BREAKING
January 22, 2025

မြိတ်နှင့်ကော့သောင်းတွင် မိုးသည်း၍ သစ်ပင်များကျိုးကျ

June 1, 2024

ပုံစာ - မြိတ်မြို့နှင့်‌ေကာ့သောင်းမြို့တို့တွင် မေလ ၃၁ ရက် မိုးသည်းထန်သဖြင့် သစ်ပင်ကျိုးကျမှုများအားရှင်းလင်းရေးပြုလုပ်စဉ်။ ဓာတ်ပုံ - တိုင်းမီးသတ်ဦးစီးဌာန

မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် မေလ ၃၁ ရက် က မိုးသည်းထန်စွာရွာသွန်းသဖြင့် သစ်ပင်များကျိုးကျကာ နေအိမ်တစ်လုံးသစ်ကိုင်းပိခြင်းနှင့် လမ်းပိတ်ဆို့ခြင်း များဖြစ်ခဲ့ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကော့သောင်းမြို့ ၊ အဏ္ဏဝါရပ်ကွက် ပြည်တော်‌ေအးဘုရားအနီးတွင် မေလ ၃၁ ရက် မနက်ပိုင်းက ပျဉ်ထောင်သွပ်မိုးနေအိမ်တစ်လုံးပေါ်သို့ သရက်ပင်ကျိုးကျကာ ပိမိခဲ့ပြီး မီးသတ်တပ်ဖွဲ့များက သွားရောက်ရှင်းလင်းပေးခဲ့သည်။

ယင်းဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့ထံကသိရသည်။

မြိတ် နှင့် ကျွဲကူးကားလမ်းမပေါ်ရှိ စန္ဒဝတ်ကျေးရွာအုပ်စု ၊ ရွှေပေးရွာတွင်လည်း မေလ ၃၁ ရက် နေ့လယ်ပိုင်းက ညောင်ပင်တစ်ပင် လဲကျကာ ကားလမ်းပိတ်နေသဖြင့် သွားရောက်ရှင်းလင်းခဲ့ရကြောင်း မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

” မနေ့က မနက် ၁၁ လောက်ကတည်းကစရွာတယ် ။တစ်နေကုန်ရွာတယ်။ လေလည်းတိုက်တယ်။ အခုမနက်ကတော့ မိုးအုံ့နေတယ် ” ဟု မြိတ်မြို့ခံတစ်ဦးက ဇွန်လ ၁ရက်‌ နေ့လယ်ပိုင်း တွင်ပြောသည်။

ထားဝယ်မြို့ပတ်ဝန်းကျင်တွင်လည်း ယနေ့ ဇွန်လ၁ ရက် မနက်ပိုင်းတွင် မိုးရွာသွန်းခဲ့ပြီး နေ့လယ်ပိုင်းတွင် မိုးတိမ်ထူနေသည်ဟု ထားဝယ်မြို့နှင့် မြို့ပတ်ဝန်းကျင်နေထိုင်သူများကပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းတာချက်များအရ လွန်ခဲ့သည့်၂၄ နာရီအတွင်း မှတ်သားဖွယ်မိုးရေချိန်များအဖြစ် မြိတ်မြို့တွင် ၅ဒသမ၅၁ လက်မ ၊ ကော့သောင်းမြို့တွင် ၂ဒသမ၇၁ လက်မ နှင့် ထားဝယ်မြို့တွင် ၁ဒသမ၃၈ လက်မတို့အသီးသီး ရရှိခဲ့ကြောင်း ဇွန် ၁ ရက်နေ့လယ်ပိုင်းတွင်ကြေညာသည်။

မွန်၊ကရင်၊တနင်္သာရီ နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ ၁ ရက်မှစ၍ မုတ်သုန်မိုးများ စတင်ရွာတော့မည်ဖြစ်ပြီး မိုးပုံမှန်ရွာသွန်းနိုင်ရန်အတွက် မုတ်သုန်လေအားကောင်းကောင်းဖြင့်ဝင်လာသည်ကို စောင့်ရဦးမည်ဟု မိုးလေဝသလေ့သာသူ ဦးဝင်နိုင်က ခန့်မှန်းထားသည်။