BREAKING
October 18, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

August 1, 2024

[အခန်း ၁၄]

လှိုင်းတို့သည် ကြမ်းတစ်ချည်၊ ငြိမ့်တစ်လှည့်။

အော့က္လော့ဝပ်မှ အထက်ဘက် ကျောက်နီမော်ရွာဆီသို့ မျဉ်းဖြောင့်အတိုင်း ဆန်တက်လာသော စက်လှေတစ်စီး။

အော့က္လော့ဝပ်ရွာအောက်ပိုင်းတောတန်းကြီးထဲတွင် တိုက်ပွဲများဖြစ်ပွားနေကြစဉ် အော့က္လော့ဝပ်ရွာ ဘုန်းတော်ကြီးမှ မောင်ရိန်နှင့် ကြည်ကြည်တို့ကို စက်လှေတစ်စီးဖြင့် ဘေးကင်းလုံခြုံသည့် ကျောက်နီမော်ရွာဆီသို့ ပို့ခိုင်းလိုက်ခြင်းဖြစ်သည်။

ကျောက်နီမော်သည် စက်လှေဆိပ်ရှိသည့် တံငါရွာကြီးဖြစ်ပြီး ထားဝယ်မြို့မှ ၃၉ မိုင်အကွာတွင် တည်ရှိသည်။ ထားဝယ်ဒေသ မည်သည့်နေရာသို့မဆို ရေကြောင်းဖြင့် ကူးသန်းသွားနိုင်သည့်အနေအထားရှိ၏။ အော့က္လော့ဝပ်ရွာမှ ရေလမ်းအတိုင်း မြောက်ဘက်သို့ ကျောက်ဝပ်ပြင်တစ်ရွာကျော် ခရီးသာခြားသည်။

တံငါရွာဖြစ်သဖြင့် ကုန်သည်များအဝင်အထွက်များပြီး စက်လှေအဝင်အထွက်များသဖြင့် မျက်နှာစိမ်းများ ရောက်ရှိလည်း အထူးအဆန်းဖြစ်မနေ။

ထိုအားသာချက်များကြောင့် အော့က္လော့ဝပ်ဘုန်းတော်ကြီးက ကျောက်နီမော်သို့ ပို့ခိုင်းလိုက်ခြင်းပင်။

“ခဏလေးပါ . . . ကြည် . . . ဟိုမှာ . . . ကျောက်နီမော်လှေဆိပ်ကို မြင်နေရပြီ . . . ဟိုမှာ သားဖွားဆရာမရှိတယ် . . . ဘာမှမပူနဲ့နော်”

စိတ်လှုပ်ရှားမှုဒဏ်၊ ခရီးလမ်းကြမ်းတမ်းမှုဒဏ်များကြောင့် ကြည်ကြည်မှာ ကလေးမွေးရန် ဗိုက်နာနေလေပြီ။

စက်လှေဝမ်းဗိုက်ထဲ မှလင်မယားနှစ်ယောက်ကို ကြည့်ကာ စက်လှေဆရာကလည်း စက်ရှိန်ကို အစွမ်းကုန်မြှင့်တင်လိုက်သည်။

“ဗွက်”

“ဟာ . . . ဘာဖြစ်တာလဲမသိဘူးဗျာ . . . ကျွန်တော့်မိန်းမ . . . ကျွန်တော်မိန်းမ”

မောင်ရိန်၏ အော်သံကြောင့် စက်လှေဆရာက လှေဝမ်းထဲဆင်းလာသည်။

“ဒါ ‌ရေမွှာပေါက်တာပဲ . . . မင်းမိန်းမ . . . ကလေးက မွေးတော့မှာဟ”

“ဟာ . . . ဒုက္ခပါပဲဗျာ”

“မဒုက္ခနဲ့ ငါ့လူ . . . ငါ့အမေက ဝမ်းဆွဲမို့ . . . ငါကလေးကောင်းကောင်းမွေးပေးတတ်တယ် . . . အေးမောင်ရေ . . . စက်လှေကို ခဏထိန်းထားကွာ . . . စက်ရှိန်ကိုလည်း လျော့ချပစ်လိုက်”

“သေချာလို့လားဗျာ . . . ”

“စကားများမနေနဲ့ . . . ဟေ့ကောင် . . . ငါ့တစ်ယောက်တည်းမရဘူး . . . မင်းမိန်းမမွေးတာ မင်းပါ ကူမှရမယ်”

……………………………………………..

