BREAKING
January 11, 2025

မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူထားကြောင်း တအာင်းတပ်ပြော

August 1, 2024

ပုံစာ - တအာင်းတပ်မတော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူထားပြီး ဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီး ၃၇ မြောက်နေ့ဖြစ်သည့် ဇူလိုင်လ ၃၁ ရက်တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းဖြစ်သည့် စစ်ဆင်ကွက်ကဲမှုဌာနချုပ် စကခ (၂၁)၊ ခြေလျင်တပ်ရင်း ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းတို့အား သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အထက်ပါ ဗျူဟာကုန်းနှင့် ဒိုးပင်ရွာတို့တွင် စစ်ကောင်စီတပ် Y12 ဖြင့် ဗုံး ၅၉ လုံး လာရောက်ကြဲချခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်ပြီးနောက် နောင်ချိုမြို့နယ်ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဇူလိုင်လ ၁၁ရက်တွင် သိမ်းယူနိုင်ခဲ့သည်။

တစ်ကျော့ပြန်တိုက်ပွဲ ၃၆ ရက်အတွင်း တအာင်းဒေသတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု တို့ကြောင့် အရပ်သား ၁၃၃ ဦး သေဆုံးပြီး ၁၇၀ ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးကြောင်း TNLA က ထုတ်ပြန်ထားသည်။