BREAKING
December 27, 2024

အခွန်ပိုရရန်လုပ်ဆောင်မည်ဟု ပြည်သူများကျပ်တည်းနေချိန် တနင်္သာရီတိုင်းစစ်ကောင်စီဝန်ကြီးချုပ်ပြော

August 1, 2024

တနင်္သာရီတိုင်းအတွင်း အခွန်ငွေပိုမိုရရှိရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်‌က မြိတ်မြို့ ပုလဲရတနာခန်းမတွင်ပြုလုပ်သည့် အခွန်ကောက်ခံမှုအထောက်အ‌ကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အခွန်ငွေ ပမာဏကို တိုးမြှင့်ကောက်ခံမည်မဟုတ်ဘဲ အခွန်နယ်ပယ်ချဲ့ထွင် ကောက်ခံသွားမည်ဖြစ်ပြီး အခွန်ထမ်း အရေအတွက် ပိုများလာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးမြတ်ကိုက ပြောသည်။

အခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်း ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိပြီး ပြည့်ပြည့်ဝဝ အခွန်ဆောင်ရန်လိုကြောင်း ၎င်းက ဆိုသည်။ 

ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပြည်သူများကျပ်တည်းနေသည့်အချိန် အခွန်အခများ လျှော့ချပေးရမည့်အစား ပိုရရန် လုပ်ဆောင်လာခြင်းမှာ ဖိနှိပ်မှုတစ်မျိုးပင်ဖြစ်ကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“အခွန်အကောက်တော့ ဥပဒေအရလို့ပြောတယ်။ သူတို့လူတွေ ငွေညှစ်နေတာ ဒီအတိုင်း လွှတ်ထားတာကရော ဥပဒေပဲလား” ဟု ‌‌၎င်းက မေးခွန်းထုတ်သည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်သား၊ ရဲမှစပြီး ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲများ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများက ပြည်သူများအပေါ်တွင် ပုံစံမျိုးစုံဖြင့် ငွေညှစ်၊ နေအိမ်များကိုဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကို အဓမ္မ ယူဆောင်သွားခြင်း များကို စစ်ကောင်စီက မျက်ကွယ်ပြုထားကြောင်းလည်း ‌ထားဝယ်ဒေသခံတို့က ထောက်ပြကြသည်။

“အခွန်ကောက်ပြီး ပြည်သူကို ဘာအကျိုး‌ဆောင်ပေးတာမရှိဘူး။ ပြည်သူကို ဒုက္ခပေးမှာ အဲဒီငွေတွေနဲ့” ဟု မြို့ခံ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကပြောဆိုသည်။

ထားဝယ်မြို့ခံတို့၏ ပြောဆိုချက်အရ စစ်ကောင်စီသည် ဇန်နဝါရီလကတည်းက ဝင်ငွေအခွန် မဆောင်သူများကို အခွန်ရုံးသို့ဆင့်ခေါ်ပြီး သတိပေးမှုများပြုလုပ်နေကြောင်း‌ သိရသည်။ 

တနင်္သာရီတိုင်း ပြည်တွင်းအခွန်များဦးစီးဌာနတွင်လည်း အခွန်ဆိုင်ရာအထောက်အကူပြုအဖွဲ့ဆိုသည့် အဖွဲ့အစည်းတစ်ခုကို ဌာနဆိုင်ရာ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားရှိကြောင်း ဆိုသည်။

ယင်းအဖွဲ့က ဦးဆောင်ပြီး အခွန်ကောက်ခံခြင်း၊ အခွန်မဆောင်သူများကို ရုံးသို့ ဆင့်ခေါ်ခြင်းများ ဆောင်ရွက်ကြောင်း ထားဝယ်ဒေသခံတို့ထံမှ သိရသည်။ 

