BREAKING
January 2, 2025

ထားဝယ်ဒေသရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ်တစ်ရာရိက္ခာစုဘူး ကမ်ပိန်းလုပ်မည်

July 1, 2024

ဓာတ်ပုံ - ဂိမှာန်

ထားဝယ်ခရိုင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်တစ်ရာ ရိက္ခာစုဘူး ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သည့် ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကော်မတီထံမှ သိရသည်။

ကမ်ပိန်းကာလကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ သတ်မှတ်ထားသည်။ ထားဝယ်ခရိုင်တွင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း လေးမြို့နယ်ပါဝင်သည်။

ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ် ၊ ၁၂ ပြည်တစ်အိတ် လျှင် ၆၅,၀၀၀ကျပ် ၊ ၆ ပြည်တစ်အိတ်လျှင် ၃၂,၅၀၀ ကျပ် နှုန်းဖြင့် ဂိမှာန်ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်တိုက်ရိုက်ဆက်သွယ်ကူညီနိုင်ကြောင်း ယင်းကော်မတီ၏ တာဝန်ရှိသူ ကိုဝဏ္ဏက ပြောသည်။

ထားဝယ်ဒေသတွင် တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့်နယ်မြေများကို စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့် ကန့်သတ်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။

“ပြည်သူတွေအနေနဲ့ အခက်ခဲတွေဖြစ်တယ်။ ကုန်စျေးနှုန်းတွေဆိုရင်လည်း အဆမတန် ပေးဝယ်နေရတယ်။ လာမယ့် ပွင့်လင်းရာသီ ထားဝယ်ဒေသမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့အလားလာတွေ တွေ့ရတယ်။ ရက်ရှည်စစ်ရှောင်ရမယ့် အခြေအနေတွေလည်းရှိလာနိုင်တယ်။ အဲဒီအခက်အခဲတွေအတွက် ကြိုပြီး ဆန်နဲ့အခြားရိက္ခာတွေကြိုပြင်ဆင်ဖို့အတွက် စီစဥ်ဖြစ်တာပါ” ဟု ကိုဝဏ္ဏက ပြောသည်။

ထားဝယ်ခရိုင်အတွင်းတွင် ယခုနှစ်ဝက်ကာလအတွင်း ထိတွေ့ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်သည့်ဒေသများကို အင်တာနက်နှင့် ရိက္ခာဖြတ်တောက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။