BREAKING
September 8, 2024

မြစ်ကြီးနားတွင် စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်ပြီး ရေကြီး၊ မြို့နယ်ခြောက်ခုကို ရေဘေးသတိပေးချက်ထုတ်

July 1, 2024

ဓာတ်ပုံ - CJ

မိုးသည်းထန်စွာရွာသွန်းသဖြင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်လွန်ရောက်ရှိနေပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရေကြီးနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှထံမှ သိရသည်။

ယနေ့ ဇူလိုင် ၁ ရက် မွန်းလွဲ ၁နာရီခွဲတွင် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်နေပြီး နောက်နှစ်ရက်အတွင်း နှစ်ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်းလည်း ဖော်ပြသည်။

မြစ်ရေတက်နှုန်းမှာ တစ်နာရီလျှင် သုံးလက်မရှိနေကြောင်းလည်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး၏ လူမှုကွန်ရက်အကောင့်တွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။

ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် မြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးဇလက တိုက်တွန်းထားသည်။

မိုးသန်းထန်စွာရွာသွန်းခြင်းကြောင့် ဇွန်လ ၃၀ရက်ကတည်းက မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များကို ရေစဝင်ပြီး ယနေ့ နံနက် အစောပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များတွင် ရေကြီးလာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

နေအိမ်များတွင် ပိတ်မိနေသူများစွာ ရှိနေပြီး အရေးပေါ်ကယ်ထုတ်ရန် စက်တပ် အသက်ကယ်လှေများလိုအပ်နေကြောင်း ဖော်ပြသည်။

မြစ်ကြီးနားအပြင် ဝိုင်းမော်၊ ချီဖွေ၊ တနိုင်း မြို့နယ်များတွင်လည်း ရေကြီးရေလျှံနေကြောင်း သတင်းများတွင်ဖော်ပြသည်။

ကချင်ပြည်နယ်တွင် စစ်ရေးပြင်းထန်နေသဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် များလည်း ရေဘေးဒဏ်ခံနေရသည်။

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင်လည်း စိုးရိမ်ရေအမှတ်အောက် ငါးပေခန့်သို့ ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် ထုတ်ပြန်ထားသည်။

ရွှေကူမြို့တွင်လည်း စိုးရိမ်ရေအမှတ်အောက် ငါးပေခွဲခန့်သို့ ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခန္တီးမြို့တွင်လည်း စိုးရိမ်ရေအမှတ်အောက် တစ်ပေခွဲခန့်သို့ ရောက်ရှိနေပြီး နောက် ခြောက်နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဆိုသည်။

ဟုမ္မလင်းမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် သုံးပေခွဲခန့်သို့ ရောက်ရှိနေပြီး နောက် တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဖောင်းပြင်တွင်လည်း စိုးရိမ်ရေအမှတ်အောက် ခုနစ်ပေခွဲကျော်သို့ ရောက်ရှိနေပြီး နောက် နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြသည်။

No related posts found.