BREAKING
October 19, 2024

CI စခန်းများကို ပိတ်မည်ဟု ထိုင်းဘက်ကထုတ်ပြန်၊ မြန်မာဘက်က မညွှန်ကြားသေးဟုဆို

July 1, 2024

ပုံစာ - ဖေဖော်ဝါရီလက စမုပကန် CI စခန်းတွင် CI စာအုပ်လာလုပ်နေကြသော မြန်မာနိုင်ငံသားများ။

ထိုင်းနိုင်ငံရောက် မြန်မာများကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးသည့် စခန်းများကို ဇူလိုင်လ ၇ ရက်တွင် အပြီးပိတ်သိမ်းပြီး ရပ်နားသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက စာထုတ်ညွှန်ကြားထားသည်။

မြန်မာစစ်ကောင်စီဘက်က စခန်းအားလုံးကို ပိတ်သိမ်းရန် တောင်းဆိုလာသဖြင့် CI စခန်းများကို အပြီးပိတ်သိမ်းတော့မည် ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ဇွန်လ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

စာအရဆိုလျှင် လက်ရှိ CI စာအုပ် ထုတ်ပေးလျက်ရှိသော မဟာချိုင်၊ စမွတ်ပရကန်၊ ပထုံဌာနီ၊ ချွန်ဘူရီ၊ စူရတ်ဌာနီနှင့် ချင်းမိုင်ခရိုင်များရှိ CI စခန်း ၆ ခုစလုံးကို ပိတ်သိမ်းသွားမည်ဖြစ်သည်။

မြန်မာဘက်က လာမည့် ဇူလိုင်လ ၆ ရက်အထိ တစ်ပတ်ဖွင့်လှစ်သွားရန် CI စခန်းများကို ညွှန်ကြားထားပြီး ဇူလိုင်လ ၇ ရက်နောက်ပိုင်း ပိတ်သိမ်းရန်မူမညွှန်ကြားထားသေးကြောင်း စူရတ်ဌာနီနှင့် မဟာချိုင်ရှိ CI စခန်းများထံမှ သိရသည်။

“အမှန်တိုင်းပြောရရင် ကျွန်မတို့ကို ဒီတစ်ပတ်ဖွင့်ဖို့ပဲ ညွှန်ကြားထားသေးတယ်။ နောက်တစ်ပတ်မှာ ဘာဆက်ဖြစ်မလဲ မသိသေးဘူး။ စခန်းပိတ်ဖို့ ပစ္စည်းတွေ သိမ်းဖို့ ဘာမှ မညွှန်ကြားလာသေးတော့ တိတိကျကျ ပြောလို့မရသေးဘူး” ဟု စူရတ်ဌာနီ CI စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် CI စာအုပ် လာလုပ်သော မြန်မာအလုပ်သမားအရေအတွက် နည်းပါးလာနေကြောင်း ၎င်းက ဆိုသည်။

CI စခန်းများ ပိတ်သိမ်းမည်ဆိုသည့် ထိုင်းဘက်က ညွှန်ကြားစာနှင့်ပက်သက်၍ သိရှိနိုင်ရန် ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိထံ Dawei Watch က ယနေ့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သော ဖေဖော်ဝါရီလကတည်းက ထိုင်းနိုင်ငံရှိ CI စခန်း ၈ ခုကို ပုံမှန်အတိုင်း ဖွင့်လှစ်နေရာမှ ဇွန်လ ၁၉ ရက်နေ့မှ စ၍ ဆုန်ခလာနှင့် နခွန်စဝမ်ခရိုင်တို့ရှိ CI စခန်းနှစ်ခုကို ပိတ်သိမ်းခဲ့သည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) ပြုလုပ်ထားပြီး နိုင်ငံကူး လက်မှတ် မရှိသေးပါက CI စာအုပ်ပြုလုပ်ပြီး အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းမှသာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်၊ ခရီးသွားခွင့်များ ရရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် CI စာအုပ် မပြုလုပ်ရသေးသော မြန်မာအလုပ်သမားများအနေဖြင့် စခန်းများ ဖွင့်လှစ်နေသည့်အချိန်အတွင်း အချိန်မီ ပြုလုပ်ကြရန် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အပါအဝင် အလုပ်သမားအဖွဲ့အစည်းတို့က တိုက်တွန်းထားသည်။