Dawei Watch က ရရှိထားသည့် ဆင့်ခေါ်စာတစ်စောင်တွင်မူ အခွန်ကိစ္စနှင့်ပတ်သက်ပြီး စာရွက်စာတမ်းများတင်ပြရန် ဆင့်‌ခေါ်သည့်အချိန် လာရောက်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၀၊ ပုဒ်မ ၇၃ တို့အရ ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး ပုဒ်မ ၇၈ အရလည်း အရေးယူခံရမည်ဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် ရရှိသည့်အထောက်အထားများဖြင့် အခွန်ငွေကို စည်းကြပ်ကောက်ခံသွားမည်ဟုလည်းဆိုထားသည်။

ဆိုလိုသည်မှာ အခွန်ဆောင်ရန် အထောက်အထားတင်ပြရန် မလာရောက်ပါက ဒဏ်ရိုက်ခံရ၊ အရေးယူခံရမည့်အပြင် အခွန်ကိုလည်း မရမက ကောက်ခံသွားမည့်သဘောဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနနှင့် နီးနီးကပ်ကပ်ဆက်ဆံရေးရှိသူတစ်ဦးကမူ အဆိုပါ အခွန်ဆိုင်ရာအထောက်အကူပြုအဖွဲ့မှာ အာဏာမသိမ်းခင်ကတည်းက ဖွဲ့စည်းထားရှိခဲ့ပြီးသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း ပြောဆိုသည်။

“အဲဒီတုန်းက (NLD အစိုးရလက်ထက်) လည်းတစ်ခါ အဖွဲ့ဖွဲ့ပြီး အခွန်ပိုရဖို့လုပ်တာရှိတယ်။ ဒါပေမဲ့ သိပ်ပြီး တွင်တွင် ကျယ်ကျယ် မလုပ်လိုက်ရဘူး။ ဖုန်းဆိုင်နဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေကို ခေါ်ပြီး ဘောင်ချာမှာ တံဆိပ်ခေါင်း မဖြစ်မနေ တပ်ဖို့ ပြောပြတာတွေပဲ လုပ်ရသေးတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားသည့် မြို့ပေါ်များတွင်သာ အခွန်ကောက်ခံခြင်း လုပ်ဆောင်နိုင် မည်ဖြစ်ပြီး နယ်ကျေးရွာများတွင်မူ ကောက်ခံနိုင်မည် မဟုတ်သဖြင့် မြို့နေလူထုမှာ အနည်းဆုံးဝင်ငွေခွန်ကို မဖြစ်မနေ ဆောင်ရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“တစ်နှစ်မှာ (အခွန်ငွေ) ဘယ်လောက်ရရမယ်ဆိုပြီး လျာထားသတ်မှတ်ထားတာရှိတယ်။ လူဦးရေနဲ့တွက်ပြီး လျာထားတာ။ အခုက နယ်တွေဘက်မှာက ကောက်လို့ရမှာ မဟုတ်ဘူးလေ။  လျာထားချက်လည်း မပြည့်နိုင်ဘူး။ ရနိုင်သမျှ များများ ရအောင်ဆိုရင် မြို့ပေါ်ကို ဖိကောက်မှ ရမယ်။ အဲဒီလိုမျိုးပြောတာတော့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီသည် ကျပ်ငွေလိုအပ်ချက်၊ နိုင်ငံခြားငွေလိုအပ်ချက် အခက်အခဲကြီးကြီးမားမားရင်ဆိုင်နေရပြီး ယင်းအနက် ကျပ်ငွေလိုအပ်ချက်ကိုမူ ငွေစက္ကူအသစ်များကို ရိုက်ထုတ်ခြင်း၊ ပြည်သူများထံမှ အခွန်ပိုကောက်ခြင်း စသည့် နည်းလမ်းတို့ဖြင် ဖြေရှင်းရန်ကြိုးပမ်းနေသည်ကို တွေ့ရသည်။

အကျိုးဆက်အဖြင့် ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းခြင်း၊ ကုန်ဈေးနှုန်ပိုပိုမြင့်တက်လာခြင်းဒဏ်ကို ပြည်သူများ ပိုခံစားလာရသည်။