BREAKING
February 28, 2025

တနင်္သာရီလမ်းပိုင်းကို လုံခြုံရေးအရ အနီရောင်အဆင့်သတ်မှတ်ကြောင်း ပကဖထုတ်ပြန်

July 1, 2023

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်းမပြုရန် တားမြစ်ထားပြီး လက်ရှိတွင် လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ဇူလိုင်လ ၁ရက်တွင် ထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လက်နက်လူအင်အား ဖြည့်တင်းလာနေပြီး ပြည်သူ့ကာကွယ်ရေးအင်အားစုများဘက်ကလည်း လိုအပ်သည်များကို ပြင်ဆင်ထားကြောင်းဆိုသည်။

ယင်းနောက် နှစ်ဖက်စစ်ရေးတင်းမာမှု မြင့်တက်လာနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းနေရာများ၊ တနင်္သာရီ-ညောင်ပင်ကွင်း လမ်းပိုင်းနေရာများတွင် အထူးသတိပြုသွားလာရန် လိုအပ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် တနင်္သာရီမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ယာဉ်တန်းများ အနီးသွားလာခြင်းကို ရှောင်ရှားကြရန်နှင့် ကားများမှန်ချမောင်းနှင်ရန်လည်း အသိပေးထားသည်။

“အရင်က စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းထိုးရင် ခုနစ်ဆယ်၊ ရှစ်ဆယ်ပဲသုံးတယ်။ အခုက စစ်ကြောင်း တစ်ကြောင်းမှာ နှစ်ရာလောက် အသုံးပြုလာတာကို တွေ့ရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့က တနင်္သာရီမြို့နယ်၊ သိန္ဓောရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လမ်းတစ်လျှောက် ၄ ရက်တိုင်တိုင် အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိအခိုက်အကျအဆုံးများခဲ့သည်ဟု
တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဇွန် ၃၀ ရက် မနေ့ကလည်း ဘန်းလမွတ်ရွာအနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က PDF နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ဘေးရှောင်ဒေသခံ နေအိမ်သုံးလုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။