မောင်ရိန်က ရေပုံးကို ဆွဲလျက် ကုန်းပတ်ပေါ်မှဆင်းလာ၏။

ကြည်ကြည် ကလည်း အော်ညည်းနေသည်။

စက်လှေဆရာမှာလည်း ချွေးတလုံးလုံးဖြင့်။

“မီး . . . ဒီနားကို ပြပါဦး . . . အချင်းချဖို့ကျန်သေးတယ် . . . ငါချက်ကြိုးကို ထိန်းဆွဲထားမယ် . . . မင်း ကလေးကို အသာလေးဆွဲထုတ်.”

စက်လှေဆရာက အော်ပြောသည်။

“အူဝဲ . . . အူဝဲ . . . အူဝဲ”

ချက်ကြိုးထုံးပြီးသည့်နောက် ကလေးငိုသံ ထွက်ပေါ်လာသည်။

ကြည်ကြည်ဆွေ၏ မျက်နှာမှာလည်း ဖြူလျော့နေရာမှ သွေးရောင်ပြန်လွှမ်းလာ၏။

“ဘာလေးလဲ”

စက်လှေဆရာက ကလေး၏ အောက်ကို ငုံ့ကြည့်လိုက်သည်။

“မိန်းကလေးကွ”

မောင်ရိန်နှင့် ကြည်ကြည် တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးပြလိုက်ကြ၏။

“ဆရာ . . . လှေဆိပ်ရောက်ပြီ.ကမ်းကပ်ရတော့မလား”

စက်လှေဆရာ၏ တပည့်က အပေါ်လာအော်ပြောသည်။

“ကမ်းရောက်ပြီပဲဟာ . . . ကပ်လိုက်ပေါ့ဟ”

“မဟုတ်ဘူးဆရာ . . . ဟို . . . ဟို . . . ကမ်းပေါ်မှာ စစ်သားတွေတွေ့နေလို့”

“ဟင်”

စက်လှေဆရာက အပေါ်သို့ ပြန်တက်သွားသည်။

ထို့နောက် အောက်သို့ ပြန်ဆင်းလာ၏။

“ကျောက်နီမော်လှေဆိပ်မှာ စစ်သားတွေ ရောက်နေတယ် . . . ဘယ်လိုလုပ်ကြမလဲ”

မောင်ရိန်ရော၊ ကြည်ကြည်ပါ စိုးရိမ်စိတ်များစိုးမိုးသွားကြသည်။

“နေဦး သိပ်လည်းမစိုးရိမ်ကြပါနဲ့ . . . ဒီညီမ အခြေအနေက ကမ်းကပ်ပြီး သားဖွားဆရာမဆီ သွားမှ ဖြစ်မှာ . . . သွေးနုသားနုဆိုတော့ တခြားလိုအပ်တဲ့ဟာတွေလုပ်ဖို့ရှိသေးတယ် . .
. ကျုပ် စီမံကြည့်ပါမယ်”

“ဖြစ်ပါ့မလားဗျာ . . . ကျွန်တော်တို့အခြေအနေကို ခင်ဗျားသိပြီးသားပဲ”

“ရပါတယ် . . . ဆရာတော်ဘုရားက ကျုပ်လက်အပ်လိုက်တာပဲ . . . ကျုပ် အဆင်ပြေအောင်လုပ်ပါ့မယ်။ တကယ်လို့ သူတို့က တခုခုမေးရင်.ကျောက်ဝပ်ပြင်က လို့ပြောနော် . . . အော့က္လော့ဝပ်ကလို့ လုံးဝမပြောမစေနဲ့”

စက်လှေဆရာက အပေါ်သို့ ပြန်တက်သွား၏။

မောင်ရိန်က ပုဆိုးဖြင့် လိပ်လာသော စတင်းဂန်းကို ထုတ်လိုက်သည်။

“ကြည် . . . ဘာမှ မပူနဲ့ . . . ကြည်နဲ့ ကလေးကို ကိုယ် အတတ်နိုင်ဆုံးကာကွယ်ပေးမယ် . . . ဟုတ်ပြီလား”

စက်လှေကား ကမ်းသို့ ကပ်ပြီဖြစ်သည်။

“ဘယ်ကလာတာလဲဟေ့”

“‌ကျောက်ဝပ်ပြင်ကပါ . . . ဆရာတို့ . . . ကျွန်တော့်နှမလေး စက်လှေပေါ် အရေးပေါ် မီးဖွားလိုက်ရလို့ပါ . . . ဒီက သားဖွားဆရာမဆီ သွားပို့ချင်လို့”

“မင်းတို့ သေချာလား . . . လှေပေါ်မှာ ဘာတွေပါလဲ . . . စစ်မယ်”

စက်လှေပေါ်မှ အသံများကို ကြားနေရ၏။

လှေပေါ်သို့ တက်လာသည့် စစ်ဖိနပ်သံများ။

“ကိုမောင်ရိန် . . . ရှင့် သေနတ် ကျွန်မကို ပေးစမ်းပါ”

