ဝန်ကြီးချုပ် ဟွန်ဆန် နုတ်ထွက်ပြီးနောက် ကမ္ဘောဒီးယားသည် ပိုမို၍ ဒီမိုကရေစီ လမ်းကြောင်း ပေါ် သို့ ရောက်ရှိလာမည် သို့မဟုတ် အနောက်နိုင်ငံများနှင့် ပိုမိုရင်းနှီးလာစေမည် စသည့် မျှော်လင့်ချက်များ သည် လွဲမှားနေကြောင်း အတိုက်အခံခေါင်းဆောင် ဆမ်ရိန်းဆီ က ပြောကြားလိုက်သည်။
ဆယ်စုနှစ် လေးစုနီးပါး သဘောထားတင်းမာသော အုပ်ချုပ်မှုအပြီးတွင် ရာထူးမှ နုတ်ထွက်ကာ ၎င်း၏ အကြီးဆုံး သားဖြစ်သူ ဟွန်မနက်အား အာဏာ လွှဲပြောင်းပေးမည်ဟု ကမ္ဘာ့သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ဟွန်ဆန်က ယခု သီတင်းပတ်တွင် ကြေညာခဲ့သည်။
ခမာနီတပ်သားဟောင်း ဖြစ်ခဲ့သည့် ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့ပြီး ၎င်း၏အာဏာတည်မြဲစေရန် ပြိုင်ဘက်ပါတီများကို ပိတ်ပင်ထားခြင်း ၊ စိန်ခေါ်သူများကို အတင်းအကျပ် ထွက်ပြေးစေခြင်း ၊ နိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ထားခြင်း စသည့် နည်းလမ်းများဖြင့် ဆန့်ကျင်သူအားလုံးကို ဖယ်ရှားလေ့ ရှိသည်။
“တချို့လူတွေက ဟွန်မနက်ဟာ သူ့အဖေထက် ပိုကောင်းမယ်၊ စစ်အစိုးရက ပိုကောင်းလိမ့်မယ်၊ ကမ္ဘောဒီးယားပြည်သူတွေ ပိုလွတ်လပ်လာမယ်လို့ ထင်နေကြတယ်။ အစိုးရသစ်က အနောက်နိုင်ငံအပေါ် ခါးသီးမှုတွေ လျော့လာစေမယ့်အပြင် တရုတ်ဆီကနေလည်း ခွာနိုင်လာလိမ့်မယ်လို့ ယုံကြည်နေကြတယ်” ဟု ပြည်နှင်ဒဏ်ခံ အတိုက်အခံခေါင်းဆောင် ရိန်းဆီက ၎င်းအခြေချရာ ပဲရစ်မြို့တွင် AFP နှင့် အင်တာဗျူးတစ်ခု တွင် ယခုလို ပြောကြားခဲ့သည်။
“ဒါက ထင်ယောင်ထင်မှား သက်သက်လို့ ထင်ပါတယ်”
ဆွေစဉ်မျိုးဆက် အာဏာရယူလိုသည့် ဟွန်ဆန်
ရိန်းဆီ သည် အတိုက်အခံ ၊ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ၏ ခေါင်းဆောင်ဖြစ်ပြီး သူသည် နိုင်ငံရေလှုံ့ဆော်သည်ဟုဆိုကာ စွပ်စွဲထားမှုများကို ရှောင်ရှားရန် ပြင်သစ်တွင် လက်ရှိနေထိုင်နေသည်။
ဟွန်ဆန်သည် ၎င်း၏ အာဏာစနစ် ကို ထိန်းသိမ်းနိုင်ရန် ဝန်ကြီးချုပ်ရာထူးကို သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် ကြယ်လေးပွင့် ဗိုလ်ချုပ် ဟွန်မာနက်ထံ လွှဲပြောင်းပေးမည်ဟု ၎င်း၏ ပြောကြားခဲ့မှုလည်း ရှိသည်။
“ခေါင်းဆောင်တွေကို ကြိမ်ဖန်များစွာ ပြောင်းလဲနိုင်ပေမယ့် စနစ်က အရင်အတိုင်းပဲမို့ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ရိန်းဆီ က ဆိုသည်။
ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည် ပြီးခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲတွင် အားကောင်းသော အတိုက်အခံမရှိသည့် အခြေအနေကြောင့် အပြတ်အသတ် အနိုင်ရခဲ့ပြီး ၎င်း၏ သားအကြီးဆုံးကို ရာထူးဆက်ခံနိုင်ရန် လမ်းခင်းပေးလိုက်သည့် အနေအထား ဖြစ်နေကြောင်း ၊ အဆိုပါ ဖြစ်ရပ် ကို ဝေဖန်သူအချို့က မြောက်ကိုရီးယားနှင့် နှိုင်းယှဉ်ခဲ့ကြသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ အပါအဝင် အနောက်အင်အားကြီးနိုင်ငံများက အဆိုပါ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု မရှိဟု ရှုတ်ချခဲ့သည်။
