ထိုင်းနိုင်ငံ ၊ ကော့တောင်ကျွန်းတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေ ဘောလုံးပွဲကို မေလ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
ကော့တောင်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ပါဝင်သည့် ဘောလုံးအသင်း ၁၅ သင်းတို့က Koh Tao Athletic Sport Complex အားကစားကွင်းတွင် တစ်ရက်တည်း ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
ဘောလုံးအသင်းတစ်သင်းလျှင် အသင်းဝင်ကြေးအဖြစ် ဘတ် ၃၅ဝဝ ထည့်ဝင်ရပြီး ယင်းထည့်ဝင်ငွေကို စစ်ဘေးရှောင်ရန်ပုံငွေအတွက် အသုံးပြုမည်ဟု ပွဲစီစဉ်သူများထံက သိရသည်။
စစ်ဘေးရှောင်ရန်ပုံငွေအတွက် ဘတ် ၂ဝဝ တန် ကံစမ်းမဲလက်မှတ်များကို ရောင်းချခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ပထမဆု မော်တော်ဆိုင်ကယ်အပါအဝင် ဆုမဲအမျိုးအစား သုံးဆယ်ကျော်ကို ကံစမ်းမဲဖွင့်မည်ဖြစ်သည်။
ယခုကျင်းပသည့် ဘောလုံးပွဲမှာ ကော့တောင်ကျွန်းတွင် တတိယအကြိမ်ကျင်းပသည့် ရန်ပုံငွေဘောလုံးပွဲဖြစ်ပြီး ရန်ပုံငွေ ဘတ် တစ်သိန်းနှစ်သောင်းကျော်ရရှိကာ မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များထံ ကူညီထောက်ပံ့ရန် စီစဉ်နေကြောင်း ပွဲစီစဉ်သူတစ်ဦးကပြောသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဘောလုံးပွဲမှ ရရှိသည့် ရန်ပုံငွေများကိုလည်း စစ်ကိုင်း၊မွန်၊ကရင်နှင့် တနင်္သာရီဒေသများရှိ စစ်ဘေးရှောင်များထံ ထောက်ပံ့ပေးခဲ့သည်ဟု ပွဲစီစဉ်သူများထံကသိရသည်။