BREAKING
February 23, 2025

KNU သစ်တောဌာနဝန်ထမ်းဟောင်းကို KNLA အရာရှိနှစ်ဦးက သတ်ဖြတ်

August 1, 2024

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၄ သစ်တောဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဝန်ထမ်းဟောင်း ဖထီးကဘောကို ဖမ်းဆီးစစ်ဆေးနေစဉ် KNLA တပ်ရင်း ၁၀ မှ အရာရှိနှစ်ဦးက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့နှင့် KNLA စစ်ရေး သတင်းအရင်းအမြစ်အချို့၏ ပြောဆိုချက်များအရ သိရသည်။

အသက် ၅၀ ခန့်ရှိ ဖထီးကဘောမှာ ထားဝယ်-ထီးခီးလမ်း ရင်ကွဲတောင်ခြေတွင် နေထိုင်ပြီး ဇူလိုင်နောက်ဆုံးအပတ် (ပြီးခဲ့သည့်လေးရက်) ခန့်က အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ရင်ကွဲတောင်ခြေတွင် KNLA တပ်အရာရှိများလိုက်ပါလာသည့်ကားတန်း ဇူလိုင်လ ၁၃၊ ၁၄ ရက်တို့တွင် ပစ်ခတ်ခံရပြီးနောက် ဖထီးကဘောသည် ကော်သူးလေတပ် KTLA ထံ သတင်းပေးဒလန်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် KNLA တပ်က ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်းပေးဆိုပြီး သူ့ကိုလာဖမ်းသွားတယ်။ ဖမ်းသွားပြီးမှ သတ်ပစ်လိုက်တာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဖထီးကဘောကို KNU တပ်မဟာ ၄ KNLA တပ်ရင်း ၁၀ က သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း KNLA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ဖထီးကဘောမှာ KNU တပ်မဟာ ၄ သစ်တောဌာန၏ ဝန်ထမ်းဟောင်းဆိုသည်မှာ မှန်ကန်ကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။

၎င်းကို KTLA နှင့်ပက်သက်ပြီး သံသယရှိသဖြင့် KNU တပ်မဟာ ၄ က ဖမ်းဆီးစစ်ဆေးနေစဉ် တပ်အရာရှိနှစ်ဦးက အရက်မူးကာ အပြင်သို့ ခေါ်ထုတ်ပြီး သတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်ဆေးတဲ့ အခြေအနေမှာပဲရှိတယ်။ ဘာအပြစ်မှ မပေးသေးဘူး။ ဘာမှ ဆုံးဖြတ်ချက်မှ မချသေးဘူး။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့တပ်က ဗိုလ်နှစ်ယောက်က အရက်မူးပြီးတော့ အချုပ်ခန်းထဲက သွားထုတ်ပြီးတော့ သွားသတ်လိုက်တာ” ဟု ပဒိုစောအယ်နားက ပြောသည်။

ပြစ်မှုကျူးလွန်သည့် အရာရှိနှစ်ဦးကို KNU၊ KNLA က ချမှတ်ထားသည့် ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။