BREAKING
November 26, 2024

မြိတ်မြို့တွင် စွန့်ပစ်ထားသည့်ကလေးအလောင်းတွေ့

August 1, 2024

ဓာတ်ပုံ - ဝဋံသက နာရေးကူညီမှုအသင်း

မြိတ်မြို့၊ ကလွင်သင်္ချိုင်းအနီးတွင် စွန့်ပစ်ခံထားရသည့် အသက်တစ်နှစ်ကျော်အရွယ် မိန်းကလေး အလောင်းတစ်လောင်းတွေ့ရှိကြောင်း ဝဋံသကနာရေးကူညီမှုအသင်း (မြိတ်) ထံက သိရသည်။

ဇူလိုင်လ ၃၁ ရက် ညနေ ၄နာရီကျော်က ကလွင်ရပ်ကျေးရွာအုပ်စု၊ ကလွင်ရပ်၊ သင်္ချိုင်း‌ရှေ့ရှိ ရေမြောင်းအတွင်း မှောက်လျက်သေဆုံးနေသည့်ကလေးအလောင်းကို ဆော့ကစားနေသည့် ကလေးများက တွေ့ရှိခြင်းဖြစ်ကြောင်း ဝဋံသက နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောသည်။

“ကလေးက အဝတ်အစားမရှိဘူး။ သေလောက်တဲ့ ပြင်ပဒဏ်ရာမျိုးလည်း မတွေ့ရဘူး။ လက်မှာ အရေပြားနည်းနည်း ပွန်းပဲ့တာမျိုးလောက်ပဲ ရှိတယ်။ သူ့ရဲ့ စအိုတစ်ဝိုက်မှာတော့ ဝါနေတယ်။ သင်္ချိုင်းရှေ့ ရေမြောင်းထဲမှာ လာပစ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ကလေးအလောင်းကို ဝဋံသကနာရေးကူညီမှုအသင်းက ‌သယ်ယူပြီး မြိတ်မြို့ ကုတင် ၁၀၀ ဆေးရုံကြီးရင်ခွဲရုံသို့ ဇူလိုင်လ ၃၁ ရက်နေ့က ပို့ဆောင်ပေးထားကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။

သေဆုံးသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးကြောင်း အထက်ပါနာရေးကူညီမှုအသင်းထံမှ သိရသည်။

ကလေးသေဆုံးသည့်ကိစ္စနှင့် ပတ်သတ်ပြီး ဩဂုတ်လ ၁ ရက် ယနေ့ နံနက်အထိ ကလေး၏ မိဘဆွေမျိုး မည်သူ တစ်ဦး တစ်ယောက်ကမျှ လာရောက်စုံစမ်းမေးမြန်းခြင်းမရှိသေးကြောင်းလည်း အထက်အသင်းတာဝန်ရှိသူက ပြောဆိုသည်။

“တစ်ယောက်မှ လာမမေးဘူး။ ဒါ့ကြောင့် စွန့်ပစ်တယ်လို့ ယူဆတယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

မြိုတ်မြို့တွင် ယခင်က ကလေးအလောင်းစွန့်ပစ်သည့်ဖြစ်ရပ်မျိုး မကြားဖူးကြောင်း မြိတ်မြို့ခံအချို့က ဆိုသည်။