BREAKING
January 11, 2025

ကျိုက်ထိုတွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့်အမှုဖွင့်

July 1, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက သေဒဏ်အထိပြစ်ဒဏ်ချမှတ် နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်လိုက်ကြောင်း အဆိုပါအဖွဲ့ဝင်တို့နှင့် နီးစပ်သူတို့က ပြောသည်။

ကျိုက်ထိုမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ဝင်လေးဦးနှင့် ၎င်းတို့၏ မိတ်ဆွေ လေးဦးတို့ကိုဇွန်လ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အင်အားအလုံးအရင်းဖြင့် နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ခြင်း၊ စစ်ကောင်စီသတင်းများကို PDF ထံ ပေးပို့နေသည်ဆိုသည့် စွပ်စွဲချက်တို့ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် လေးဦးတွင် ဦးမြအောင်နှင့် ၎င်း၏ သမီးဖြစ်သူ မချောစုရတနာ၊ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ ပါဝင်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးခံရကတည်းက ၎င်းတို့နှင့် အဆက်အသွယ်မရဘဲ ဇွန်လနောက်ဆုံးအပတ်တွင်မူ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ၊ ၅၄ တို့ဖြင့် အမှုဖွင့်လိုက်သည်ဟု သိရှိရကြောင်း နီးစပ်သူတို့က ပြောဆိုသည်။

“သူတို့ကို ဖမ်းသွားကတည်းက ဘာအဆက်အသွယ်မှ မရဘူး။ ၂ ပတ်လောက်ကြာတဲ့အချိန်မှာ သူတို့ကို အကြမ်းဖက် ပုဒ်မ တွေ တပ်ပြီး အမှုဖွင့်ထားတယ်လို့သိရတယ်။ အသေးစိတ်တော့ ဘာမှ မသိရသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ဦးမြအောင် အပါအဝင် လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တို့တွင်လည်း ရေးသားဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များကို မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို မသိရှိရသေးသလို့ ၎င်းတို့နှင့် အတူ ဖမ်းဆီးခံရသည့် အမျိုးသား လေးဦးနှင့် ပတ်သက်သည့် အချက်အလက်များ လည်း မသိရှိရသေးကြောင်းလည်း ဖမ်းဆီးခံရသူတို့နှင့် နီးစပ်တို့က ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်တွင် အရက်ထိုင်သောက်နေကြသည့် လူငယ် ငါး ဦးကို စစ်ကောင်စီတပ်ကပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ် တစ် ဦးသေဆုံးပြီး ကျန် လေးဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးကြောင်း မြို့ခံတို့ထံမှ သိရသည်။

PDF ကို သတင်းပေးသည်၊ ငွေကြေးနှင့် ရိက္ခာထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်တို့ဖြင့် မွန်ပြည်နယ် အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားမှု အားကောင်းသည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်အတွင်းက ဒေသခံပြည်သူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ဒုတိယအပတ်အတွင်းကလည်း ပေါင်ဒေသခံ လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားသည်။