BREAKING
January 2, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်း စစ်ကြောင်းထပ်ထိုး၊ ရွာငါးရွာက ဒေသခံများတိမ်းရှောင်

July 1, 2024

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ထပ်မံ စစ်ကြောင်းထိုး ဝင်လာသောကြောင့် ကျေးရွာငါးရွာက ဒေသခံပြည်သူများ အရေးပေါ် တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဇူလိုင်လ ၁ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ် အင်အားတစ်ရာကျော် စစ်ကြောင်းထိုးဝင်လာသောကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ဧကနိ၊ ဝါးဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။

ထိုစစ်ကြောင်းသည် ယနေ့ မွန်းလွဲပိုင်းတွင်း ခမောင်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရှောင်နေရတာက ဒီအနားက ရွာတွေအကုန်ပဲ။ ရှောင်နေရတာ ရိက္ခာကတော့ လောလောဆယ် ကိုယ့်အိမ်က ကိုယ်ယူလာကြပြီး စားသောက်နေတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၃၀ ရက်တွင် ပုဂေါဇွန်းရွာသို့ ရောက်ရှိလာပြီး တစ်ညအိပ်ပြီးနောက် ဧကနိကျေးရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ယနေ့ ညနေပိုင်းအထိ ပစ်ခတ်ထိတွေ့မှု မရှိသေးသော်လည်း ဧကနိကျေးရွာအုပ်စု၏ အနောက်မြောက်ဘက် ခေါင်ပြင်ရွာ ဘက်တွင် ယနေ့ နေ့လယ်ပိုင်းက ပစ်ခတ်ပေါက်ကွဲသံ၊ လက်နက်ကြီးပစ်ခတ်သံများ ကြားကြရကြောင်း ထွက်ပြေးတိမ်းရှောင် နေသည့် အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

ရေတပ်စစ်သင်္ဘောက ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၇ ရက်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို နှစ်ကြိမ် စစ်ကြောင်းထိုးလာသည်ကို တွေ့ရသည်။

ပထမအကြိမ် စစ်ကြောင်းထိုးလာသည် တစ်ပတ်အတွင်း မူးဒူးရွာတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ကာ
မူးဒူးရွာသား အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့သလို နေအိမ် သုံးဆောင်မှာလည်း မီးလောင်ပျက်စီးခဲ့သည်။

ထိုစစ်ကြောင်း ပြန်ထွက်သွားစဉ် နဘုလယ်ဒေသခံ ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့‌သော်လည်း ပြန်လွှတ်ပေးခဲ့သည်။

ဇွန်လ ၃၀ ရက်ကစပြီး ဒုတိယအကြိမ် ပြန်လည်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

စစ်ကြောင်းပြန်ဝင်လာသောကြောင့် နဘုလယ်ဒေသဖြစ်သည့် လဲရှောင်၊ ထိန်ကြီး ကျေးရွာများမှ ဒေသခံများလည်း အခြေအနေစောင့်ကြည်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခမောင်းချောင်းဘက် ရောက်နေတယ်ဆိုပေမယ့် ဒီဘက်ပြန်မလာဘူးလို့‌ မပြောနိုင်ဘူး။ အချို့ရွာသားတွေ ရွာမှာ မနေကြတော့ဘူး။ အချို့ကလည်းစောင့်ကြည့်နေကြတယ်” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ထားဝယ်အထူးစီးပွားရေဇုန် ပြန်လည်စတင်နိုင်ရန် ရှရှားအစိုးရနှင့် သဘောတူထားသည့်သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်‌ပေါ်လာပြီးနောက် ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများလည်း ခပ်စိပ်စိပ်လုပ်လာနေကြောင်း ဒေသခံတို့က ဆိုသည်။