“ဘာလုပ်မလို့လဲ.ကြည်”

ကြည်ကြည်က မောင်ရိန်လက်ထဲမှ သေနတ်ကို ဆတ်ခနဲ ဆွဲလုပ်လိုက်သည်။

ထို့နောက် သူမ၏ သွေးများပေကျံနေသည့် ထမီအောက်သို့ ထည့်လိုက်ပြီး လက်က သေနတ်မောင်းကို အသင့်ကိုင်ထားလိုက်သည်။

“ရှင် . . . ဟိုတောင်းတွေထဲ သွားပုန်းချေ”

မောင်ရိန်က အခြေအနေကို သဘောပေါက်သွားပြီး တောင်းများအနောက်တွင် သွားရပ်နေလိုက်သည်။

စစ်သားတစ်ဉီးက အောက်သို့ ဆင်းလာ၏။

စက်လှေကြမ်းပြင်တွင် မွေးကင်းစကလေးငယ်နှင့် အောက်ပိုင်းတစ်ခုလုံး စိုရွှဲနေသော ကြည်ကြည့်ကို မြင်သွားသည်။

အနံ့အသက်တချို့ကြောင့် စစ်သားက နှာခေါင်းရှုံ့လိုက်၏။

“ဟုတ်တယ် . . . ဆရာ . . . ဒီအောက်မှာ ကလေးမွေးထားတဲ့ မိန်းမတစ်ယောက်ပဲပါတယ်”

စစ်သားက အပေါ်ပြန်တက်သွားသည်။

“အေး . . . စက်လှေဆရာ . . . အခု အော့က္လော့ဝပ်ဘက်မှာ ဗကပနဲ့ တိုက်ပွဲတွေဖြစ်နေတယ် . . . ပင်လယ်ကနေ ဒီဘက်ကို ကျွံထွက်လာတဲ့ ကွန်မြူနစ်တွေဘာတွေရဲ့ လှေတွေ လမ်းမှာ တွေ့ခဲ့လား”

“မတွေ့မိပါဘူးဆရာ”

“သွားရင်းလာရင်း တွေ့မိတာနဲ့ အနီးဆုံးတပ်ဆီ သတင်းပို့ . . . ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ”

စစ်သားများ ပြန်ဆင်းသွားကြ၏။

ထိုအခါမှပင် ကြည်ကြည်လည်း သက်ပြင်းချလိုက်နိုင်တော့သည်။

ခဏအကြာ စက်လှေဆရာလည်း ဆင်းလာ၏။

“ညီမ နင့်ယောက်ျားရော”

“ကျွန်တော်ဒီမှာပါ”

မောင်ရိန်က ထွက်လာသည်။

“ငါနဲ့ ငါ့တပည့်နဲ့က အထမ်းလုပ်ပြီး မင်းမိန်းမကို သယ်သွားပေးမယ် . . . စစ်သားတွေအောက်မှာ ရှင်းသွားတဲ့အချိန်ကျမှ မင်းကို ငါ လာခေါ်မယ် . . . လောလောဆယ်တော့ မင်းက ဒီထဲမှာပဲ နေခဲ့”

“ခဏနေပါဦး”

ကြည်ကြည်၏ ပေါင်ကြားမှ သေနတ်ပြောင်းကြီးထွက်လာသဖြင့် စက်လှေဆရာမှာ မျက်လုံးပြူးသွားသည်။

“ဟာ . . . ဒါကြီးက”

မောင်ရိန်က ကြည်ကြည်ထံမှ စတင်းဂန်းကို လှမ်းယူလိုက်သည်။

“ဒုက္ခပါပဲ . . . ဒါကြီးလည်း ပါလာတာလား”

“ကျွန်တော်တို့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ပါဗျာ”

“အမလေး . . . စစ်တပ်သာ မိလို့ကတော့ . . . ငါတို့ပါ သေကုန်မှာဟ . . . ဆရာတော်ဘုရားရေ . . . အချွန်နဲ့ မ ရက်ပါပေ့ . . . ဘုရား . . . ကဲ . . . ကဲ . . . အေးမောင်ရေ . . . လာဟ . . . သူ့ကို သယ်ပို့ ပုခက်ပြီးရင် ယူခဲ့တော့”

စက်လှေဆရာ၏ တပည့်က ကြိုးပုခက်ကို ယူပြီး အောက်သို့ ဆင်းလာသည်။

……………………………………………..

