်းကျော်ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာ ၆၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေပြီး ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ရက် ၅၀ အတွင်း မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁ သိန်း လေးသောင်းကျော်ကို စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၁၇၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ဆေးခဲ့သော အလုပ်သမား ၁ သိန်း လေးသောင်းကျော်တွင် မြန်မာအလုပ်သမား တစ်သိန်းတစ်သောင်းကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား ၂၃၀၀၀ ခန့်၊ လာအို ၁ သောင်းခန့်၊ ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်ပါဝင်ကာ အခြားနိုင်ငံသား ၄၈၀၀ ကျော် ပါဝင်နေသည်။

၎င်းတို့အနက် မြန်မာအလုပ်သမား ၆၅၈ ဦး၊ လာအို ၁၄၇ ဦး၊ ကမ္ဘောဒီးယား ၁၄၁ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၂၁ ဦးအပါအဝင် ကျန်နိုင်ငံသား ၇၀ ဦးကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သော ဇူလိုင်လ ၁၈ ရက်နေ့အထိ မြန်မာအလုပ်သမား ၅၇၀ ဦး ဖမ်းဆီးခံရပြီးနောက် တစ်ပတ်အတွင်း နောက်ထပ် မြန်မာနိုင်ငံသား ၉၀ နီးပါး ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းတို့ကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေမှု၊ နိုင်ငံခြားသား လုပ်ခွင့်မရှိ‌သော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။

အရေးယူခံရသူများသည် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့်သာ တရားဝင် လုပ်ကိုင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော လုပ်ငန်းပေါင်း ၄၀ တွင်လည်း ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၏ တရားမဝင် အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံကိန်းတွင် ဖမ်းဆီးမခံရရန် အလုပ်လုပ်ခွင့် လက်မှတ်တွင်ပါသော အလုပ်ရှင် (သူဌေး) ဖြင့်သာ အလုပ်လုပ်ကိုင်ရန်၊ လုပ်ပိုင်ခွင့်မရှိသော အလုပ်များ မလုပ်ကြရန်၊ အထောက်အထားမရှိသူများ ဂရုစိုက်နေထိုင်ကြရန် မြန်မာအလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။