ထားဝယ်ခရိုင်တွင် သံဃာတော်များ စစ်ကောင်စီအား ဇွန်လ ၃ဝ ရက် မွန်းလွဲပိုင်းက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားမှုပြုလုပ်သည်။
အဆိုပါလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများတွင် သံဃာတော်များက ဘုရားသိမ်တစ်ခု၌ ကံပြုနေသည့်ပုံနှင့် ပြည်ထောင်စုလမ်းမကြီးတစ်နေရာတွင် စီတန်းလှည့်လည်ချီတက်နေသည့် ပုံများပါဝင်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မှုသည့် ဖြစ်ရပ်ဖြစ်ပြီးနောက် ဇွန်လနောက်ဆုံးပတ်တွင် စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားမှုစတင်ခဲ့သည်။ ယခု ထားဝယ်ခရိုင်တွင်ပါ စတင်လှုပ်ရှားလာခြင်း ဖြစ်သည်။
ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားသည့် သံဃာတော်များကို ချိတ်ဆက်ရန် လုပ်ဆောင်နေကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး သပိတ်လှုပ်ရှားမှု ကော်မတီ DDMSC စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။
“ဆရာ၊ တကာ ညီညီညွတ်ညွတ် ချီတက်ရအောင်ပေါ့ဗျာ။ အဓိက ရဟန်းသံဃာတွေ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်တဲ့အခါ တကာ၊တကာမတွေဖြစ်တဲ့ ပြည်သူတွေက ဝန်းရံပေးဖို့လိုတယ်” ဟု ၎င်းက ပြောဆိုသည်။











ပြည်သူလူထုအပေါ် နှိပ်စက်သတ်ဖြတ်နေသည့် စစ်ခေါင်းဆောင်များကို ရွှေဝါရောင်စိတ်ဓာတ်ဖြင့်၊ ဝိနည်းသိက္ခာပုဒ်နည်းဖြင့် သပိတ်မှောက်ကြရန် သံဃာတော်များအား ၂ဝ၂၂ခုနှစ် စက်တင်ဘာလ ကတည်းက DDMSC အနေဖြင့် စာထုတ်၍လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင်အတွင်း လှုပ်ရှားသည့် အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီးများတွင် ရဟန်းသံဃာအချို့ပါဝင်ခဲ့သော်လည်း ယခုကဲ့သို့ ကံဆောင်သပိတ်မှောက်ခြင်း မရှိခဲ့ပေ။
ပတ္တနိက္ကုဇ္ဇနကံဆောင်လှုပ်ရှားမှုကို စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မုံရွာ၊ ဒီပဲယင်း၊ အရာတော်၊ ဆားလင်းကြီး၊ ချောင်းဦး၊ တန့်ဆည်နှင့် မြိုင် စသည့် မြို့များတွင် ဇွန်လနောက်ဆုံးအပတ်တွင် စတင်လှုပ်ရှားခဲ့ကြသည်။