၁၉၉၂ ခုနှစ် ဝန်းကျင်လောက်ကပေါ့။ အဲဒီအချိန်တုန်းကဆိုရင် ထားဝယ်စပါး အရောင်းအဝယ်ဈေးကွက်မှာဆိုရင် ဘယ်သူမှ ၁၄ ပြည်တင်းထက် ပိုမရောင်းကြပါဘူး။
ဝယ်တဲ့သူတွေကလည်း ၁၄ ပြည်ထက် မပိုရဲကြဘူးပေါ့လေ။ တကယ်လို့ စပါးဝယ်တောင်းကို စစ်ကြည့်လို့ ပိုနေတယ်ဆိုရင် ဈေးပိုပေးရင်ပေး ပိုမပေးရင် အရောင်းအဝယ် ပျက်တာပဲ။ လယ်သမားတွေရဲ့ခေတ်ပေါ့။ စပါးတောင်းလည်းမှန် ဈေးလည်းမှန် ကြိုက်တဲ့သူကို ရွေးရောင်းလို့ ရပါတယ်။ အဲဒီအချိန်တုန်းက လယ်သမားတွေဟာ လယ်တစ်ခုတည်းလုပ်ပြီး မိသားစုအတွက် စားဝတ်နေရေး ပြေလည်စေခဲ့တယ်။
ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာပေါ့။ အဲဒါကြောင့်လည်း လယ်ကို အားကြိုးမာန်တက် လုပ်ကိုင်ခဲ့ကြတယ်။ စပါးအထွက်နှုန်း အားကောင်းစေရန် နွေရာသီဆို နုန်းမြေတွေတင်ကြတယ်။ မျိုးစပါးဆိုးလည်း မျိုးကွဲမပါစေရန် သေသေချာချာ ရွေးကြတယ်။ စပါးများများရဖို့အတွက် ကုန်ကျစရိတ်များများ ထည့်ကြထားပေါ့။
အခုတော့ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ စပါးတင်းတွေကလည်း အဆမတန်ကြီး စပါးဈေးကနည်း၊ အရောင်းအဝယ် ဈေးအကွက်မှာကလည်း ပွင့်လင်းမြင်သာမှု မရှိ။ စပါးတင်းတိုက်ကြည့်လိုက်လို့ ၁၆ ပြည်ပြောရင် ၁၇ ပြည်၊ ၁၇ ပြည်ပြောရင် ၁၈ ပြည် ရှိနေတာပဲ။ အခုဆို ၁၉ ပြည်တောင် ရှိနေပြီ။ ထားဝယ် ၄ မြို့နယ်မှာ နေရာဒေသအလိုက် အရောင်းအဝယ်ပုံစံက ကွဲပြားကြတော့ ကြားထဲမှာ မှန်မှန်ကန်ကန်ရောင်းဝယ်တာ မရှိဘူးပေါ့။
တချို့နေရာမှာ တောင်းနဲ့ ဝယ်သလို တချို့နေရာတွေမှာလည်း ဒန်ပုံးနဲ့ ဝယ်တာတွေပေါ့။ အစိုးရကလည်း အရောင်းအဝယ်ပုံစံ ပြည်ရေသတ်မှတ်ချက် မရှိဘူးဆိုတော့ ဝယ်သမားကလည်း ဝယ်ချင်တာနဲ့ဝယ် ရောင်းသမားကလည်း ရောင်းချင်တာနဲ့ ရောင်းပေါ့။ စပါးဈေးကျလို့ အရောင်းအဝယ်မကောင်းတဲ့အချိန်ဆို ဝယ်သူတွေက စပါးတင်းကြီးနဲ့ ဝယ်တော့တာပဲ။ စပါးဈေးလေးတက် အရောင်းလေးသွက်လာမှ ရောင်းသူတွေဘက်က နည်းနည်းဈေးကိုင်လို့ စပါးတင်းငယ်ငယ်နဲ့ ရောင်းရတဲ့အချိန်လည်း ရှိတာပေါ့လေ။