“စက်လှေပေါ်မှာ မွေးလာတဲ့ ထူးထူးခြားခြားမိန်းကလေးပဲ . . . အမေရော . . . ကလေးပါ . .
. ကျန်းမာကြပါတယ်”

သားဖွားဆရာမ စကားကြောင့် . . . မောင်ရိန်က စိတ်ချလက်ချဖြစ်သွား၏။

“အချိန်က အတော်လေးမိုးချုပ်နေပြီ . . . ဒီတစ်ညတော့ အိမ်မှာပဲ အိပ်သွားကြပေါ့ . . . မနက်ကျတော့ ဘယ်ကို ပြန်ကြမှာလဲ . . . ကျောက်ဝပ်ပြင် ကိုပဲလား”

မောင်ရိန်နှင့် ကြည်ကြည်ဆွေတို့မှာ ရုတ်တရက်ဖြေရန်ခက်နေသည်။

သွားဖွားဆရာမက သူတို့အခြေအနေကို အကဲခတ်မိသွားဟန်တူသည်။

“တောဘက်က ခရီးသွားတွေနဲ့ တူပါရဲ့”

အဓိပ္ပာယ်ပါသောစကား။

မောင်ရိန်က ပုဆိုးဖြင့် ထုတ်ထားသည့် စတင်းဂန်ကို ကျစ်ကျစ်ပါအောင်သာ ဆုပ်ထား၏။

“အော့က္လော့ဝပ်က ထွက်လာကြတာလား”

မောင်ရိန်က စတင်းဂန်းကို ထုတ်ကာ သားဖွားဆရာမအား ချိန်ထားလိုက်သည်။

“ခင်ဗျား ဘယ်သူလဲ”

“ကျွန်မဦးလေးက ပါတီရဲ့ မြိတ်ခရိုင်အတွင်းရေးမှူး ဗိုလ်မှူးစိုးတင့်ပါ . . . ကျွန်မနာမည် သန်းသန်းဆွေပါ . . . ပါတီထောက်ခံတစ်ယောက်ပါပဲ”

ထိုအခါမှ မောင်ရိန်က သေနတ်ကို ပြန်ချလိုက်တော့၏။

“ရှင်တို့ အခု ဘယ်ကိုဆက်သွားကြမလဲ . . . အော့က္လော့ဝပ်ဘက်မှာတော့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာပဲ”

“ကျွန်တော်တို့ လောလောဆယ်တော့ မြို့ပေါ်မှာပဲ . . . ”

ကြည်ကြည်က မောင်ရိန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“ကျွန်မတို့ မော် ၃ စခန်းကိုသွားချင်တယ်”

“ဖြစ်ပါ့မလား.ကြည် . . . အခုမှ မွေးပြီးကာစကို . . . နားပါဦးလား”

“မိုးကြည်ကို ကျွန်မစိတ်ပူတယ် . . . ကျွန်မ သူ့ဆီကို သွားချင်တယ်”

“နေကြပါဦး.လောလောဆယ်တော့ ဒီတဝိုက်မှာ စစ်တပ်က ခြေရှုပ်နေတယ် . . . ဒီရွာမှာက လုံခြုံပါတယ် . . . တလနှစ်လလောက် ကျွန်မအိမ်မှာ ခဏခိုနေကြပါ.ကလေးရော . . . လူကြီးပါ . . . အားရှိတော့မှ . . . သွားဖို့ ကျွန်မ စီစဉ်ပေးပါ့မယ်”

“ဝါး . . . ဝါး . . . ဝါး”

ထိုအချိန်တွင် ဘေးနားတွင် ငြိမ်နေသော ကလေးငယ်က ထငိုလိုက်သည်။

“ဒါနဲ့ . . . ကလေးနာမည်ကို ဘယ်လိုပေးမလဲ စဉ်းစားထားကြပြီလား”

“နီနီရိန်”

ကြည်ကြည် က သမီးငယ်လေးမျက်နှာကို ကြည့်ကာ ခေါ်လိုက်၏။

“ကျွန်မ စဉ်းစားထားတဲ့ နာမည်ပဲ . . . ကွန်မြူနစ်ပါတီရဲ့ တိုက်ပွဲတွေထဲကနေ ကျောက်နီမော်မှာ မွေးလာတဲ့ ကလေးလေး . . . ထားဝယ်ရေဝန် ဦးဒါ ခေါ် မင်းကျော်သူရိန် ရဲ့ မျိုးဆက် . . . နီနီရိန် . . . နီနီရိန်”

မောင်ရိန်က သမီးငယ်ကို ကြည့်ကာ ပြုံးလိုက်သည်။

“နီနီရိန်”

သူ့နာမည်ကို အသိအမှတ်ပြုသည့်အလား . . . ငိုနေသော ကလေးငယ်မှာ တခစ်ခစ်ရယ်တော့၏။

ခက်ဇော်

အခန်း ၁၅ ကို ဆက်လက်ဖတ်ရှုရန် >>>