BREAKING
January 2, 2025

လောင်းလုံးတွင် လုံခြုံရေးအရှိန်မြှင့်မည်ဟု PDF ထုတ်ပြန်ပြီး‌နောက် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်

July 1, 2024

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လောင်းလုံးမြို့နယ်တွင် လုံခြုံရေးအရှိန်မြှင့် ဆောင်ရွက်မည်ဟုထုတ်ပြန်ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သည်။

လောင်းလုံးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်တစ်ရက်ဖြစ်သည့် ယနေ့ ဇူလိုင်လ ၁ရက် နံနက် ၁၀နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် သဖြင့် ပန်းဒလဲရွာတွင်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ကျရောက်ပေါက်ကွဲပြီး လူငယ်အမျိုးသားတစ်ဦးနှင့် ကလေးနှစ်ဦး ကျည်စထိမှန်ဒဏ်ရာရကာ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးကြောင်း ၎င်းက ဆိုသည်။

ဒဏ်ရာများမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

အဆိုပါလက်နက်ကြီးများသည် သဲပုံတောင် စစ်ကောင်စီတပ်စခန်းနှင့် ထားဝယ်မြို့ရှိ အကောက်အခွန်ဌာနတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်တို့က ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီဖြင့် ပစ်ခတ်စဉ် လောင်းလုံး-ထားဝယ်လမ်းပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်မှုများရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက အချိန်မရွေး စစ်ဆေးဆောင်ရွက်မည်ဖြစ်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် ကြည်ဖြူစွာစစ်ဆေးမှုခံယူရန်နှင့် Boycott ပြုလုပ်ထားသည့် စစ်တပ်ထုတ်ကုန်များတွေ့ရှိပါက သိမ်းဆည်းအရေးယူမည် ဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် မြို့နယ်အတွင်း လှုပ်ရှားသွားလာလျှက်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ခရီးသွားပြည်သူများ အနေဖြင့် လည်း နယ်မြေလုံခြုံရေးဆောင်ရွက်မှုကို ပူးပေါင်းပါဝင် လိုက်နာကြရန်လည်း ထုတ်ပြန်ချက်တွင်ထည့်သွင်း ရေးသားထား သည်။