အခုဆို စပါးဈေးတက်တဲ့ အချိန်ဆိုတာ မရှိသလောက်နဲသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဓိကက ဆန်စပါး အရည်အသွေး မပြည့်မီတာပဲ။ အခုဆို တစ်နှစ်ထက်တစ်နှစ် ထားဝယ်မှာ ရန်ကုန်ဘက်ကလာတဲ့ ဆန်တွေကို စားသုံးသူတွေ ပိုများလာတာ တွေ့ရတယ်။ ရန်ကုန်ဘက်ကဆန်က လှပြီးအရည်အသွေးပြည့်မီတော့ ဆန်ဆိုင်တွေမှာ အရောင်းသွက်တယ်။ ထားဝယ်ဆန်က ရုပ်ဆိုးပြီး အရည်အသွေးမမီတော့ စပါးစက်လုပ်ငန်းရှင်တွေတောင်မှ ဆန်ဆိုင်တွေကို မျက်နှာငယ်နဲ့ရောင်းနေရတယ်။
တကယ်တော့ အဓိကပြဿနာက ဆန်အရည်အသွေးပဲ။ မြန်မာတစ်ပြည်ထဲမှာတောင် ရန်ကုန်ဘက်ကလာတဲ့ဆန်နဲ့ ထားဝယ်ဆန်က လာလို့ဒီလောက် အရည်အသွေး ကွာသွားရလဲဆိုတာ စဉ်းစားစရာပေါ့။
ဆန်စပါးဆိုတာ လှပြီးအရည်အသွေးပြည့်မီဖို့ဆိုရင် စပါးထုတ်လုပ်သူ လယ်သမားတွေဘက်ကလည်း အရေးကြီးသလို ဆန်ထုတ်လုပ်သူတွေဘက်ကလည်း အရေးကြီးပါတယ်။ ထားဝယ်မှာက ဆန်လှအောင် ထုတ်လုပ်နိုင်တဲ့ အဆင့်မြင့်စက်ကြီးတွေ မရှိသလို စပါးအရည်အသွေးပြည့်မီအောင် မထုတ်လုပ်နိုင်တဲ့ လယ်သမားတွေကြောင့်လည်းပါတယ်။
အခုအချိန်မှာ လယ်သမားတွေက လယ်သမားတစ်ဦးတည်းလုပ်လို့ စားဝတ်နေရေးမပြေလည်လေတော့ လယ်ကို အင်တိုက်အားတိုက် မလုပ်ကြတော့ဘူး။ အရင်းအနှီးလည်း သိပ်မထည့်ကြတော့ဘူး။ နုန်းမြေတင်တာဆို ဝေလာဝေး။ မျိုးစပါးဆိုလည်း အဆင်ပြေသလို လုပ်နေလုပ် နေကြတယ်။ ဒီလိုနဲ့ပဲ လုပ်လို့မရ မရလို့မလုပ်ဖြစ်လာကြတာပေါ့။ တချို့ဆို လယ်ကိုပစ်မရလို့ လုပ်နေရတာလို့တောင် ပြောလာကြတယ်။
အဲဒီတော့ ထားဝယ်ဆန်စပါး အရည်အသွေးကို ဈေးကွက်မှာ ရင်ဘောင်တန်းနိုင်အောင်အစိုးရဘက်က ဘယ်လိုမြှင့်တင်ပေးမလဲပေါ့။
ကျွန်တော့်အမြင်ပြောရရင် ထားဝယ်မှာ စားသုံးသူများပြီး နာမည်ကြီးနေတဲ့ ရန်ကုန်ဆန်တွေလို မျိုးရအောင် မျိုးစပါးတွေကို လယ်သမားတွေဆီ ချပေးဖို့ လိုပါတယ်။ ဒါကိုလည်းအစိုးရက ဆန်ကုန်သည်တွေ၊ လယ်သမားတွေနဲ့ ပူပေါင်းပြီး ဘယ်မျိုးစပါးက ဘယ်လိုမြေနေရာ မြေအနေအထားနဲ့ ကိုက်ညီတယ်ဆိုတာ နည်းစနစ်ပိုင်းကအစ ပေါင်းကူးလုပ်ဆောင်ပေးဖို့ရယ်၊ လယ်သမားတွေဘက်ကလည်း အရည်အသွေးပြည့်မီတဲ့ စပါးနှံဖြစ်ဖို့ စနစ်တကျ စိုက်ပျိုးကြမယ်ဆိုရင် နိမ့်ကျတဲ့ ထားဝယ်ဆန်စပါးဈေးကွက်ကို မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
လယ်တောသား