BREAKING
November 26, 2024

ထားဝယ်အရှေ့တော မိုင်းပေါက်မှုတွင် ဒဏ်ရာရသည့်ကလေး အရေးပေါ်ကုသနေရ

August 1, 2024

ထားဝယ်အရှေ့တောဒေသ ကထောင်းနီကျေးရွာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာမှ ကလေးတစ်ဦးသေဆုံးပြီး၊ နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသဖြင့် အရေးပေါ်ဆေးကုသ နေရသည်။

ကလေးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတက်သည့်နေ့မှ ယနေ့ ၄ ရက်ကြာသည်အထိ အရေးပေါ်ခန်းတွင် အထူးကြပ်မတ် ကုသနေရဆဲဖြစ်ကြောင်း ဆွေးမျိုးတော်စပ်သူများက ပြောဆိုသည်။

အသက် ၃ နှစ်အရွယ် နော်ဝါးအယ်ဝါး၊ မောင်းဘုန်းမြတ်ကျော်နှင့် အသက် ၁ နှစ်ခွဲအရွယ် မဂျူးမြတ်လင်းတို့ ကလေးသုံးဦးသည် ဇူလိုင်လ ၂၈ ရက်က အိမ်အနီးရှိ စပါးစက်‌အဟောင်းတွင် ဆော့ကစားနေချိန် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁ နှစ်ခွဲအရွယ် မဂျူးမြတ်လင်းမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာရသူနှစ်ဦးကိုမူ ထားဝယ်မြို့ရှိ အမှတ် ၁၂ ကုတင် ၁၀၀ စစ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

ယင်းဒဏ်ရာရသူနှစ်ဦးအနက် နော်ဝါးအယ်ဝါးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သောကြောင့် အရေးပေါ်ခန်းအတွင်း အထူးကြပ်မတ်ကုသနေဆဲဖြစ်သည်။

“သူက ဗိုက်မှာထိသွားတာလေ။ ဗိုက်ခွဲပြီး အူတွေပါဖြတ်ထုတ်ထားရတာ။ ပြီးတော့ ခြေဖနောင့်လည်းကြေမွသွားတယ်တဲ့” ဟု ဆွေးမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ယနေ့ ပြောဆိုသည်။

ကျန်တစ်‌ဦးမှာမူ အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ကြောင်း ၎င်းတို့ကပြောကြားသည်။

မိုင်းပေါက်ကွဲရသည့်အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ မသိရသေးဟုဆိုသည်။

“ထောင်ထားတဲ့မိုင်းလား။ ဒါမှမဟုတ် ကလေးတွေယူလာပြီးဆော့တဲ့မိုင်းလား သေချာမသိသေးဘူး။ ဖြစ်‌တဲ့နေ့ကလည်း ဘာမှမကြည့်အားဘူး။ ကလေးမှာပဲ ဇောကပ်နေကြတာ အားလုံးက” ဟု ဆွေမျိုးတစ်ဦးကဆိုသည်။

ထားဝယ်အရှေ့တောဒေသတွင် နှစ်ဖက် တိုက်ပွဲများပြင်းထန်လျက်ရှိရာ ဒေသခံများ အိုးပစ်၊အိမ်ပစ် ရွာလုံးကျွတ် ထွက်ပြေးနေကြရသည့်အပြင် မြေမြှုပ်မိုင်း၊ စစ်ကျန်မိုင်းများ အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။

တိုင်းအတွင်းတွင် မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်ခဲယမ်း ပစ္စည်း‌တို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။