သို့သော် ဟွန်ဆန်၏ ဆယ်စုနှစ်များစွာ အုပ်ချုပ်မှုအောက်တွင် နေထိုင်ဖြတ်သန်းရင်းကိုပင် ကမ္ဘောဒီးယားပြည်သူများ၏ ဒီမိုကရေစီ ပိုမိုရရှိလိုသော ဆန္ဒသည် တည်ငြိမ်နေဆဲဖြစ်ကြောင်း ရိန်းဆီ က ပြောသည်။
“ကမ္ဘောဒီးယားပြည်သူတွေ အတွက် ပိုလွတ်လပ်ပြီး ပိုတရားမျှတတဲ့ စနစ်သစ်တစ်ခုရှိဖို့၊ တိုတိုပြောရရင် ဒီမိုကရေစီရရှိဖို့ အတွက် ကမ္ဘောဒီးယားပြည်သူတွေရဲ့ဆန္ဒကို ဘယ်အရာကမှ တွန်းလှန်နိုင်မှာမဟုတ်ဘူးလို့ ကျွန်ုပ်ထင်ပါတယ်” ဟု ရိန်းဆီ က မှတ်ချက်ပြုခဲ့သည်။
“ကမ္ဘောဒီးယားမှာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် တစ်ခုတည်းသော အတားအဆီးကတော့ ဟွန်ဆန်နဲ့ သူ့ရဲ့ မျိုးရိုးစဉ်ဆက် ဆက်ခံရေးစနစ်ကို စတင်ပြီး နိုင်ငံရေးမင်းဆက် တစ်ခုကို ဖော်ဆောင်ချင်နေတဲ့ အစီအစဉ် ပါပဲ။ အာဏာရပါတီထဲမှာတောင် သက်ဆိုင်သူတွေက အဲ့လိုပဲ ခံစားနေရပါတယ်” ဟု ၎င်းက ပြောရင်း “ကျွန်ုပ်တို့အားလုံး ဒီမိုကရေစီကို လိုချင်ကြပါတယ်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။
‘ဖုန်ထူထူကြားက တော်လှန်မီးခြစ်ဆံတစ်ချောင်း’
ဟွန်ဆန်အနေနှင့် ကမ္ဘောဒီးယားတွင် အတိုက်အခံခေါင်းဆောင်၏ တည်ရှိမှုနှင့် ပတ်သက်ပြီး ကြောက်ရွံ့နေသည့် အတွက် ၎င်း၏ ပြည်တော်ပြန်ခရီးစဉ်ကို အစိုးရက ပိတ်ပင်ထားကြောင်း ရိန်းဆီက ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားကို ပြန်သွားမယ်ဆိုရင် သူ့အစိုးရအတွက် အန္တရာယ်ရှိမယ်ဆိုတာ ဟွန်ဆန်သိတယ်။ ဆိုလိုတာက ကမ္ဘောဒီးယားပြည်သူတွေဟာ ခေါင်းဆောင်တစ်ယောက်၊ အနည်းဆုံး ရှေ့ဆောင်လမ်းပြ ဖြစ်လာနိုင်မယ့် ခေါင်းဆောင်တစ်ယောက် ထကြွလာဖို့ အခွင့်အရေးကို စောင့်မျှော်နေတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်ုပ်က အဲ့ဒီ တော်လှန်မှုရဲ့ သင်္ကေတဖြစ်ပြီး တော်လှန်ရေးပြယုဂ်က ကမ္ဘောဒီးယားမြေမှာ တည်ရှိနေရတဲ့ အနေအထားက ဖုန်ထူထူ ကန်ထဲမှာ ထည့်ထားတဲ့ မီးခြစ်ဆံ တစ်ချောင်း လိုပါပဲ” ဟု ၎င်းက ဆိုသည်။
“မတရားမှုဒဏ်ကို ခံစားနေကြရသော ၊ လစာအင်မတန် ချို့ငဲ့သော ကမ္ဘောဒီးယားစစ်တပ်” ကလည်း ဤကဲ့သို့ လှုပ်ရှားမှုတွင် ပါဝင်မည်ဟု ထင်ကြောင်း ရိန်းဆီက ပြောသည်။
“သူတို့ (ကမ္ဘောဒီးယား စစ်တပ်)က ပြည်သူတွေနဲ့အတူ ရပ်တည်မှာဖြစ်ပြီး ဒါက ငြိမ်းချမ်းတဲ့ တော်လှန်ရေး၊ ဒီမိုကရေစီ အပြောင်းအလဲ စတာတွေက ကမ္ဘောဒီးယားမှာ ဘယ်လို ဖြစ်ပေါ်လာမလဲ ဆိုတာကို ပြသွားမှာပါ” ဟု ၎င်းက ဆိုသည်။
Transparency International ၏ အဂတိလိုက်စားမှုဆိုင်ရာ ခံယူချက်ညွှန်းကိန်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၀ တွင် ရှိနေသည်။
ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပြီးနောက် ဟွန်ဆန်သည် လွတ်တော် ဥက္ကဋ္ဌ ဖြစ်လာပြီး ဝန်ကြီးချုပ်သစ်အနေနှင့် နိုင်ငံရပ်ခြား ခရီးစဉ်များ ရောက်ရှိနေစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ဟွန်ဆန်က အဲ့ဒီမှာ ရှိနေဦးမှာပါ။ ကန့်လန့်ကာနောက်ကွယ်ကနေ ကြိုးတွေကို ဆက်ဆွဲသွားမှာပါ” ဟု ရိန်းဆီက ပြောကြားခဲ့သည်။
ဘာသာပြန် – ဒါလီ
Hopes for change in Cambodia ‘illusion’: Opposition leader by AFP, published on Channel News Asia ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။