BREAKING
February 28, 2025

တနင်္သာရီနှင့်ကျွန်းစုတွင် စစ်ကောင်စီတပ်က အမျိုးသားသုံးဦးကို ဖမ်းဆီး

August 1, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နှင့်ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီက တစ်ရက်အတွင်း အမျိုးသားသုံးဦး ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

တနင်္သာရီမြို့နယ်၊သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်ကုန်းရွာနေ အသက် ၄၂ အရွယ် ဇော်မင်း(ခ)လင်းလင်းဆိုသူမှာ ဇူလိုင်လ ၃၁ ရက်နေ့က တနင်္သာရီမြို့တွင် အဖမ်းခံခဲ့ရသည်။

၎င်းသည် တနင်္သာရီမြို့တွင် ဆေးဝယ်ပြီးရွာအပြန် အဖမ်းခံရသည်ဟု ဒေသခံများ ထံမှသိရသည်။

“သူ့သမီးအတွက် ဆေးသွားဝယ်တာ ဝယ်တဲ့ဆေးထဲမှာ အနာကျက်ဆေးပါလို့ဆိုပြီး အဖမ်းခံရတယ်လို့ သိရတယ်”ဟုဒေသခံအမျိုးသား ကပြောသည်။

၎င်းအဖမ်းခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီထောက်ခံသူအုပ်စု၏ တယ်ရီဂရန်ချန်နယ်တွင် အဖမ်းခံရသူသည် PDF တပ်အား ဆေးဝယ်ပေးခြင်း၊ဆေးကုပေးခြင်း ပြုလုပ်သည့် ဆေးမှူးဖြစ်သည်ဟု ရေးသားထားပြီး တနင်္သာရီမြို့ရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၅၀(ည)/၅၂(က)ဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။

အလားတူ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လယ်တောင်ရွာနေ စက်သုံးဆီနှင့်ကွမ်းယာရောင်းသူ အသက် ၆၆ နှစ်ရှိ အမျိုးသားတစ်ဦးသည်လည်း အဖမ်းခံခဲ့ရသည်။

ကျွန်းစုမြို့နယ်၊မိုင်းသွေးရွာတွင်လည်း မူးယစ်ဆေးသုံးစွဲထားသည့် အရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသေးသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များကမူ အဖမ်းခံရသူများသည် PDF နှင့်ပတ်သက်ကြောင်း ရေးသားခဲ့ကြသည်။

သို့‌သော် ဒေသခံများကမူ ၎င်းတို့သည် ယင်းသို့ပတ်သက်မှု မရှိဘဲ သာမန်အရပ်သားဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။

လက်ရှိတွင် သာမန်အရပ်သားများ ဖမ်းဆီးခံရမှုတို့အား စစ်ကောင်စီထောက်ခံသည့် တယ်လီဂရန်ချန်နယ်များက PDF နှင့်ပတ်သက်သည်ဟု ခေါင်းစဥ်အမျိုးမျိုးတပ်ကာ စိတ်ဓါတ်စစ်ဆင်ရေးအနေဖြင့် ရေးသားနေသည်ကို တွေ့မြင်ရကြောင်း တနင်္သာရီမြို့နေ ဒေသခံအချို့က မှတ်ချက်ပေးသည်။